Dr. Harry’s Video call နှင့် သားဖွားခန်း

0
279

Hello

ကျွန်တော် Dr Harry ပါ

အခုတလော ဆေးခန်းမှာ လူနာအရမ်းများတာရော၊ အရေးပေါ်တွေ၊ မွေးလူနာတွေနဲ့ရှုပ်နေတော့ အချိန်မရတာနဲ့ စာမရေးနိုင်ဘူးဖြစ်နေတာ

ဒီတစ်ခါတော့ ဆေးခန်းမှာကိုယ်မရှိတုန်းလာတဲ့ အရေးပေါ် မွေးလူနာကို Video Call နဲ့ ဘယ်လိုတွေလှမ်းပြီး လောင်ရလဲ ပြောပါအုံးမယ်

ပြီးခဲ့တဲ့လက ဒီဘက်မှာ အလုပ်လုပ်နေတဲ့ဆရာဝန်တွေကို foreignကနေ လာသင်ပေးတဲ့ သားဖွားမီးယပ်နဲ့မေ့ဆေး ရက်တိုသင်တန်းတစ်ခုကို နယ်စပ်မှာ သွားတက်ရတယ်။ ကိုယ်လည်း တစ်နှစ်တိတိ နေ့ရော ညရော ယောက်ယက်ခတ်ပြီး အလုပ် လုပ်နေရတဲ့ နေရာကနေ တစ်ပတ်လောက် အနားရမယ့်ကိစ္စဆိုတော့ ပျော်ပျော်ကြီးသွားတက်တာပေါ့…

ဆေးခန်းမှာတော့ ကျွန်တော်သင်တန်းသွားမယ့်နေ့မှ အသစ်ရောက်လာတဲ့ ဒေသခံ ဆေးမှူးဆရာနဲ့ ကျွန်တော်နဲ့ အလုပ်လုပ်နေကျ လူထုကျန်းမာရေးလုပ်သားလေးတွေ ကျန်ခဲ့ပြီး လူနာဆက်ကြည့်ကြတယ်။ ကိုယ်လည်း online ကိုအမြဲဖွင့်ထားမယ် ၊ လိုရင်အချိန်မရွေး messenger ကနေ ဖုန်းဆက်ဖို့မှာပြီး ပျော်ပျော်ပါးပါး သင်တန်းသွားတက်တာပေါ့လေ

ပထမရက်ကတော့ သာယာတယ်…လူစုံတက်စုံနဲ့ သောက်လိုက်စားလိုက်နဲ့ပျော်နေတာ။ ဒါပေမယ့် သာယာမှုလေးတွေက ကြာရှည်မခံဘူး…

ဒုတိယနေ့ မနက် ၄ နာရီမှာ messenger ကနေ video call ဝင်လာတယ်။ ကိုယ်လည်း အိပ်မောကျနေတုန်း ဖုန်းလာတော့ အိပ်မှုံစုံမွှား ကြည့်လိုက်တာ…လူနာက မွေးခန်းထဲမှာ နှုတ်ခမ်းတွေပြာ၊ သတိလစ်၊ တက် နေတာတွေ့တော့ ချက်ချင်းမျက်လုံးကျယ်သွားတယ်။

လူနာအကြောင်း အကြမ်းဖျဥ်းမေးတော့ အသက် ၁၇ နှစ်၊ သားဦးကိုယ်ဝန် ၊ ကိုယ်ဝန်အစပိုင်းမှာ ဆေးခန်းမှာပုံမှန်ဗိုက်လာအပ်ထားပြီး မွေးဖို့ ၂လလောက်အလိုမှာ ပေါ်မလာ ဇာတ်ကားရိုက်သွားတဲ့ မဗိုက်ကလေး…

အခု သွေးပေါင်က 200/120 တဲ့

အရင်လာပြတုန်းကတော့ တစ်ကြိမ်မှသွေးမတိုးဖူးဘူးတဲ့၊ ကံဆိုးချင်တော့ လာမပြတော့တဲ့အချိန် ကိုယ်ဝန်နောက်ပိုင်းမှ သွေးတိုးတာပေါ့

ကိုယ်လည်း ခေါင်းတော်တော်ကြီးသွားတယ်။ အသစ်ရောက်တဲ့ ဆေးမှူးဆရာကလည်း သူ မွေးလူနာနဲ့ပတ်သတ်ပြီး သိပ်မလုပ်နိုင်ဘူးတဲ့။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး…လူနာကသတိလစ်ပြီး တက်နေတာ ၊ သားအိမ်လည်းအကုန်ပွင့်နေပြီ၊ ဒီအချိန်ကြီး လွှဲလို့လည်းမမီနိုင်ဘူး၊ လူနာကလည်း မွေးစင်ပေါ်ရောက်နေပြီ….သူ့မှာ ဆရာတို့ပဲရှိတာ၊ ကျွန်တော် ဖုန်းထဲကပြောတဲ့အတိုင်း ကြိုးစားပြီးလိုက်လုပ်ကြဖို့ အားပေးပြီး ပြောရတယ်

လူနာက ကိုယ်ဝန်ဆိပ်တက်နေတာ ဆိုတဲ့အကြောင်း၊ ကိုယ်ဝန်ဆိပ်အတက်ကျဆေးMgSO4 ထိုးပြီး အမြန်ဆုံး ကလေးကိုမွေးဖို့လို့တဲ့အကြောင်းရှင်းပြပြီး လိုက်လုပ်ခိုင်းရတယ်

ပထမဆုံး လူနာကို O2 ပေးထားခိုင်းရတယ်။ နောက်ပြီး MgSO4 ကို ဆေးဗီဒိုမှာအမြန်ရှာခိုင်းရတယ်၊။ နေ့စဉ်သုံးနေကျဆေးမဟုတ်တော့ ကလေးတွေကမသိကြဘူး၊ ရှာမတွေ့ဘူး…အဲ့တော့ video call နဲ့ကြည့်ပြီး ကိုယ်ပဲရှာပေးရတယ်။ ၅ မိနစ်လောက်အကြာမှာ ဆေး တွေ့သွားတာနဲ့ ချက်ချင်းထိုးဖို့ လုပ်ခိုင်းရတယ်

ရှာနေတုန်းမှာပဲ လူနာကနောက်တစ်ကြိမ်ထပ် တက်တယ်။ နှုတ်ခမ်းတွေပြာ ၊ မျက်ဖြူကြီးလန်ပြီး တဆတ်ဆတ်နဲ့တက်နေတော့ ကိုယ်လည်း ဒီဘက်မှာ ထိုင်မရထမရ နဲ့ မနက်အစောကြီး ဂယက်တွေထတာပေါ့လေ

ဆေးကို သူ့ပမာဏအတိုင်း အတိအကျသေချာထိုးခိုင်း ၊ drip ထဲထည့်ပြီးချိတ်ခိုင်းအပြီးမှာ မွေးဖို့လုပ်ရတယ်။ လူနာက သတိမရတော့ဘူးဆိုတော့ မညှစ်နိုင်တော့ဘူး။ ကျန်ခဲ့တဲ့ ဆရာနဲ့ကလေးတွေတစ်ဖွဲ့လုံးကလည်း ကြောက်နေပြီး အကုန် ဂယောက်ခြောက်ခြားတွေဖြစ်နေကြပြီ။ အဲ့တော့ သူတို့ကို စိတ်ငြိမ်ငြိမ်ထားပြီး လုပ်စရာရှိတာ လုပ်ဖို့အားပေးရတယ်

လူနာက သွေးအရမ်းတိုးပြီး တက်လိုက် သတိလစ်လိုက်ဆိုတော့ ကလေးနှလုံးခုန်သံရမရ သေချာနားထောင်ခိုင်းရတယ်။ ရသလိုလို မရသလိုလိုပဲ ၊ မသေချာဘူးတဲ့။ သားအိမ်ကတော့အကုန်ပွင့်နေပြီ…

လူနာကသတိလစ်နေတော့ မညှစ်တော့ဘူး၊ လေစုပ်မွေးမှပဲရမယ်ဆိုတော့ ဆေးမှူးဆရာက သူတစ်ခါမှမဆွဲဖူးဘူးတဲ့…ကိုယ်လည်းကြံရာမရဖြစ်ပြီး တော်တော်လေး စိတ်ညစ်သွားတယ်။ ဒါပေမယ့်လည်း ရွေးစရာမရှိဘူး ဆရာပဲ လုပ်ရမှာပဲ…ကျွန်တော်ပြောတဲ့အတိုင်း လေစုပ်ခွက်ကို သေချာလေးထည့်ပါဆိုပြီး video call ကနေ ပါးစပ်နဲ့ vacuum ဆွဲရတယ်…

ကိုယ်နဲ့အတူ အရင်ကလုပ်နေကျ ကလေးတစ်ယောက်ကို အကူဝင်ခိုင်းရတယ်။ သူကမြင်နေကျ‌ဆိုတော့ အဆင်ပြေတယ်

ကိုယ်လည်းဒီဘက်မှာvideo call ကနေ အားမလို အားမရနဲ့ ခုန်စွခုန်စွတွေဖြစ်၊ သူတို့ကလည်းချွေးပြန်နဲ့ ၁၀ မိနစ်လောက်အကြာမှာ လေစုပ်ခွက်ထည့်လို့ရသွားတယ်။ အဲ့ဒါနဲ့ ဆွဲကြတော့ ထုံးစံအတိုင်း မအောင်မြင်ဘူးပေါ့….vacuum ကလည်းဆွဲနေကျမှ အထာသိပြီး လက်က အလိုက်သင့်အဆင်ပြေတာမျိုးကို….

အဲ့လိုနဲ့ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး ၃ ကြိမ်မြောက်မှာ အဆင်ပြေသွားတယ်

ကလေးကထွက်လာတော့ ပျော့ဖတ်ပြီး ပြာတောက်နေပြီ။ နှလုံးခုန်သံက သေချာမကြားဘူးတဲ့ ၊ အဲ့ဒါနဲ့ မွေးကင်းစကလေး အသက်ကယ်နည်း ကိုလုပ်ဖို့ ကြိုးစားရတယ်

ကိုယ်သင်ထားပေးတယ်ဆိုပေမယ့် ဒီလိုမျိုး နှာဖူးတွေ့ ဒူးတွေ့ အခြေအနေကျတော့ ကလေးတွေကလည်း အယောင်ယောင်အမှားမှားတွေဖြစ်ကြတာနဲ့ video call ထဲကနေ နိုင်သလောက် တဆင့်ချင်း ကြိုးစားပြီးလုပ်ခိုင်းရတယ်။ ကလေးကတော့ တိုးတက်မှုရှိမလာဘူး။ ၁၀ မိနစ်လောက်အကြာ အမေဘက်မှာ အချင်းကို မွေးနေတဲ့ဆေးမှူးဆရာကနေ လှမ်းခေါ်တော့ camera ကိုသူ့ဘက်လှည့်လိုက်တယ်…

Video Call မှာတွေ့လိုက်ရတာက အမေ သွေးသွန်တာ တစ်လက်မခွဲ ရေပိုက်ခေါင်းကနေ အရှိန်နဲ့ ပန်းထွက်လာသလိုမျိုး တဝေါဝေါနဲ့ ဆင်းနေတာ၊ လူနာက သတိလစ် ဖြူဖျော့နေပြီး မြင်လိုက်ရတာနဲ့ သွားပြီ ဆိုတဲ့ feeling မျိုးတန်းရတာ….သွေးပေါင်က 70/40တဲ့၊ အဲ့အချိန် စိတ်ထဲမှာမွန်းကြပ်တာကြီးက ပြန်တောင်မတွေးချင်ဘူး….

ကိုယ်လူတွေလည်း အရမ်းစိတ်ပူနေကြပြီး မလုပ်နိုင်တော့ဘူးပဲ ပြောနေကြတယ်၊ သူတို့ကို စိတ်ဓာတ်မကျဖို့ အားပေးပြီး တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစား ကယ်ဖို့ ပြောပေးနေရတယ်။

ကိုယ်လည်း ကလေးကိုနှာနှပ်နေတဲ့အဖွဲ့ကို ရပ်ခိုင်းလိုက်ပြီး အမေဘက်ကိုချက်ချင်းလာကူခိုင်းရတယ်။ ကလေးကိုတော့ မရနိုင်တော့မယ့်အတူတူ လက်လျှော့ လိုက်ရတော့မယ်၊ အမေအသက်က အရေးအကြီးဆုံးကို….

အရင်ဆုံး သွေးကြောထဲထည့်တဲ့ ပိုက်အကြီးကို နောက်တစ်လိုင်းထပ်ထိုးခိုင်းရတယ်၊ ပြီးတော့ သားအိမ်ညစ်ဆေးကို လိုအပ်သလိုထပ်ထိုးခိုင်းပြီး

ဆားရည်ပုလင်းတွေ ဆက်တိုက်သွင်းခိုင်းထားရတယ်။ ဒီအချိန်တွေးမိတာက နီးရင် အမြန်ပြေးသွားလိုက်ချင်တာရယ် ၊ harry potter ထဲကလို ရုပ်ရွှေ့ပြောင်းပြီး မွေးခန်းထဲကို ဖျတ်ခနဲ ရောက်သွားလိုက်ချင်တာရယ်ပဲ

သွေးအမျိုးအစား ခွဲတာအမြန်လုပ်ခိုင်းတော့ “ အို” သွေးတဲ့….

သွေးလှူရှင်ရှာခိုင်းဖို့ပြင်ရတယ်

ဆေးတွေထိုး ၊ ပုလင်းတွေချိတ်နဲ့ သွေးပေါင်လေးက 90/60 လောက်ဖြစ်ပြီး အောက်က သွေးဆင်းတာလည်း နည်းသွားတယ်။ နှလုံးခုန်နှုန်းကတော့ 140လောက်ရှိနေပြီး….လူကတော့ ဖြူစုတ်နေတာ paper white ပဲ

ဆေးမှူးဆရာက သူ့သွေးက “ အို” ဆိုတော့ သူပဲလှူမယ်တဲ့။ သွေးလှူရှင်ကိုစောင့်နေဖို့ အချိန်လည်းမရတော့ သူ့ဆီကပဲ ယူလိုက်ရတယ်….

ဆရာလည်း ရောက်ခါစမှာ တော်တော်ကြီးကို စိတ်ပင်ပန်းလိုက်ရတယ်

သွေးစသွင်းတော့ မနက် ၇ နာရီခွဲလောက်ဖြစ်နေပြီ။ ဆိုတော့ စိတ်ချရအောင် မြို့ကို လွှဲလိုက်မယ်ပေါ့။ သွေးလည်း ထပ်လိုအုံးမှာနဲ့ နောက်ထပ်သွေးသွန်ရင် ဒုက္ခထပ်ရောက်ကြမှာ စိုးရတယ်…

အဲ့ဒါနဲ့ သွေးတစ်ဝက်လောက်ကုန်တော့ သွေးပေါင် 100/60 ဖြစ်သွားပြီ ၊ အောက်က သွေးသွန်တာလည်း ရပ်သွားပြီဆိုတာနဲ့ ကားပေါ် တင်ပေးလိုက်ကြတော့တယ်…

ကိုယ့်လူတွေလည်း တော်တော်လေး စိတ်ဒဏ်ရာရကုန်ကြတာပေါ့

ဘာပဲဖြစ်ဖြစ် သားဦးကိုယ်ဝန်ကို အိမ်မှာမွေးရင်း ဒီလောက်သွေးတွေတိုးပြီး ကိုယ်ဝန်ဆိပ်တက်နေတာဆိုတော့ ကလေးက အစ‌ရောက်လာကတည်းက အသက်မပါတော့တာ ဖြစ်နိုင်တဲ့အကြောင်း ၊ ကိုယ်ဝန်ဆိပ်ကြောင့် သတိလစ် တက်ပြီးမှ အသည်းအသန် ရောက်လာတဲ့လူနာကြီးကို ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေ စနစ်တကျ လုပ်ပေးလိုက်နိုင်ကြတဲ့အကြောင်း ၊ ဆေးမှူးဆရာနဲ့ ကလေးတွေအားလုံး အလွန်တော်ကြလို့သာ အမေအသက်ကို ကယ်လိုက်နိုင်တာဖြစ်ကြောင်း အားပေးစကား ပြောရတယ်။

လူနာကတော့ မြို့ဆေးရုံမှာ သွေးတွေသွင်းပြီး ၃ ရက်လောက်နေတော့ ပြန်ဆင်းလာတယ်။ ထုံးစံအတိုင်း ကလေး သေတာကို ရွာထဲမှာအသံထွက်ကြတာပေါ့…ဆေးခန်းကိုရောက်ရဲ့သားနဲ့ ကလေးက ဘာလို့အဖက်မတင်ရသလဲ ဘာညာသာရကာတွေ လျှောက်ပြောကြတယ်တဲ့။

ကျွန်တော်ပြန်ရောက်တော့ လူနာက မွေးလမ်းကြောင်း အနာသိပ်မကောင်း လို့ ပြန်လာပြတယ်…

ကိုယ်လည်း အဲ့နေ့က အခြေအနေကို သေချာပြန်ရှင်းပြပြီး အမေ အ‌သက်ဆုံးရှုံးဖို့ နည်းနည်းသာလိုတော့တဲ့အချိန်မှာ ဒီကဆရာတွေကြောင့်သာ အမေအသက်ကိုကယ်လိုက်နိုင်တဲ့အကြောင်း၊ ကိုယ်ဝန်စောင့်ရှောက်မှုကိုသာ ရက်ချိန်းအတိုင်းလာပြရင် သွေးတိုးတာကို အချိန်မီသိပြီး အန္တရာယ်ကင်းအောင် လုပ်နိုင်မှာဖြစ်ကြောင်း ‌၊ နောက်ကိုယ်ဝန်မှာလည်း ကိုယ်ဝန်သေချာအပ်ပြီး ဆေးရုံဆေးခန်းမှာမွေးဖို့လိုကြောင်း ပြောပြတော့ သူတို့လည်း နားလည်သွားကြတယ်…

..

ကိုယ့်မှာလည်း ပင်ပန်းလွန်းလို့ သင်တန်းတက်တုန်းခဏလေး စိတ်လွတ်ကိုယ်လွတ် နားရမယ်ထင်တာကို video call နဲ့ ကလေးမွေးရင်း လောင်လိုက်ရတာ ဆိုတာ….

နောက်ရက်တွေလည်း လူက သိပ်မပျော်နိုင်တော့ဘူး၊ သင်တန်းမြန်မြန်ပြီး ဆေးခန်းမြန်မြန်ပြန်ဖို့ပဲစိတ်က ရောက်နေတော့တာ….

video call နဲ့ လောင်ရတာထက်စာရင် ကိုယ်တိုင် ပြေးလုပ်လိုက်ရတာက ပိုအားရတယ်လေ????

ပြန်ရောက်တော့လည်း ဗိုက်တွေက အများကြီးနဲ့မရပ်မနား အတိုးချပြီးများ လာမွေးနေသလားထင်ရတယ်

ကြင်စိုးတို့အဖွဲ့ မြန်မြန်လစ်မှ ငါလည်းနားရမှာပဲ

????????????

.

Dr Harry

လွတ်မြောက်နယ်မြေတစ်နေရာ

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here