နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း

ဘာကြောင့် နှာခေါင်းသွေးယို/လျှံကြတာပါလဲ

နှာခေါင်း သွေးယိုခြင်းသည် ထိပ်ကပ်နာရှိသူများတွင် ပိုး၀င်၍သော်လည်းကောင်း၊ နှာခေါင်းခဏခဏနှိုက်ခြင်း ကြောင့်သော်လည်းကောင်း၊ နှပ်ခဏခဏ ညှစ်၍သော်လည်းကောင်း၊ အပူအအေးပြောင်းလဲလျင်သော်လည်းကောင်း၊ သွေးတိုးလျင်သော်လည်းကောင်း၊ နှာခေါင်းတွင်းကင်ဆာအမျိုးမျိုး၊ သွေးကြောထုံးအကြိတ်တို့ကြောင့် ဖြစ်တတ်ပါတယ်။

နှာခေါင်းသွေးယို/လျှံရင် အရေးကြီးပါသလား၊ ဘယ်လိုဖြစ်တတ်ပါသလဲ

နှာခေါင်းသွေးယိုခြင်းကို ရုတ်တရက် နှာခေါင်းပေါက်တစ်ဖက်မှ ယိုစီးလာတာကို စခံစားရတတ်ပါတယ်။ နှစ်ဘက်လုံးလဲ ယိုနိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်းက တစ်ခါ၊ နှစ်ခါလောက် ယိုလိုက်တိတ်လိုက်ဖြစ်တတ်သလို တစ်ပတ်အတွင်းမှာ ကြိမ်ဖန်များစွာလည်း ဖြစ်ပေါ်တတ်ပါတယ်။

နှာခေါင်းသွေးယိုခြင်းဟာ သွေးပမာဏ အနည်းငယ်သာ ဆုံးရှုံးတတ်ပီး အသက်အရွယ်မရွေးခံစားရနိုင်ပါတယ်(ကလေးငယ်တွေမှာ ဖြစ်ပွားနှုန်း ၂ဆပိုများပါတယ်)။ အများအားဖြင့်တော့ အရေးမကြီးပါ။ ဆေးခန်းမသွားဘဲ အဆင်ပြေလေ့ရှိပါတယ်။
ဒါပေမယ့် သွေးကျဲဆေးသောက်နေသူတွေ( aspirin)၊ သွေးရောဂါရှိသူတွေ( hemophilia)၊ ပြင်းပြင်းထန်ထန် ယာဉ်တိုက်မှုဖြစ်ပြီး နှာခေါင်းသွေးလျှံသူတွေမှာတော့ အရေးကြီးပါတယ်။

နှာခေါင်းသွေးယိုရင် ဘာလုပ်ရမလဲ

ဘာကြောင့်ပဲ နှာခေါင်းသွေးယိုယို…

(၁) ထိုင်လိုက်ပြီး ခေါင်းရှေ့ကို ခပ်ငိုက်ငိုက်နေလိုက်ပါ။ ဒါဆို သွေးက နောက်ထဲ ပြန်မစီးတော့ပဲ အောက်ကိုပဲ ကျလာပါလိမ့်မယ်။ အောက်မှာ အ၀တ် (သို့မဟုတ်) ခွက်တစ်ခုခု ကိုခံထားပါ။

(၂) နှာခေါင်းထိပ်ဖျား အရိုးနုနေရာကို နှာခေါင်း၂ပေါက်လုံး ပိတ်သည်အထိ ၅မိနစ်ခန့် မလွှတ်တမ်း ညှပ်ကိုင်ထားပေးပါ
(ပါးစပ်ဖြင့်အသက်ရှူပေးပါ)

(၃) ရေခဲတုံး/ရေအေးစိမ်ထားသောအ၀တ် တစ်ခုခု ကို မျက်ခုံး၂ခုကြား နေရာ ကို ကပ်ပေးနိုင်ပါတယ်။(ရေခဲကပ်ခြင်းထက် ၅မိနစ်ဖိညှပ်ကိုင်ထားခြင်းက သွေးတိတ်ဖို့ ပိုအထောက်အကူပြုပါတယ်။)

ဘာတွေရှောင်ရမလဲ

သတိထားစရာများအနေနဲ့ကတော့…

-သွေးတိတ်ပြီးနောက် ၁၂ နာရီအတွင်း နှပ်မညှစ်ရန်၊
-နှာခေါင်းနှိုက်ခြင်း မပြုလုပ်ရန်
-သွေးတိတ်ပြီးနောက် နောက်တစ်ခါ သွေးထပ်ယိုလျှင် နှာခေါင်းကို ၁၀မိနစ်တိတိ ထပ်ညှပ်ကိုင်ထားရန်
-နှာခေါင်းအနောက်/ရှေ့မှ ယိုသမျှ သွေးများကို မြိုချခြင်းမှ ရှောင်ကျဥ်ရန်တို့ပဲ ဖြစ်ပါတယ်။

ဘယ်အခါ‌ဆေးခန်းသွားပြဖို့လိုပါသလဲ

ဆေးခန်းသွားသင့်တဲ့ အကြောင်းရင်းများကတော့…

(၁) မိနစ် ၂၀ကျော်ကြာနှာခေါင်းသွေးထွက်နေရင်
(၂) သွေးထွက်သောပမာဏများ၍ ပြန်အန်ခြင်း၊ အသက်ရှူရ ခက်ခြင်းများဖြစ်ရင်
(၃) အသက် ၂နှစ်အောက်ကလေးများ နှာခေါင်းသွေးလျှံရင်
(၄) ပြင်းပြင်းထန်ထန် ယာဉ်တိုက်မှု ဖြစ်ပြီး နှာခေါင်းသွေးလျှံရင်
(၅) သွေးကျဲဆေးသောက်ထားလျှင် (သို့) သွေးရောဂါရှိရင်
(၆) မကြာခဏဆိုသလို ဖြစ်လိုက်ပျောက်လိုက်ခဏခဏ ဖြစ်နေရင်၊
(၇) နှာခေါင်းတဖက်အမြဲလိုလိုပိတ်ရင်
(၈) အပုတ်နံ့နံ၍ သွေးယိုလျှင်
(၉) သွေးအားနည်းသော လက္ခဏာများ ( ဖြူဖျော့၊ မော၊ နုံး) ရှိနေရင် နှာခေါင်းသွေးလျှံခြင်းကို သာမန်ကာလျှံကာ မမှတ်ယူပဲ ဆေးခန်းပြရန် လိုအပ်ကြောင်း ပြောကြားရင်း သာမန်နှာခေါင်းသွေးလျှံခြင်းကို ထိရောက်စွာပြုစု ကုသနိုင်စေဖို့ရည်ရွယ်လိုက်ရပါတယ်။

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.308,309

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.