Hello…
ကျွန်တော် Dr Harry ပါ
အရင်ကတော့ ဘွဲ့လွန်ကျောင်းသား ဆရာဝန်ပါ
အခုကတော့ တော်လှန်ရေးနယ်မြေတစ်ခုက ဆေးခန်းမက ၊ ဆေးရုံမကျနေရာလေးတစ်ခုမှာ လာသမျှလူနာကြည့်ပြီး နိုင်သလောက်လုပ်နေတာ တစ်နှစ်ပြည့်ပြီပေါ့
ဆရာဝန်စဖြစ်ကတည်းက ကျွန်တော်က ထူးထူးခြားခြားကို ကေ့စ် လိုက်ပါတယ်။ ဆေးရုံမှာ ကိုယ့်ဂျူတီဆို အမြဲရှုပ်ရှက်တွေခတ် ဝုန်းဒိုင်းတွေကြဲပေါ့လေ
အဲ့လို ရှုပ်တဲ့အထဲမှာမှ မွေးလူနာတွေနဲ့ ပိုအကျိုးပေးပါတယ်။ ကျောင်းတက်ကတည်းက OG ကိုသိပ်စိတ်မဝင်စားပေမယ့် ဘယ်ဘဝကရေစက်မှန်းမသိ ၊ ရောက်လေရာမှာ ကြုံသလို ကလေးတွေအများကြီးမွေးပေးရပါတယ်
ထွေလာပေါ်မှာ မွေးတယ်၊ အရေးပေါ်က ခုတင်မှာမွေးတယ်၊ အိမ်သာထဲမှာ မွေးတယ်၊ ဝှိးချဲပေါ်မှာ မွေးတယ်၊ လူနာခုတင်ပေါ်မှာ ခေါင်းတစ်တယ်၊ ကားပေါ်တက်မွေးရတာတော့ အကြိမ်ကြိမ်ပါပဲ
ဘွဲ့လွန်ဝင်ခွင့်အောင်တော့ ငါဒီဝဋ်ကကျွတ်ပြီဆိုပြီး တော်တော်ပျော်ခဲ့တာ
ဒါပေမယ့် ကံ ကမကုန်သေးတာလား၊ ဝဋ်ကြွေးပဲမ မကျေသေးတာလား ၊ အခုရောက်တဲ့နေရာမှာတောင် ဆက်မွေးနေရတာ ၁၀၀ နီးပါးရှိတော့မလားပဲ
ကိုယ့်အကြောင်းမိတ်ဆက်တာနဲ့ တော်တော်စာရှည်နေပြီ။ အဲ့လို ဗရုတ်သုတ်ခ ဝုန်းဒိုင်းကြဲပြီး မွေးပေးနေရတာတွေထဲက မှတ်မှတ်ရရ ဖြစ်စရာလေးတွေကို အားတဲ့အခါ တစ်ခုချင်းစီရေးပါ့မယ်
အခု ကေ့စ် ကတော့ ရောက်ခါစအချိန်က ဘာမှမပြည့်စုံသေးတဲ့ နေရာလေးတစ်ခုမှာပါ။ ဆေးခန်းနဲ့ ကိုယ်နေတဲ့နေရာက ၁ မိုင်နီးပါးဝေးပြီး မြစ်ရေတက်တဲ့ချိန်ဆိုတော့ လမ်းမရှိပါဘူး
Covid 3rd wave နဲ့ lockdown တွေကြောင့် ပိတ်ခိုင်းထားလို့ ဆေးခန်းလေးခဏပိတ်ထားရတယ်
ည ၉နာရီမှာ ဖုန်းလာတယ်။ 39 year G5 P4+0 with previous one scar in labour ( ၃၉နှစ် ၅ကြိမ်မြောက်ကိုယ်ဝန်၊ အရင်တစ်ကြိမ်ခွဲမွေးဖူးပြီး၊ အခုဗိုက်နာနေပြီ)ကို သွေးပေါင် က 200/140 နဲ့ သွေးတွေလည်းဆင်းနေတယ်ဆိုတော့ ကိုယ်ပါသွေးဆောင့်တက်တယ်
တကယ်တော့ ဒါ ကိုယ်တွေ ဆေးခန်း level မှာ မွေးရမယ့် ကေ့စ် မဟုတ်ဘူး။ အဲ့တော့ ထွက်မကြည့်တော့ဘူး ၊ သွေးပေါင်ကျဆေး(Nifedipine)တိုက်ပြီး လွှဲမယ်စိတ်ကူးပေမယ့် လူနာကိုမကြည့်ဘဲ လွှတ်လိုက်ဖို့ ကိုယ့်စိတ်ကဘယ်လို့မှ ခွင့်မပြုဘူး
အဲ့တော့ Lockdown ပေမယ့် ခွင့်တောင်းပြီးထွက်ကြည့်ဖို့လုပ်ရတယ်။ လူကြီးတွေကလည်း အချိန်မတော် လုံခြုံရေးစိတ်မချတာနဲ့ ထွက်ခွင့်မပြုချင်ဘူးဖြစ်နေတော့ အတော်ကိုညှိနှိုင်းရှင်းပြပြီး ခွင့်တောင်းရပါတယ်…
လမ်းကလည်းမြစ်ရေတက်နေတော့ မိုးရွာထဲ အမှောင်ထဲမှာ စက်လှေနဲ့ သွားရတယ်။ ဘဝမှာ 1st time ညဘက်လှေစီးဖူးတာပဲ…
အသွားတုန်းကတော့ လူနာဇောနဲ့ဆိုတော့ မသိသာပေမယ့် ၊ အပြန်ကျ အမှောင်ကြီးထဲ ရေစီးအရမ်းသန်နေတဲ့ကြားမှာ ဝဲတွေ ဒိုက်တွေ အမှိုက်တွေ သစ်တုံးတွေနဲ့ မှောက်လိုက်လို့ကတော့အသေပဲဆိုပြီး အသက်တောင်ပြင်းပြင်းမရှူရဲဘူး
ဟိုရောက်တော့ အောက်ကနေ VE စမ်းကြည့်တော့ သားအိမ်ဝက 9 cm….ရေမွှာမပေါက် သေးဘူး၊ အိမ်မှာမွေးနေတာ ၂ရက်ရှိပြီတဲ့…သွေးအရမ်းဆင်းနေတာတော့မဟုတ်ဘူး ၊ သားအိမ်ခေါင်းချွဲပဲဆင်းတာ
လွှဲဖို့ကလည်း မိုးထဲလေထဲမှာ ထွေလာကြီးနဲ့ G5 scar in labour , Os 9 ကြီးဆိုတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး…
( ဖြစ်နိုင်လည်း lockdown တွေကြောင့် လွှဲလို့လည်း မရဘူး )
အဲ့တော့ risk ကို အကြီးအကျယ်ယူပြီး မွေးဖို့ပြင်ရတယ်
ကူပေးမယ့်လူကလည်း အတွေ့အကြုံမရှိသေးတော့ အကုန်နီးပါး ကိုယ်ဟာကိုယ်ပြင် ၊ ပါးစပ်ကလည်း ဆက်တိုက်ခိုင်းပြီး လူနာခုတင်ပေါ်တင် မွေးဖို့ ပြင်ရတယ်။ အဲ့အချိန်မှာရှိတဲ့ stress ကတော့ ငယ်ထိပ်တက်ဆောင့်ပြီး ပေါက်ထွက်မလားတောင်ထင်ရတယ်
မွေးမရရင် ဘာဆက်လုပ်ရမလဲ ဆိုတဲ့ plan ကရှိမနေဘူး…
ဘာမှကိုလုပ်မရတာ
အရင်ဆုံး ရေမွှာဖောက်လိုက်တယ်။ ရေမွှာရည်က အရောင် အတော်နောက်နေပြီ။ grade 1လား grade 2လား ရှိတဲ့မီးရောင်နဲ့ သေချာမခွဲခြားနိုင်ဘူး။
ပြီးတော့ ဆီးပိုက်ထည့် buscopen တစ်လုံးထိုးလိုက်တယ်…
ကလေးခေါင်းကမြင့်နေတော့ တော်တော်နဲ့မဆင်းလာဘူး
တစ်ခါခွဲမွေးဖူးပြီးသားဆိုတော့ စိတ်ပူလို့ အကြာကြီးမစောင့်တော့ဘဲ လေစုပ်မွေးဖို့ပြင်ရတယ်။ အသစ်စက်စက် vaccum စက်ကိုထုတ် ၊ ပစ္စည်းတွေ တပ်ပြီး ဆွဲဖို့ကြိုးစားနေတုန်း…
Vacuum cup ထည့်အပြီး သူလည်းညှစ်အထုတ် မဆွဲလိုက်ရပဲထွက်လာရော
ကလေးကကောင်းလို့တော်သေးတယ် အာပြဲစိန်လေး။ ၅ယောက်မြောက်ဆိုပေမယ့် မွေးလမ်းကြောင်းကအပြဲဒဏ်ရာတွေကတော့ မနည်းလိုက်ချုပ်ယူရတယ်။ သွေးပေါင်တက်နေတော့ သွေးက ချုပ်လိုက်ထွက်လိုက်ပဲ။ ဒီကြားထဲ လူနာက ပန်းနာရင်ကြပ်ရှိတော့ ကြပ်နေလို့ Nebulizer ရှုခိုင်းရသေးတယ်
( မီးစက်လေး တစ်လုံးရှိပေမယ့် မီးကမဆင်ရသေးတော့ မီးစက်ကနေ ပလပ်ခုံတစ်ခုထုတ်ပြီး ရှိသမျှ device အကုန်သုံးနေရတာ၊ စက်တွေပျက်မှာတွေးပြီးလောင်ရတာကတစ်မျိုး )
သွေးပေါင်ငြိမ်အောင် လုပ်၊ ဆီးဆေးလေးထိုး၊ အကုန်ပြီးတော့ သူကအေးဆေးနို့ထိုင်တိုက်နေလေရဲ့။ အားလုံးပြီးမှပဲ သက်ပြင်းချနိုင်တော့တယ်
ပြန်ရောက်တော့ ၁၂ ခွဲ၊ တစ်ကိုယ်လုံးနံစော်နေလို့ မိုးအေးအေးနဲ့ ရေချိုးခေါင်းလျှော်လုပ်ပြီးမှ အိပ်ရတယ်။ ကိုယ်က ကေ့စ်ရှုပ်တတ်တယ်ဆိုပေမယ့် အခုလိုအခြေအနေမှာ စိတ်ဒုက္ခရောက်ရတာကတော့ ဟိုခွေးသူတောင်းစား မအလ ကြောင့်ပဲ။ လူနာတွေရဲ့ဒုက္ခဆို တွေးကြည့်တာနဲ့ ရင်မောတယ်။
ဒီ ကေ့စ် ကတော့ ပြန်တွေးတိုင်း ရင်မောရတဲ့ အမှတ်တရတစ်ခုပါပဲ။ နောက်ထက်လည်း ဒီထက် ဆိုးတဲ့ stress တွေနဲ့ ဘယ်လိုတွေ လောင်နေခဲ့လဲဆိုတာ အချိန်ရရင် ရေးပါအုံးမယ်
Dr Harry
လွတ်မြောက်နယ်မြေ တစ်နေရာ