ကလေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ သာမန်အဖျားကြီး၍ တက်ခြင်း Febrile Convulsion

0
189

ဒီနေ့ ပြောပြမှာကတော့ ကလေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ သာမန်အဖျားကြီး၍ တက်ခြင်း (febrile convulsion) အကြောင်း ဖြစ်ပါတယ်။

ကလေးမွေးကင်းစကနေစပြီး အသက်ကြီးသည်အထိ ဖြစ်ပေါ်တတ်တဲ့ အတက်ရောဂါမျိုးစုံရှိပြီး ရောဂါဖြစ်ပွားတဲ့ ဦးနှောက်အစိတ်အပိုင်းနေရာပေါ် မူတည်ပြီး အတက်‌ပုံစံတွေဟာလည်း လက္ခဏာမျိုးစုံ ကွဲပြားကြပါတယ်။

????ကလေးတွေမှာ တက်ရတဲ့ အဓိကအကြောင်းအရာတွေကတော့…

(၁) သာမန်အဖျားကြီး၍ တက်ခြင်း

(၂) ဦးနှောက်ထဲကို ပိုးဝင်သောကြောင့် တက်ခြင်းနဲ့

(၃) အတက်ရောဂါတို့ပဲ ဖြစ်ပါတယ်။

အဲဒီအထဲမှာမှ အဖြစ်အများဆုံးဖြစ်တဲ့ သာမန်အဖျားကြီး၍ တက်ခြင်း (febrile convulsion) အကြောင်းကို ပြောပြသွားမှာပါ။

????‍♂️ သာမန်အဖျားကြီး၍ တက်ခြင်း (febrile convulsion) ဆိုတာ ကလေးငယ်တွေ အဖျားကြီးတဲ့အချိန်မှာ ဖြစ်လေ့ရှိတဲ့ အတက်ရောဂါ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

????‍♂️ အသက်အရွယ်အားဖြင့် အသက် ၆ လ မှ ၆ နှစ် အတွင်းနဲ့ ကျား/မ အနေနဲ့ဆိုရင် ယောကျ်ားလေးတွေမှာ ပိုတွေ့ရလေ့ရှိပါတယ်။ ကလေး အယောက် ၂၀ မှာ ၁ ယောက်နှုန်း ဖြစ်တတ်ပြီးတော့ မေမေတို့အနေနဲ့ စိုးရိမ်ဖို့မလိုတဲ့ အတက်ရောဂါ ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။

????‍♂️ အဖျားကြီးပြီး တစ်ကြိမ်တစ်ခါ တက်ဖူးတဲ့ ကလေးအယောက် ၁၀၀ မှာ ၃၀ က နောက်တစ်ကြိမ် ထပ်တက်နိုင်ပါတယ်။ ဒါပေမယ့် ဒီအတက်ရောဂါ ပျောက်အောင်နဲ့ ထပ်မဖြစ်လာအောင် ကာကွယ်ဖို့တော့ ဆေးဝါးတွေ မရှိသေးပါဘူး။

????‍⚕️မိဘတွေအနေနဲ့လည်း အရမ်းစိုးရိမ်တာမျိုး မဖြစ်ဘဲ တက်ပြီဆ်ိုရင် နည်းလမ်းမှန််မှန်နဲ့ ကလေး အတက်ကျအောင် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို သိရှိထားဖို့ လိုအပ်ပါတယ်။

???? ဘယ်လို လက္ခဏာတွေနဲ့ လာတတ်သလဲ ဆိုရင် …….

– မျက်လုံး အပေါ်လန်ပြီး တစ်ကိုယ်လုံး၊ ခြေနှစ်ဖက်၊ လက်နှစ်ဖက်လုံး တောင့်တင်း၍ တက်ခြင်း

– အဖျားကြီးတဲ့အချိန် သို့မဟုတ် ဖျားတဲ့အချိန်တွေမှာ ရုတ်တရက်တက်ခြင်း

– ဖျားပြီး ၂၄ နာရီအတွင်း စတင်ပြီး တက်ခြင်း

– မိသားစု (ဖေဖေ၊ မေမေ ၊ ညီအစ်ကို မောင်နှမ) ထဲမှာ အခုလိုမျိုး သာမန်အဖျားတက်ချိန် တက်တတ်သူ ရှိခဲ့ခြင်း၊

– ကလေးအသက် ၆ လမှ ၆ နှစ်အတွင်း ဖြစ်ခြင်း

– တက်တဲ့အချိန်ဟာ အလွန်ဆုံး ၅ မိနစ်မှ ၁၀ မိနစ်အထိသာ ကြာမြင့်ခြင်း

– တက်ပြီးနောက် အာရုံကြောအားနည်းတာ/တခြား အာရုံကြောနဲ့ဆိုင်တဲ့ ဝေဒနာလက္ခဏာမျိုးတွေ မကျန်ခဲ့ဘဲ ကလေးက လန်းလန်းဆန်းဆန်းရှိခြင်းတို့ ဖြစ်ပါတယ်။

???? ဘာကြောင့် တက်လဲ

ပုံမှန်အားဖြင့် အဖျားကြီးတဲ့အချိန်မှာ စတင်ပြီး တက်တတ်ပါတယ်။ ဖျားစေတဲ့ ဘယ်လိုအကြောင်းအရင်းကြောင့်မဆို ဖြစ်တတ်ပြီး များသောအားဖြင့် ဆီးလမ်း‌ကြောင်းပိုးဝင်ခြင်း၊ တုပ်ကွေးကြောင့်ဖျားခြင်းနဲ့ အခြား မည့်သည့်အကြောင်းကြောင့်မဆို အဖျားကြီးရင် တက်နိုင်ပါတယ်။

.

????‍⚕️ အကယ်၍ အဖျားကြီးချိန် တက်တတ်တဲ့ (febrile convulsion ရှိတဲ့) ကလေးတစ်ယောက်မှာ အဖျားဝေဒနာ စတင်ခံစားရပြီဆိုရင်…

‼️ကလေးကို ခြေမ ချိုးတာ၊ နှိိပ်တာ၊ ဖိတာမျိုး လုံးဝ မလုပ်ရပါဘူး။

‼️ပါးစပ်အတွင်း ပစ္စည်းတွေ (ဇွန်း၊ လက် စသဖြင့်) မထည့်ရပါ။

❗အဖျားကျအောင် အကျီထူထူဝတ်တာ၊ စောင်ထူထူခြုံတာ၊ အခန်းအပူချိန်ကို ပူအောင်ထားတာမျိုး မလုပ်ရပါဘူး။

❗ကလေးက တက်နေချိန်မှာ မိဘတွေအနေဖြင့် ပြာယာခတ်သွားတာ၊ လန့်သွားတာမျိုး မဖြစ်ပါနဲ့။

• တစ်ကိုယ်လုံး အဝတ်ချွတ်ပြီး ရေပတ် သေချာတိုက်ရပါမယ်။

• ရေနဲ့ ဓာတ်ဆား များများတိုက်ပါ။

• အဖျားရှိနေရင် အဖျားကျဆေး paracetamol ကို သတ်မှတ်ထားတဲ့ ပမာဏ dose အတိုင်း၊ နာရီအပိုင်းအခြားအတိုင်း တိုက်ပါ။

• ကလေးကို အန္တရာယ်ကင်းတဲ့နေရာကို အရင်ရွှေ့ထားပြီး ဘေးတစောင်း ထားပေးရပါမယ်။

• ပျော့ပျောင်းတဲ့အင်္ကျီ ဒါမှမဟုတ် ပဝါကို ကလေးခေါင်းအောက်မှာ ခံပေးပါ။

• ကလေးပါးစပ်အတွင်းမှာ ချွဲတွေ၊ အန်ဖတ်တွေ ပိတ်စို့နေရင် ဖယ်ရှားပေးပါ။

• အတက်ကြာချိန်နဲ့ တက်တဲ့ပုံစံကို သေချာလေး မှတ်သားပါ။ video ရိုက်ထားနိုင်ရင် ပိုကောင်းပါတယ်။

• ၅ မိနစ်ထက် ပိုကြာအောင် တက်တဲ့ကလေးတွေအတွက် အတက်ကျဆေးထိုးတာ ဒါမှမဟုတ် စအိုထဲ ထည့်တာမျိုး လုပ်နိုင်ပါတယ်။

????‍♂️ ဒါကြောင့် တက်ပြီဆိုတာနဲ့ အထက်ပါ ကနဦးပြုစုမှုတွေကို အရင်ဆုံးပြုလုပ်ပြီး နီးစပ်ရာ ဆေးရုံဆေးခန်းကို သွား‌ရောက်ပြသကာ လိုအပ်တဲ့ ကုသမှုကို ခံယူရပါမယ်။

????‍⚕️ ကဲ… ပြန်ပြီး အနှစ်ချုပ်ရမယ်ဆိုရင်

‼️သာမန် အဖျားကြီးလို့ တက်တာ (febrile convulsion) က အဖြစ်များပါတယ်။

‼️အန္တရာယ် မရှိပါဘူး။

‼️မျိုးရိုးလိုက်တတ်ပါတယ်။

‼️အတတ်ကျဆေးတွေ သောက်ဖို့ မလိုပါဘူး။

‼️ကလေးလည်း ပုံမှန်အတိုင်း ကြီးထွားဖွံဖြိုးမှု ရှိပါတယ်။

‼️ဒါပေမယ် တက်တဲ့အကြိမ်အရေအတွက် များတယ်၊ ပုံမှန် တက်နေကျပုံစံမျိုး မဟုတ်တော့ဘူး၊ အဖျားမရှိဘဲ တက်တာမျိုးတွေ ရှိလာတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်ထံမှာ သေချာစမ်းသပ်စစ်ဆေးပြီး ကုသမှုခံယူရပါမယ်။

Reference : ????

https:// www. nhs. uk

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here