Hello…
ကျွန်တော် Dr Harry ပါ
စာရေးရမယ့်အချိန် ရောက်လာတော့ ဒီတစ်ခါ ဘာအကြောင်းများ ရေးရမလဲ တွေးရင်း… တောမှာ ဆရာဝန်တစ်ယောက်အနေနဲ့ နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ရေးဖို့ စိတ်ကူးရတယ်။ ကိုယ့်ထက် ခက်ခဲတဲ့နေရာက သူတွေကိုလည်း လေးစားအားနာရပါတယ်။
တော်လှန်ရေး ကာလကလည်း ၂ နှစ် ကျော်လာပြီး ဒီဘက်မှာလည်း လူနာကြည့်ရတာ ကြာလာပြီဆိုတော့ အခက်အခဲတွေ အများကြီးနဲ့ နေသားတကျ ဖြစ်လာပါပြီ။ ဒါပေမယ့် စိတ်တော့ညစ်ရတာပေါ့လေ…
ပထမဆုံးအခက်အခဲကတော့ ဘာသာစကား အခက်အခဲပါပဲ။ နေ့စဉ် လူနာအများကြီးကို ရောဂါ ရာဇဝင်မေးရတဲ့အခါ အတော်ခက်ခဲပါတယ်။
ဘာသာပြန်ပေးတဲ့ ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေကတစ်ဆင့် ကိုယ်သိချင်တာတွေကို တစ်ချက်ချင်း စိတ်ရှည်လက်ရှည် မေးရတယ်။ သူတို့ ပြန်ဖြေတာကို လည်း တစ်ဆင့်ပြန်နားထောင်ပြီး ကိုယ်လိုချင်တဲ့ သဲလွန်စတွေကို သေချာပြန်ကောက်ယူပြီး အဖြစ်နိုင်ဆုံးရောဂါကို နာမည်တပ်ရတယ်။
သွေးစစ်၊ ဓာတ်မှန်ရိုက် လုပ်မရတော့ မေးရင်းစမ်းရင်းကနေ ရောဂါကိုအတတ်နိုင်ဆုံး ခန့်မှန်းရတာပေါ့။ အဲ့ဒီတော့ ပါးစပ်ရော၊ လက်ရော၊ ဦးနှောက်ရောက အတော်အလုပ်လုပ်ရပါတယ်။
ညနေ လူနာကြည့်ပြီးချိန်ဆို ပါးတွေညောင်း၊ ခေါင်းတွေနောက်ပြီး လူက မလှုပ်နိုင်တော့ဘူး…????
နောက်တစ်ခုက အရေးပေါ် လူနာတွေပါ။ အနီးအနား တစ်ဝိုက်က အရေးပေါ်မှန်သမျှ ကိုယ့်ဆီလာပါတယ်။ လွှပြတ်၊ ကားမှောက်၊ မြွေကိုက်၊ အမောဖောက်၊ သစ်တုံးပိ၊ သေနတ်မှန်၊ မိုင်းထိ၊ သတိလစ်၊ ဆိုင်ကယ်တိုက်၊ ထွေလာကြိတ်….case အစုံပလုံကို လာတာပါ။ အရေးပေါ်ဆိုတဲ့အတိုင်း ၂၄ နာရီ ကြိုက်သလိုလာတော့ တစ်ယောက်ထဲ ရူးခါနေအောင်လုပ်ရပါတယ်…
အဲ့လို case တွေအတွက် လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေကိုလည်း ကိုယ့်ဟာကိုယ်ပဲ ကြိုတင်စီစဉ်ထားရတယ်။
အရင်ကတော့ အိပ်ရင်တောင်စိတ်မဖြောင့်ဘူး… ညဘက် ခြံတံခါး ဖွင့်သံကြားတာနဲ့ ဘာတွေများလာပြန်ပြီလဲဆိုပြီး လောင်ရပြန်ရော။ အခုကတော့ တစ်ယောက်ထဲ လုပ်ရင်းကိုင်ရင်း အချိန်ကြာလာတော့ confidence level တွေ so high ပြီး အကြောက်အလန့်လည်း သိပ်မရှိတော့ပါဘူး ????
..
..
စိတ်ညစ်စရာကောင်းတဲ့ နောက်တစ်ချက်က…ရောဂါ ဖြစ်ဖြစ်ချင်း လာမပြဘဲ ထင်ရာတွေလုပ်ပြီး မရှူနိုင်မကယ်နိုင်ဖြစ်မှ ဆေးခန်းလာတဲ့အဖွဲ့ပါ။
ရွာဆရာဆိုတာတွေနဲ့ ဆေးတွေပတ်ထိုး၊ ရေမန်းတွေလှိမ့်သောက်၊ အနာမရှိလိုက်နဲ့…အရွက်ပေါင်းစုံ ထောင်းထည့် ပြီးသားပဲ။ မွေးလူနာဆိုလည်း ခြေထောက်တန်းလန်းထွက်မှ၊ ခေါင်းထွက်ပြီး ပုခုံးတစ်နေမှ လာတာတို့ အကွက်စုံပါပဲ…
အဲ့လို လုပ်ချင်ရာလုပ်လာသမျှကို နောက်ကနေလိုက်ရှင်းရတာ တော်တော် မလွယ်တာပါ။ ဒီပြဿနာက အစပိုင်းမှာတော်တော်ကြီးကို စိတ်ညစ်လောက်အောင်ကြုံရပေမယ့် အခုနောက်ပိုင်းတော့နည်းလာပါပြီ….
နည်းဆို…ပေါက်ကရလုပ်လာရင် ဒီဆရာဝန်က အသံပြဲနဲ့ ကုန်းအော်တာကို ????
ချော့တလှည့် ဆူတလှည့်နဲ့ အဲ့ဒီအရွက်တွေထောင်းထည့်တဲ့ကိစ္စကတော့ သိသိသာသာကို လျော့သွားပါပြီ။
…
…
နောက်ထပ် ပြဿနာကတော့ ကိုယ့်ပြဿနာပါပဲ။
ဆရာဝန်စဖြစ်ကတည်းက ရောက်လေရာမှာ ကလေး ပိုးစိုးပက်စက် မွေးတဲ့ပြဿနာ။ ဘယ်ဘဝက ရေစက်လဲ မသိဘူး… သားဖွားမီးယပ် ဘာသာရပ်ကို စိတ်မဝင်စားပေမယ့် မွေးလူနာတွေနဲ့ကတော့ အသားကုန် အကျိုးပေးတာ။
ထွေလာပေါ်မှာ မွေးဖူးတယ်၊ အရေးပေါ်မှာ မွေးတယ်၊ ကုတင်ပေါ်မှာ၊ အိမ်သာထဲမှာ၊ ဝှီးချဲပေါ်မှာ၊ ကားပေါ်မှာ၊ လူနာဆောင်အပြင်ဘက် လျှောက်လမ်းမှာ၊ နေရာကို စုံနေရောပဲ။ ဖြစ်လိုက်ရင်လည်း အူယားဖားယား အသည်းအသန်တွေ။
ဘွဲ့လွန်တက်ရတော့ ဒီဝဋ်က ကျွတ်ပြီမှတ်တာ ကြင်စိုး ခွေးဇာတ်ခင်းလို့ ကိုယ့်မှာ မလွတ်မြောက်နိုင်ဘူး ????
ဒီဘက်ရောက်တော့လည်း မွေးရတာဆို ခန့်မှန်းခြေ ၁၀၀ ကျော်လောက်ရှိပြီ။ တစ်နေကုန် လူနာကြည့်ပြီး ပင်ပန်းလွန်းလို့ အိပ်ပျော်ပြီဆို…လာပါပြီ မဗိုက်တွေ။ တစ်ပတ်မှာ ၄ ယောက် ၅ ယောက်လောက်က ပုံမှန်ပဲ။
ခွဲစိတ်ခန်း သီးသန့် မရှိတဲ့နေရာဆိုတော့ မွေးလူနာတစ်ယောက်လာတိုင်း ထွက်မှာလား၊ မထွက်ဘူးလား၊ ဘယ်အချိန် လွှဲရမလဲ၊ ဘယ်အချိန် ခွဲရမလဲက စိတ်ပူနေရတယ်။ ဗိုက်တစ်လုံး လာတိုင်း ကိုယ့်ခေါင်းပေါ်ရွက်ထားရသလို စိတ်ပင်ပန်းရပါတယ်…
ဒါပေမယ့် ကိုယ်ပဲကံကောင်းနေသလား၊ လူနာတွေပဲကံကောင်းနေသလား တော့မသိဘူး။ ၂ နှစ် နီးပါးအတွင်း မမွေးနိုင်လို့ လွှဲရတာ လက်ငါးချောင်း မပြည့်ဘူး။
လာသမျှ ဆေးခန်းမှာတင် ရိုးရိုးမွေး၊ လေစုပ်၊ ညှပ်ဆွဲနဲ့ ထွက်ကြတယ်။ ရှားရှားပါးပါး အနေနဲ့ လွှဲလို့မရလို့ မွေးခန်းထဲတင် ခွဲလိုက်ရတာ တစ်ယောက်ရှိဖူးတယ်။ ရင်တမမနဲ့ ဘုရားတပြီး လုပ်ရတာပေါ့။ အဲ့လိုတွေ လုပ်ရလေ လူနာက ပိုလာလေနဲ့ ကိုယ့်မှာ အိပ်ခန်းထဲထက် မွေးခန်းထဲမှာ နေရတာတောင် ပိုများနေမလားပဲ။
ခက်ခက်ခဲခဲ မွေးရတဲ့အခါတွေ၊ မွေးပြီး နောက်ဆက်တွဲ ပြဿနာတွေနဲ့ နှာနှပ်ရတာတွေဆို လုပ်ပြီးရင် စိတ်ပင်ပန်းလွန်းလို့ ဗိုက်တွေကို မမြင်ချင်တော့တဲ့အထိပဲ…
တစ်နေကုန် လူနာများလို့ ပင်ပန်းနေတဲ့အချိန်၊ မွေးလူနာကို ည တစ်နာရီ၊ နှစ်နာရီ အချိန်လောက်မှာ မွေးပြီး ပြန်အိပ်လို့ ၁၅ မိနစ်လောက်အကြာမှာ ဖုန်းဆက်ပြီး ဆရာရေ နောက်ထပ်မွေးလူနာလာတယ်ဆို အနှိုးခံရတဲ့ feeling ကြီးက A Thay ဆာ တာ ????
တော်လှန်ရေး ပြီးရင်တော့ ကလေးမွေးတဲ့အလုပ်ကို လုံးဝမလုပ်ဘဲ ဗိုက်တွေကိုဝေးဝေးရှောင် ဖို့ဆုံးဖြတ်ထားပါတယ် ????
…
…
နောက်တစ်ခုက လူနာအရမ်းများလွန်တော့ ဝန်ပိတဲ့ပြဿနာပါ။ ဆေးခန်းမှာ ဆရာဝန်က ကျွန်တော်ရယ်၊ တခြား project တစ်ခုက ဆရာရယ်ပဲ ရှိတယ်။
အဲ့ဒီဆရာက သူ့အလုပ်ရှိတဲ့အချိန်ဆို ခရီးထွက်ရပြီး သူ့အလုပ်အားတဲ့ရက်တွေမှာ လူနာကူကြည့်ပေးတယ်။ ကျန်တာကတော့ ကျွန်တော်နဲ့ ဒေသခံ ကျန်းမာရေး လုပ်သားကလေးတွေရယ်ပဲ 24/7 ဒိုင်ခံရုန်းကြရတာပေါ့။ ပြင်ပလူနာက တစ်ရက်ကို ၆၀~၁၀၀ ကြားရှိပြီး မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ တစ်ပတ်မှာ ၆ ရက် ကြည့်ပါတယ်။
ခွဲစရာ case ရှိရင် ညနေနဲ့ ညဘက်တွေမှာ လုပ်ရတယ်။ ပြီးရင် အရေးပေါ်လူနာတွေ၊ မွေးလူနာတွေက အမြဲရှိနေတော့ နေ့ရောညရော တောက်လျှောက်လုပ်နေသလို ဖြစ်နေတာပေါ့။ နောက်ပြီး ဆေးကိစ္စ၊ ရေ၊ မီး အကုန် ကိုယ်ပဲလုပ်ရတော့ တိုက်နယ်ဆေးရုံ တစ်ရုံစာ အလုပ်တွေကို တစ်ယောက်ထဲ လုပ်နေရသလိုပဲ ????
တစ်နှစ်လောက် ဒီပုံစံနဲ့ အလုပ်လုပ်နေရတော့ စိတ်ရော လူရော ပင်ပန်းရပေမယ့် ကိုယ်ကလည်း ဒါပဲလုပ်တတ်တာရယ်၊ မလုပ်ရရင် မနေနိုင်တာရယ်ကြောင့် ဆက်လုပ်ပေးဖြစ်နေတုန်းပါပဲ။ ရေရှည်အတွက်ကတော့ တစ်မျိုးမျိုး စီစဉ်ကြရမှာပေါ့လေ…
..
..
စိတ်ညစ်စရာတွေချည့် ရေးပြသလို ဖြစ်နေတော့ ကိုယ့်မှာ ပျော်စရာရော ရှိရဲ့လားမေးရင် ရှိပါတယ်။ အဲ့ဒါကတော့ အချစ်ခံရတာပါပဲ…
ဒီမှာ မြို့နဲ့မတူတာက ကိုယ့်လူနာတွေက ကိုယ့်ကို ချစ်ကြတာကို သိသိသာသာ ခံစားရပါတယ်… ထမင်းဖိတ်ကျွေးတဲ့ အိမ်တွေများလို့ တစ်ခါတလေ ညစာကို ၂ အိမ်ခွဲပြီး စားရတဲ့အထိပဲ ????
နောက်ပျော်စရာတစ်ခုကတော့ ကိုယ့်ကြောင့် အသက်ရှင်သွား၊ နေကောင်းသွားတဲ့ လူတွေပါပဲ။ ဆရာဝန်တစ်ယောက်အတွက် ဒါကအရေးကြီးဆုံးမဟုတ်လား…
အရမ်းပင်ပန်းပေမယ့် အဲ့လိုတွေကနေ ဆက်ပြီး အလုပ်လုပ်ဖို့ ခွန်အားရပါတယ်
နောက်တစ်ခုကတော့ ဒီမှာဆရာဝန်အလုပ်လုပ်နေရတာကိုက CDM လုပ်လို့ဆမသိမ်းတယ်ဆိုတဲ့ ဟိုခွေးသူခိုးတွေကို အခွက် ဖြတ်ကန်ပြီး ရှူးနဲ့ပန်းရသလို feeling မျိုးရတယ်လေ…
????????????
Dr Harry
လွတ်မြောက်နယ်မြေတစ်နေရာ
Ministry of Health,
National Unity Government.