ပန်းသေပန်းညှိုးမဖြစ်စေဖို့

ပန်းသေပန်းညှိုးရောဂါဆိုတာဘာလဲ

ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction/ Impotence) ဆိုတာ အမျိုးသားတစ်ဦးတစ်နေနဲ့ လိင်ဆက်ဆံမှုတစ်ခုကို ပြုလုပ်နိုင်လောက်အောင် လုံလောက်တဲ့ လိင်တံထောင်မတ်နိုင်စွမ်းမရှိတာ/ ဆက်ဆံနေစဥ်တစ်လျှောက်လည်း ဆက်လက်မထောင်မတ်နေနိုင်တာကို ခေါ်ပါတယ်။

အမျိုးသားတွေဟာ သူတို့ဘဝသက်တမ်းမှာ တစ်ခါတရံတော့ ယာယီအနေနဲ့ လိင်တံမထောင်မတ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲ စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ် ခဏတာဖြစ်တတ်တာမို့လို့ အမြဲတစေ လိင်တံမထောင်မတ်နိုင်တဲ့ Erectile Dysfunction လို့ မခေါ်ဆိုနိုင်ပါဘူး။

ဘယ်လောက်အဖြစ်များသလဲ

အသက် (၄၅)နှစ်ရောက်ရင် အမျိုးသား (၁၀)ယောက်မှာ (၃)ယောက်၊ အသက် (၇၀)အရောက်မှာတော့ အမျိုးသား (၃)ယောက်မှာ (၂)ယောက်ထိ ဖြစ်လာတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။
အသက်ကြီးလာလေ ပန်းညှိုးပန်းသေ ဖြစ်ဖို့ ရာခိုင်နှုန်းပိုများလာလေပါပဲခင်ဗျာ။

ပန်းသေပန်းညှိုး ဘာလို့ဖြစ်ရတာလဲ

ဒီမှာ နှစ်ပိုင်းခွဲပြောပါမယ်..

(၁) ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုရှိနေလို့/ ရောဂါတစ်ခုခုကြောင့်မို့ (Physical or Organic Causes) ပန်းသေပန်းညှိုးဖြစ်ခြင်း

???? ပန်းသေပန်းညှိုးရခြင်းအများစုရဲ့ အဓိကအကြောင်းအရင်းကတော့ Physical causes တွေကြောင့်များပါတယ် 

  • အသက်အရွယ်ကြီးလာတာ
  • အဝလွန်တာ
  • အရက်အလွန်အကျွံသောက်သုံးတာ
  • ဆေးလိပ်အလွန်အကျွံသောက်တာ
  • မူးယစ်ဆေးသုံးစွဲတာ (ကိုကင်း၊ ဆေးခြောက် စသည်ဖြင့်ပေါ့)
  • စွဲသောက်နေရတဲ့ဆေးဝါးတွေကြောင့်..
  • ဥပမာ Antihypertensives (သွေးတိုးရောဂါအတွက်သုံးတဲ့သွေးထိန်းဆေးတွေ) ၊ Antidepressants (စိတ်ကျရောဂါအတွက်သုံးရတဲ့ဆေးတွေ) ၊ Anti-androgens (ဆီးကျိတ်ကင်ဆာမှာသုံးတဲ့ဆေးတွေ)
  • Atherosclerosis (သွေးတွင်းကိုလက်စထရောတွေများလာပြီး သွေးကြောနံရံတွေမှာ ပိတ်တဲ့အထိစုပုံပြီး နှလုံးသွေးကြောပိတ်တာ လေဖြတ်တာတွေအထိဖြစ်နိုင်တဲ့အခြေအနေတစ်မျိုးပေါ့)
  • နာတာရှည်ရောဂါတွေရှိနေတာ
  • ဆီးချို၊ သွေးတိုး စတဲ့ ရောဂါအခံရှိနေတာ
  • အာရုံကြောရောဂါတွေရှိနေတာ (ဥပမာ လေဖြတ်တာ ၊ အာရုံကြောအားနည်းတာ )
  • ဟော်မုန်းမူမမှန်/ မညီမျှမှုတွေဖြစ်နေတာ (ဥပမာ Hypogonadism, Hyperprolactinemia)
  • နောက် အရင်က ဆီးကျိတ်ခွဲစိတ်တာရဲ့ နောက်ဆက်တွဲအနေနဲ့လည်း ဖြစ်နိုင်ပါသေးတယ်

(၂) စိတ်ဖိစီးတာ၊ စိတ်ကျတာ၊ စိုးရိမ်ပူပန်တာ၊ လက်တွဲဖော်နဲ့အဆင်မပြေတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် (Psychogenic or Functional Causes) လည်း ပန်းသေပန်းညှိုး ဖြစ်နိုင်ပါတယ်

???? Psychogenic Erectile Dysfunction ဖြစ်စေတဲ့ စိတ်​ပိုင်းဆိုင်ရာပြဿနာတွေကတော့

  • Stress (စိတ်ဖိစီးတာ)
  • Fatigue (စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတာ)
  • Depression (စိတ်ကျရောဂါ)၊ Anxiety (စိုးရိပ်ပူပန်မှုလွန်ကဲရောဂါ)၊ Psychological trauma (စိတ်ဒဏ်ရာရှိခဲ့တာ)၊ Sexual abuse (လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံခဲ့ရတာ)၊ Guilt feelings (အပြစ်ရှိသလိုခံစားချက်ဖြစ်နေတာ)
  • Relationship Problems & Marital Disharmony (လက်တွဲဖော်နဲ့ အပေးအယူမမျှတာ၊ လိင်ကိစ္စပွင့်လင်းမှုမရှိတာ၊ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးမရရှိတာ)
  • Performance Anxiety (ဒါကတော့ အရင်က လိင်ဆက်ဆံတုန်းက လိင်တံမထောင်မတ်နိုင်ခဲ့/အဆင်မပြေခဲ့တော့ နောက်တစ်ကြိမ် လိင်ဆက်ဆံရမှာကို စိုးရိမ်နေ/ကြောက်နေတာမျိုးပေါ့)
  • နောက်ဆုံးတစ်ခုကတော့ အေးအေးဆေးဆေးအဆင်ပြေပြေ လွတ်လပ်မှုရှိတဲ့ လိင်ဆက်ဆံမှုပြုစရာ နေရာမရှိတာပေါ့ (တစ်အိမ်ထဲ မိဘ၊ သားသမီး၊ အဘိုးအဘွား၊ ဆွေမျိုးတွေ အားလုံး စုနေကြတဲ့အခါ မလွတ်လပ်တာမျိုးပေါ့)

*** လူတစ်ဦးဟာ Physical ရော ၊ Psychogenic ရော နှစ်မျိုးရောပြီးလည်း ဖြစ်တတ်ပါသေးတယ် ***

ဘယ်လိုသိနိုင်မလဲ ၊ ဘာတွေစစ်ဆေးလို့ရလဲ

အများအားဖြင့် ပန်းညှိုးပန်းသေ ဖြစ်ရင် ကိုယ်တိုင်ပဲ သတိပြုမိကြတာများပါတယ်။

စစ်ဆေးလို့ရတဲ့ နည်းလမ်းတွေအနေနဲ့ကတော့
???? ကိုယ့်မှာ နောက်ခံရောဂါရှိနေသလားသိရအောင် သွေးစစ်တာတွေ
???? လိင်တံရဲ့ လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးတဲ့ စစ်ဆေးမှုတွေ….
ဥပမာအားဖြင့် ညဘက် အိပ်နေတဲ့ကာလမှာ လိင်တံထောင်မတ်မှု (Erection) ဖြစ်သလား ဆိုတာ စစ်ဆေးတာမျိုး
(အကယ်၍ လိင်ဆက်ဆံချိန်မှာ လိင်တံမထောင်မတ်ပေမယ့် အိပ်စက်နေတဲ့အချိန်မှာ လိင်တံထောင်မတ်မှုရှိနေသေးတယ်ဆိုရင် Physical cause ရောဂါတစ်ခုခုကြောင့်မဟုတ်ဘူး၊ Psychogenic cause စိတ်ဖိစီးတာလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ ယေဘုယျအားဖြင့်ကောက်ချက်ချနိုင်ပါတယ် )

ပန်းသေပန်းညှိုးဖြစ်နေရင် ကျွန်တော်တို့ဘာတွေလုပ်နိုင်မလဲ

????အသက်ကြီးလာလေ ပန်ညှိုးပန်းသေဖြစ်ဖို့ ရာခိုင်နှုန်းများလာလေမလို့ အသက်ကြီးလို့ ဖြစ်ရတာမျိုးကတော့ အထူးတလည်ပြုပြင်လို့ မရနိုင်ပါဘူး။ တချို့သက်ကြီးအမျိုးသားတွေမှာတော့ လိင်လှုံ့ဆော်မှု (Arousal) ကို ပိုအချိန်ယူလုပ်နိုင်ရင် ထောင်မတ်နိုင်ပါသေးတယ်။

????ရောဂါတစ်ခုခုကြောင့်ဖြစ်ရတာဆိုရင် အဲ့ဒီရောဂါကို အရင်ကုသရပါမယ်။
( ဆီးချို၊ သွေးတိုး ရောဂါတွေကို သက်ဆိုင်ရာဆရာဝန်နဲ့ ကောင်းကောင်းထိန်းချုပ်ပါ။ စွဲသောက်နေရတဲ့ဆေးတွေကို ပန်းညှိုးတာနဲ့ သက်ဆိုင်မှုရှိမရှိ သက်ဆိုင်ရာဆရာဝန်နဲ့ ပြန်ဆွေးနွေးပါ။ ကျားဟော်မုန်းနည်းလို့ဖြစ်ရတဲ့အခြေအနေမျိုးမှာဆို ကျားဟော်မုန်းအစားထိုးပေးတာမျိုး ဆရာဝန်ညွှန်ကြားချက်နဲ့လုပ်ဆောင်နိုင်ပါတယ် )

????ကျွန်တော်တို့အတွက် အလွယ်ကူဆုံး/ ကိုယ်တိုင်လုပ်နိုင်တဲ့အရာကတော့ Lifestyle Modification (ကျန်းမာသောလူနေမှုပုံစံသို့ပြောင်းလဲခြင်း) ပါပဲ
ကိုယ်အလေးချိန်ထိန်းမယ် ၊ အဝမလွန်အောင်ဂရုစိုက်မယ်
– ဆေးလိပ်ဖြတ်မယ် ????
– အရက်ဖြတ်မယ် ????
– မူးယစ်ဆေးတွေမသုံးဘူး ????
– အာဟာရပြည့်ဝအောင်စား၊ အိပ်ရေးဝအောင်အိပ်၊ ကိုယ်လက်လှုပ်ရှားမှုလုပ် ၊ စိတ်ဖိစီးမှုတွေကင်းနေပါစေ။

????အထက်ကပြောခဲ့တဲ့ Relationship Problems တွေကြောင့် ဖြစ်ရတဲ့ Psychogenic Erectile Dysfunction အတွက်ဆိုရင်
– မိမိအိမ်ထောင်ဖက်နဲ့ ပွင့်လင်းသာယာပျော်ရွှင်စရာ ဆက်ဆံရေးလေးတွေ ဖန်တီးကြမယ်။
– လိင်ကိစ္စရေးရာမှာ လိင်ဆက်ဆံဖော်နဲ့ နားလည်မှုရှိရှိ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမယ် တိုင်ပင်မယ်။
– လိင်ဆက်ဆံမယ့် နေရာကလည်း အေးအေးလူလူ လွတ်လွတ်လပ်လပ်ဖြစ်တဲ့နေရာလေးဆို အကောင်းဆုံးပေါ့
– နောက်အရေးကြီးတာတစ်ခုက အယူအဆမှားတွေကို ပယ်ကြမယ်။
( အမျိုးသားတစ်ဦးဟာ အမြဲတစေ လိင်ဆက်ဆံဖို့အတွက် အဆင်သင့်ဖြစ်နေရမယ်ဆိုတာ မဟုတ်ပါဘူး။
ပြီးတော့ အလုံးစုံထောင်မတ်တဲ့ လိင်တံဖြစ်ပါမှ ကောင်းမွန်ပြည့်စုံတဲ့ လိင်ဆက်ဆံမှုတစ်ခုပြီးမြောက်တယ်ဆိုတာလည်းမဟုတ်ပါဘူး။ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ နားလည်မှုရှိရှိ တဖြည်းဖြည်းကြိုးစားဖို့သာ အဓိကပါ )
– လိုအပ်ရင် တတ်သိနားလည်ပညာရှင်များနဲ့ Counselling ယူပါ၊ ဆွေးနွေးပါ။ အဲ့လို Psychosexual Counselling ယူတဲ့အခါမှာ မိမိရော မိမိအဖော်ပါ နှစ်ဦးလုံး ဆွေးနွေးအဖြေရှာကြဖို့လိုပါတယ်။

သောက်ဆေး ၊ ထိုးဆေးတွေနဲ့ရော ကုသလို့ရသလား

ရပါတယ်။ ဒါပေမယ့် အထက်မှာပြောခဲ့သလို ပန်းသေပန်းညှိုးဖြစ်စေတဲ့ ပြဿနာတွေကိုမဖြေရှင်းဘဲ ဆေးပဲသောက်မယ် ၊ ထိုးမယ်ဆိုရင်တော့ ရာနှုန်းပြည့် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး…

????သောက်ဆေးအနေနဲ့ လိင်တံကိုပျော့ (မထောင်မတ်နိုင်) စေတဲ့ Enzyme အင်ဇိုင်းဓာတ် တစ်မျိုးကို ချေဖျက်ပေးပြီး လိင်တံထောင်မတ်နိုင်အောင် ကူညီပေးတာမျိုး ရှိပါတယ်။ လိင်မဆက်ဆံခင် တစ်နာရီကြိုသောက်ရပါမယ်။ အရေးကြီးတာတစ်ခုက ဒီဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိပြီး ဘယ်လိုလူတွေမှာဆိုရင် ဒီဆေးမသောက်သင့်ဘူးဆိုတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် ဆရာဝန်ရဲ့အကြံဥာဏ်ယူပြီးမှ သောက်သုံးသင့်ပါတယ်။

????ထိုးဆေးအနေနဲ့ကတော့….
လိင်တံအတွင်းရှိသွေးကြောများကိုကျယ်စေပြီး လိင်တံထောင်မတ်နိုင်တဲ့ဆေးတစ်မျိုးကို Intraurethral (ဆီးလမ်းကြောင်းကနေထိုးရတာ)နဲ့ Intracavernosal (ထိုးနည်း သင်ယူပြီး ကိုယ့်လိင်တံကို ကိုယ်တိုင်ထိုးနိုင်ပါတယ်)
လိင်ဆက်ဆံခါနီး ကြိုတင်ထိုးရမယ်။ အများဆုံးတစ်ပတ် သုံးကြိမ်ထက်တော့ပိုမထိုးသင့်ပါဘူး။
(❗ထိုးဆေးလည်း အလားတူပဲ။ ဘေးထွက်ဆိုးကျိုးရှိနိုင်တဲ့အတွက် တတ်သိနားလည်သူ ဆရာဝန်ရဲ့ အကူအညီကိုရယူရပါမယ် )

????နောက်တစ်ခုရှိတာက Vacuum Erection Device တွေ သုံးလို့ရနိုင်တယ်။
သူက လိင်တံအရင်းကနေ Constriction Ring ကွင်းနဲ့ ထိန်းထားတဲ့အတွက် လိင်တံကို သွေးရောက်များစေပြီး လိင်တံထောင်မတ်ဖို့ အကူအညီပေးတယ်။
(❗သတိထားရမှာက မိနစ်သုံးဆယ်ထက် ကြာကြာမသုံးသင့်ပါဘူး။ လိင်တံရောင်တာ ၊ ထုံတာ ၊ နာတာ စတာတွေဖြစ်လာနိုင်ပါတယ်။ နောက် သွေးရောဂါတွေ(သွေးမတိတ်/ သွေးခဲ) ရှိတဲ့သူတွေမှာလည်း သတိထားသုံးရပါမယ် )

????နောက်ဆုံးအနေနဲ့ Surgery ခွဲစိတ် လို့ရပါတယ်။
လိင်တံကို ခွဲစိတ်ပြီး Malleable Penile Prosthesis, Inflatable Penile Prosthesis စတဲ့ ပစ္စည်းလေးတွေထည့်လို့ရတယ်။ ဒါကိုတော့ အကျယ်တဝင့် မပြောတော့ပါဘူး။

ဘယ်လိုကာကွယ်ကြမလဲ

လိင်တံထောင်မတ်နိုင်စွမ်းဟာ အမျိုးသားတစ်ဦးအတွက် အရေးပါတဲ့ ကိစ္စတစ်ရပ်ပါပဲ။
” ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်း၏ “ ဆိုတော့ ပန်းညှိုး၊ ပန်းသေ မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ကြရအောင်လားခင်ဗျာ။

အထူးတလည်မဟုတ်ပါဘူး။ အထက်ကပြောခဲ့တဲ့
Lifestyle Modification ပါပဲ။
– ဆေးလိပ်ဖြတ်????
– အရက်လျှော့ ????
– မူးယစ်ဆေးမသုံးနဲ့ ????
– စိတ်ဖိစီးမှူကင်းအောင်နေထိုင် ????
– ကိုယ်လက်လှုပ်ရှားအားကစားလုပ်၊ အဝမလွန်အောင်ဂရုစိုက် ⛹️
– ဆီးချို ၊ သွေးတိုးစတဲ့ရောဂါတွေ သေချာကုသ????
– ချစ်ရသူနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်ပါ ????

အနှစ်ချုပ်ရရင် ကြိုတင်ကာကွယ်ပါ။
ဖြစ်လာခဲ့ရင်လည်း မိမိ လိင်ဆက်ဆံဖော်နဲ့ ပွင့်လင်းနားလည်မှုရှိနေပါစေ။ တတ်သိနားလည်ပညာရှင် ဆရာဝန်များနဲ့ ပြသပါ။
ကိုယ့်ရဲ့ အခြေအနေကို မကွယ်မဝှက် မရှက်မကြောက်ဘဲ ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ပါ။
ဆေးတိုင်းဟာ ဘေးထွက်ဆိုးကျိုးရှိတဲ့အတွက် က်ိုယ့်သဘောနဲ့ကိုယ် မသောက်သုံး မထိုးနှံသင့်ကြောင်း သိနားလည်ထားပါ။

????ပွင့်သောပန်းတိုင်း လန်းနိုင်ကြစေဗျာ????

????References:

John Murtagh’s Patient Education, Sixth Edition Erectile Dysfunction(Impotence) pg-96
John Murtagh’s General Practice, Seventh Edition Chapter-116 pg-1251, 1252, 1255, 1256
Oxford Handbook of General Practice, Fifth Edition Chapter-21 Sexual Health and Contraception pg-754, 755, 757
SMSNA for Patients : ED Diagnosis Erection Hardness Score

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.