အဆုတ်လေအိတ်များ ပျက်စီးခြင်း Emphysema (October,2023)

0
280

အဆုတ်လေအိတ်များ ပျက်စီးခြင်း (Emphysema) ဆိုတာ အဆုတ်ရောဂါတစ်ခုဖြစ်ပြီး ဆေးလိပ်သောက်သူတွေမှာ အဖြစ်များတယ်ဆိုပေမယ့် အဆုတ်ကိုအဆိပ်အတောက်ဖြစ်စေတဲ့ တခြားပစ္စည်းတွေကို ပုံမှန်ရှူရှိုက်မိသူတွေမှာလည်း ဖြစ်တတ်ပါတယ်။

အဆုတ်လေအိတ်တွေ ပျက်စီးတယ်ဆိုတာဟာ အဆုတ်အတွင်းရှိ လေအိတ်လေးတွေဖြစ်တဲ့ (alveoli) လေးတွေကို ပျက်စီးစေတာပါ။ လေအိတ်လေးတွေဟာ အားပျော့သွားပြီး နောက်ဆုံးမှာတော့ ကွဲထွက်သွားကာ အဆုတ်ရဲ့မျက်နှာပြင်ဧရိယာနဲ့ သွေးကြောထဲသို့ ရောက်ရှိနိုင်တဲ့ အောက်ဆီဂျင်ပမာဏကို လျော့နည်းစေပါတယ်။ ဒီလိုဖြစ်တဲ့အခါ အဆုတ်ရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ဆုံးရှုံးစေပြီး အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ချိန်မှာ အသက်ရှုရခက်စေပါတယ်။

အဆုတ်လေအိတ်များ ပျက်စီးခြင်း (Emphysema) ဟာ နာတာရှည်အဆုတ်ရောင် အဆုတ်ပွရောဂါ (COPD) ရဲ့ အဖြစ်အများဆုံး အခြေအနေ ၂ ခုထဲက ၁ ခုဖြစ်ပါတယ်။ နောက်အခြေအနေတစ်ခုကတော့ နာတာရှည်လေပြွန်ရောင်ခြင်း (chronic bronchitis) ဖြစ်ပါတယ်။

အဆုတ်လေအိတ်များ ပျက်စီးခြင်း (Emphysema) ဟာ လုံးဝပြန်ကောင်းအောင် ကုသလို့မရတာကြောင့် ကုသမှုပေးတဲ့အခါ ရောဂါအခြေအနေကို နှေးကွေးစေဖို့နဲ့ လက္ခဏာတွေကို လျှော့ချဖို့သာ ရည်ရွယ်ကုသရပါတယ်။

????ရောဂါလက္ခဏာတွေက ဘာတွေလဲ

တချို့လူတွေဟာ အဆုတ်လေအိတ်များ ပျက်စီးခြင်း အခြေအနေ ဖြစ်နေတာကို နှစ်ပေါင်းများစွာ မသိဘဲ ဖြစ်တတ်ကြပါတယ်။ စတင်သတိထားမိနိုင်တဲ့ လက္ခဏာအချို့ကတော့ လေ့ကျင့်ခန်း (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်စဉ်မှာ အသက်ရှူကျပ်ခြင်းနဲ့ ချောင်းဆိုးခြင်းတို့ ဖြစ်ပါတယ်။ ပိုဆိုးလာတဲ့အခါ အနားယူနေချိန်မှာတောင် အသက်ရှုကျပ်တာမျိုး ခံစားရနိုင်ပါတယ်။ အခြားရောဂါလက္ခဏာတွေကတော့…

– ပင်ပန်းနွမ်းနယ်ခြင်း

– ကိုယ်အလေးချိန်ကျခြင်း

– စိတ်ဓာတ်ကျခြင်းတို့ ဖြစ်ပါတယ်။

တစ်ခါတလေ အောက်ဆီဂျင် လုံလုံလောက်လောက်မရတဲ့အခါ နှုတ်ခမ်းပြာတာ၊ လက်ချောင်း ခြေချောင်းတွေ ပြာလာတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်လာရင်တော့ ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုပါတယ်။

????ဘာကြောင့်ဖြစ်ရလဲ။ ဘယ်သူတွေမှာ ပိုအဖြစ်များလဲ

American Lung Association ရဲ့အဆိုအရ ၂၀၁၈ ခုနှစ်မှာ အရွယ်ရောက်ပြီးသူ ၂ သန်းလောက်ဟာ အဆုတ်လေအိတ်များ ပျက်စီးခြင်း (Emphysema) အခြေအနေ ရှိတယ်လို့ဆိုပါတယ်။ အမျိုးသားတွေနဲ့ အသက် ၆၅ နှစ်ကျော်သူတွေမှာ ပိုအဖြစ်များတာ တွေ့ရပါတယ်။ မကြာသေးမီ ဆယ်စုနှစ်တွေမှာတော့ အမျိုးသမီးတွေမှာပါ ဖြစ်နှုန်းတိုးလာတာတွေ့ရပါတယ်။

ဆေးလိပ်သောက်ခြင်းကတော့ အဆုတ်လေအိတ်များ ပျက်စီးခြင်း (Emphysema) ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ဆေးလိပ်များများသောက်လေ ဖြစ်နိုင်ခြေ ပိုများလေပါပဲ။ ဆေးခြောက် (cannabis) သုံးခြင်းဟာလည်း အဆုတ်လေအိတ်များ ပျက်စီးခြင်း (Emphysema) ကို ဖြစ်စေနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်းကြောင့် တစ်နှစ်ကို အမေရိကန်လူမျိုး ၄၈၀,၀၀၀ ကျော် သေဆုံးစေပြီး ထိုသေဆုံးမှုရဲ့ ၈၀ ရာခိုင်နှုန်းဟာ အဆုတ်လေအိတ်များ ပျက်စီးခြင်းအပါအဝင် နာတာရှည်အဆုတ်ရောင် အဆုတ်ပွရောဂါ (COPD) ကြောင့်ဖြစ်ပါတယ်။ တခြားသူရဲ့ ဆေးလိပ်မီးခိုးငွေ့ကို ရှူရှိုက်မိခြင်းကလည်း အဆုတ်လေအိတ်များ ပျက်စီးခြင်း (Emphysema) ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

အဆုတ်လေအိတ်တွေ ပျက်စီးခြင်းကို ဖြစ်စေနိုင်တဲ့ အခြားသောအကြောင်းအရင်းတွေကတော့…

– ဓာတုမီးခိုးငွေ့တွေနဲ့ အဆုတ်ကို အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ ထိတွေ့မိခြင်း

– alpha-1 ချို့တဲ့တဲ့၊ မျိုးရိုးဗီဇနဲ့ ပတ်သက်တဲ့ alpha-1 deficiency-related emphysema ရောဂါရှိခြင်း

– အရင်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ဖူးခြင်း

– HIV ရှိပြီး ကိုယ်ခံအားစနစ်မကောင်းခြင်း

– Marfan syndrome ရောဂါရှိခြင်းတို့ ဖြစ်ပါတယ်။

????အဆုတ်လေအိတ်များ ပျက်စီးခြင်း (Emphysema) ကို ဘယ်လို စစ်ဆေးအတည်ပြုနိုင်လဲ

ဆရာဝန်နဲ့ ပြသတဲ့အခါ ဆေးလိပ်သောက်တဲ့ ရာဇဝင်ရှိ/မရှိနဲ့ ပတ်ဝန်းကျင်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ မီးခိုးငွေ့တွေ ရှိ/မရှိ မေးမြန်းခံရနိုင်ပါတယ်။ ဒါ့အပြင် အခြားသော စမ်းသပ်စစ်ဆေးမှုတွေဖြစ်တဲ့ အဆုတ်ဓာတ်မှန်ရိုက်တာ၊ CT scan ရိုက်တာ၊ အဆုတ်ရဲ့အခြေအနေကို သိဖို့ သွေးစစ်တာ၊ သွေးတွင်း oxygen ပမာဏကို သိဖို့ pulse oximetry တိုင်းတာ၊ အဆုတ်က ဘယ်လောက်ကောင်းကောင်းလုပ်နိုင်တာကို တိုင်းတာ၊ သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို တိုင်းတာတာနဲ့ နှလုံး၏လုပ်ဆောင်ချက်ကို စစ်ဆေးဖို့ ECG ဆွဲတာတွေ လုပ်ဆောင်နိုင်ပါတယ်။

????နောက်ဆက်တွဲဆိုးကျိုးက ဘာတွေဖြစ်နိုင်လဲ

ရောဂါပြင်းထန်လာတဲ့အခါ (သို့မဟုတ်) သေချာမကုသတဲ့အခါ ပြင်းထန်တဲ့နောက်ဆက်တွဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဲဒါတွေကတော့…

– အဆုတ်ရောင် နမိုးနီးယား

– အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

– Cor pulmonale လို့ခေါ်တဲ့ နှလုံးရဲ့ညာဘက်ခြမ်း ချို့ယွင်းခြင်း

– Pneumothorax လို့ခေါ်တဲ့ အဆုတ်အမြှေးပါး နှစ်ခုအကြား လေများစုပုံလာခြင်း

– အဆုတ်က အောက်ဆီဂျင် လုံလောက်စွာ မရတဲ့အခါ အက်ဆစ်ဓာတ် မြင့်မားခြင်း အခြေအနေ (Respiratory Acidosis) ဖြစ်ပြီး သတိမေ့မျောသော အခြေအနေ (Coma) အထိ ဖြစ်နိုင်ခြင်း

– သွေးတွင်းအောက်ဆီဂျင် မလုံလောက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

????အဆုတ်လေအိတ်များ ပျက်စီးခြင်း (Emphysema) ကို ဘယ်လိုကုသနိုင်လဲ

ပျောက်ကင်းအောင် ကုသနိုင်တာမျိုးတော့ မရှိပါဘူး။ ရောဂါလက္ခဏာတွေကို သက်သာစေဖို့နဲ့ ရောဂါဖြစ်ပွားမှုကို နှေးကွေးစေဖို့ ဆေးဝါးတွေ၊ အခြားကုထုံးတွေအပြင် ခွဲစိတ်တာ စတာမျိုးတွေ လုပ်နိုင်ပါတယ်။

ဆေးလိပ်သောက်တဲ့သူဆိုရင်တော့ အဆုတ်လေအိတ်များ ပျက်စီးခြင်းကို ကုသရာမှာ အရင်ဆုံး ဆေးလိပ်ကိုဖြတ်ဖို့ ဖြစ်ပါတယ်။ နီကိုတင်းသုံးတာရပ်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လုပ်နိုင်ပါတယ်။

ဆေးဝါးများ — အသက်ရှုရလွယ်ကူစေပြီး ချောင်းဆိုးခြင်းနဲ့ အသက်ရှုကျပ်ခြင်းကို သက်သာစေတဲ့ ဆေးဝါးတွေ bronchodilators ၊ အသက်ရှုကျပ်ခြင်းကို သက်သာစေတဲ့ စတီးရွိုက်ဆေးတွေ၊ ပိုးသတ်ဆေးတွေ စတာတွေကို သောက်ဆေးအနေနဲ့ရော ရှူဆေးအနေနဲ့ပါ သုံးနိုင်ပါတယ်။

ကုထုံးများ — အဆုတ်ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းနဲ့ လမ်းလျှောက်ခြင်းစတဲ့ လေ့ကျင့်ခန်းတွေဟာ အသက်ရှူခြင်းနဲ့ဆိုင်တဲ့ ကြွက်သားတွေကို အားကောင်းစေပြီး ရောဂါလက္ခဏာတွေကို သက်သာစေကာ အသက်ရှုရ လွယ်ကူစေပါတယ်။ ယောဂ၊ ထိုက်ချိနဲ့ အသက်ပြင်းပြင်းရှူတဲ့လေ့ကျင့်ခန်းတွေဟာလည်း ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ အောက်ဆီဂျင်ပေးခြင်းကလည်း အသက်ရှူရလွယ်ကူစေဖို့ ကူညီပေးနိုင်ပါတယ်။ ရောဂါလက္ခဏာဆိုးဝါးတဲ့သူတွေဟာ တစ်နေ့ကို အောက်ဆီဂျင် ၂၄ နာရီလုံး လိုအပ်ပါတယ်။

ခွဲစိတ်မှုများ — ပျက်စီးနေတဲ့ အဆုတ်ရဲ့ အစိတ်အပိုင်းငယ်လေးတွေကို ခွဲစိတ်ဖယ်ရှားတာတွေ လုပ်နိုင်ပါတယ်။ အဆုတ်အစားထိုး ခွဲစိတ်ကုသတာတွေလည်း လုပ်နိုင်ပါတယ်။ ပြင်းထန်တဲ့ အဆုတ်လေအိတ်များ ပျက်စီးခြင်း အခြေအနေ (Emphysema) ရှိသူတွေမှာသာ ဒီလိုခွဲစိတ်မှုတွေ လိုအပ်နိုင်ပါတယ်။

အခြားသော ကုသနည်းများ —အဆုတ်လေအိတ်များ ပျက်စီးခြင်း (Emphysema) ရှိသူတွေမှာ ကိုယ်အလေးချိန် လျော့လာတတ်ပါတယ်။ ဒါ့ကြောင့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များကဲ့သို့ ဗီတာမင် A၊ C ၊ E ကြွယ်ဝတဲ့ အစားအစာတွေကို ပိုစားသုံးသင့်ပါတယ်။ အဆုတ်ရောင်နမိုးနီးယား၊ တုပ်ကွေးနဲ့ COVID-19 ကာကွယ်ဆေးတွေ ထိုးထားနိုင်ပါတယ်။

????အဆုတ်လေအိတ်များ ပျက်စီးခြင်း (Emphysema) ကို ကြိုတင်ကာကွယ်လို့ ရလား

အဆုတ်လေအိတ်များ ပျက်စီးခြင်းကို အဓိကဖြစ်စေတာက ဆေးလိပ်သောက်ခြင်း ဖြစ်တာကြောင့် ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဆေးလိပ်မသောက်တာပဲ ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေ၊ မီးခိုးငွေ့တွေနဲ့ လေထုညစ်ညမ်းမှုတို့ကနေ ကင်းဝေးဖို့လည်း အရေးကြီးပါတယ်။

Reference : ????

https:// www. healthline. com /health/emphysema#prevention-and-outlook

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here