Hello
ကျွန်တော် Dr Harry ပါ…
မအားလို့ စာမရေးဖြစ်တာ ကြာသွားပြန်ပြီ။
ခွဲခန်းနဲ့ဆေးခန်းက နေရာမတူတော့ တစ်ရက်တစ်ရက်ဟိုပြေးဒီပြေးနဲ့ စာရေးဖို့အချိန်မရတာနဲ့ မရေးဖြစ်တာပါ။
ကျွန်တော့်ဆေးခန်းလေးက လူနာများပေမယ့် အကြောင်းကြောင်းကြောင့် ခွဲခန်းလုပ်ဖို့အဆင်မပြေတာနဲ့ မိနစ် ၃၀ လောက် ကားမောင်းသွားရတဲ့နေရာမှာ ခွဲခန်းလုပ်ဖြစ်ပါတယ်။ အဲဒီတော့ ဆေးခန်း ၂ ခုကို ပြေးလွှားပြီးလုပ်နေရတော့ အသက်တောင်မနည်းလုရှူနေရတယ်။
ဒီတစ်ခါအကြောင်းအရာကလည်း ထုံးစံအတိုင်း ဗိုက် ပြဿနာပါပဲ။
လူနာက အသက် ၄၄ နှစ် ၆ ယောက်မြောက်ကိုယ်ဝန်ပါ။ ကိုယ်ဝန်အစပိုင်းမှာ ဆေးခန်းမှာပုံမှန်လာပြနေပြီး လစေ့တော့ ပေါ်မလာတော့ပါဘူး။ ၄၄ ပတ်ရောက်မှ အိမ်မှာ တစ်ညလုံး လက်သည်နဲ့သမနေပြီး မနက် ၈ နာရီလောက်မှာ ဆေးခန်းကိုရောက်လာပါတယ်။ ကျွန်တော်က ခွဲခန်းဘက်မှာအရေးပေါ်ရှိလို့ ညသွားအိပ်ရတော့ သူရောက်ချိန်မှာ ဆေးခန်းမှာရှိမနေပါဘူး။ ဆေးခန်းက medic က အခြေအနေကို ဖုန်းဆက်အကြောင်းကြားပြီး ကျွန်တော့်ကို လှမ်းခေါ်ပါတယ်။ လူနာက သားအိမ်အကုန်ပွင့်နေပြီး မညှစ်နိုင်တော့လို့ မွေးစင်ပေါ်တင်ထားပြီး ဆရာ့ကိုစောင့်နေပါတယ်တဲ့။
ကိုယ်လည်း လိုအပ်တာတွေလုပ်ခိုင်းထားပြီး ဆေးခန်းကို အမြန်ပြန်ရတာပေါ့။ လမ်းကလည်း အရမ်းဆိုး တော့ ကားကိုမနည်းထိန်းမောင်းရတယ်။ တနင်္လာနေ့မို့ ဆေးခန်းမှာ ပြင်ပလူနာတွေကလည်း အပြုံလိုက်နဲ့ ကြိတ်ကြိတ်တိုးနေကြပါတယ်။ မွေးခန်းထဲရောက်တော့မှ လူနာကိုမှတ်မိသွားတော့ ကိုယ်လည်း တစ်ချက်စိတ်တိုသွားတယ်။ ကိုယ်ဝန်က လမစေ့ခင်ကတည်းက သွေးဆင်းလိုက်၊ ဗိုက်နာလိုက်တွေဖြစ်လို့ ခဏခဏကြည့်နေရတဲ့ဗိုက်၊ အသက်လည်းကြီး ကလေးလည်းများတော့ အန္တရာယ်ရှိလို့ ဆေးခန်းမှာမွေးဖို့မှာထားတာကို အိမ်မှာမွေးဖို့ကြိုးစားပြီး မရှူနိုင်မကယ်နိုင်မှပဲ ကြွတော်မူလာတာ။
ကိုယ်ဆူတော့လည်း မျက်နှာငယ်နဲ့။ ထုံးစံအတိုင်း အပြင်မှာလျှောက်လုပ်လို့ဝတော့ မြို့လွှဲရင်လည်း မသွားနိုင်လို့ အကုန်ဆရာ့လက် အပ်ပါတယ်ပေါ့။ ကိုယ်ဝန်ကလစေ့ပြီး တစ်လလောက်ကျော်နေတော့ ကလေးက ရေမြွှာလည်းမကျန်တော့ဘူး။ စမ်းလိုက်တော့ သားအိမ်ကအကုန်ပွင့်နေပြီး ခေါင်းကမဆင်းလာဘဲ နည်းနည်းမြင့်နေပါတယ်။
၆ ယောက်မြောက်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ထွက်လောက်မှာပါဆိုပြီး လေစုပ်မွေးဖို့ လုပ်လိုက်တယ်။ လူနာကတော့ တအားပင်ပန်းနေပြီး လုံးဝမညှစ်တော့ပါဘူး။ ကလေးခေါင်းက တစ်နေတာကြာတော့ ရောင်လာပြီး ခေါင်းထိပ်မှာ ဖုနေပါပြီ။ လေစုပ်ဆွဲတော့ လည်း နည်းနည်းပဲပါလာပြီး လေစုပ်ခွက်ပြုတ်တာနဲ့ ခေါင်းကအပေါ်ပြန်ပြန်တက်သွားပါတယ်။ ဆွဲလေ ကလေးခေါင်းက ပျော့လာလေနဲ့ ဘယ်လိုမှဆွဲမရတော့ပါဘူး။
တကယ့်စာထဲကအတိုင်းဆိုရင်တော့ ဒီအချိန်မှာ ခွဲမွေး ရတော့မှာပါ။ ကိုယ့်မှာက ခွဲခန်းကတစ်နေရာ၊ မွေးခန်းကတစ်နေရာနဲ့ဆိုတော့ ကလေးအခြေအနေရော အမေအခြေအနေရောကြည့်ပြီး ညှပ်ဆွဲကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ညှပ်ကိုထည့်တော့ နာရီဝက်လောက်ကြာတဲ့အထိကို အံကျအောင် lock လုပ်လို့မရပါဘူး။ မွေးချိန်ကလည်း ၂ နာရီကျော်လာပြီ။ အမေကလည်း အတော်ပင်ပန်းပြီး မောနေပြီ။ ကလေးကလည်း ရက်လွန်လို့ရေမြွှာမရှိတာရော၊ မွေးချိန်ကြာလို့ မွန်းနေတာရောနဲ့ အခြေအနေကမကောင်းတော့ပါဘူး။ လေစုပ်ဆွဲထားတာကြောင့်ရော ညှပ်ထည့်ပြီး အားနဲ့အံကျအောင်တပ်ရတာကြာတာရောကြောင့် ကိုယ့်လက်နှစ်ဖက်ကလည်း အရမ်းနာနေပြီး ဆက်မတပ်နိုင်တော့ပါဘူး။ ချွေးသီးချွေးပေါက်ကျအောင်ကြိုးစားပြီး ခဏအကြာမှာတော့ ညှပ်ကိုအံကျအောင် တပ်လို့ရသွားပါတယ်။
ဒါပေမယ့် ဆွဲတော့ ကလေးက ပါမလာပြန်ပါဘူး။ ကိုယ်လည်း မနက်ကတည်းက ဘာမှမစားထားရတာရော၊ အိပ်ရေးပျက်တာ ရက်ဆက်နေတာကြောင့်ရော ချွေးစေးတွေပျံလာပြီး မူးလာလို့ မွေးခန်းကြမ်းပြင်ပေါ်လှဲချလိုက်ရပါတယ်။ ဆရာမူးလဲပြီဆိုပြီး အကုန်ပျာယာတွေခပ်၊ ရေတွေပြေးယူ၊ အချိုရည်တွေလာတိုက်နဲ့ အကုန်ယောက်ယက်ခတ်ကုန်ကြပါတယ်။ ခဏကြာတော့မှပဲ သက်သာသွားပါတယ်။
အဲဒါနဲ့ပဲ လက်လျှော့လိုက်ပြီး အရေးပေါ် ခွဲမွေးဖို့ဆုံးဖြတ်လိုက်ရပါတယ်။
လူနာကို မွေးခန်းကနေပြန်ထုတ်၊ လိုအပ်တာတွေပြင်ဆင်ပြီး ခွဲခန်းကိုလွှတ်ဖို့ ပြင်ရပါတယ်။ ခွဲခန်းဘက်ကို ဖုန်းဆက်ပြီး ၁ နာရီအတွင်း အဆင်သင့်လုပ်ထားဖို့ ပြောရပါတယ်။ ဖြစ်ချင်တော့ ခွဲခန်းက သန့်ရှင်းရေးလုပ်ထားပြီးခါစမို့ ပစ္စည်းတွေ နေရာပြန်မချရသေးပါဘူး။ ခွဲတဲ့အခါ ကိုယ့်ကိုကူမယ့် သူငယ်ချင်းဆရာဝန်နဲ့ ခွဲခန်းသူနာပြုဆရာမကလည်း မိနစ် ၃၀ လောက်မောင်းရတဲ့ အကွာအဝေးကနေ လာရမှာပါ။ သွေးလှူရှင်ကလည်း ရှာရပါဦးမယ်။ ဒီလောက်ခက်ခဲတဲ့နေရာမှာ သွေးဆိုတာကလည်း လွယ်ကူမနေပါဘူး။ လူနာရှင်ကိုလည်း အခြေအနေကို အဆိုးဆုံးအထိတွက်ဆပြီး သေချာရှင်းပြထားရပါတယ်။ ကလေးကလည်းမွန်းနေပြီး ခွဲမွေးရင်လည်း ရှင်ဖို့မသေချာပါဘူး။ အမေကလည်း ၆ ယောက်မြောက်ကိုယ်ဝန်ကို သားအိမ်အပြည့်ပွင့်ပြီး လေစုပ်ညှပ်ဆွဲမရမှ ခွဲရတဲ့အခါ တအားအန္တရာယ်များပါတယ်။ သားအိမ်ထုတ်ရနိုင်ခြေများတယ်၊ ခွဲနေတုန်း သွေးထွက်လွန်ပြီး သေဆုံးနိုင်တယ် ဆိုတာလည်း သေချာပြောပြထားရပါတယ်။ OG ရှိရာမြို့သွားဖို့ဆိုတာကလည်း ဒီအခြေအနေနဲ့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ စစ်ရှောင်တွေမို့ သွားစရာငွေကြေးလည်း ရှိမနေပါဘူး။ ဒီတော့ ကိုယ်ပဲ အစွမ်းကုန်ကြိုးစားကြည့်ရတော့မှာပဲဆိုပြီး တစ်ဇောက်ကန်း ဆုံးဖြတ်ချက်ကို မိုက်မိုက်မဲမဲနဲ့ ချလိုက်ရပါတော့တယ်။
လူနာကို ခွဲခန်းကိုလွှတ်လိုက်ပြီး ကိုယ်လည်း လိုအပ်တာတွေစီစဉ်ပြီး နောက်ကနေ ကားကိုအမြန်မောင်းပြီးလိုက်သွားပါတယ်။ ခွဲခန်းရောက်တော့ ပြင်နေတုန်းမို့ ပစ္စည်းတွေ အမြန်နေရာချရပါတယ်။ ခဏနေတော့ သူငယ်ချင်းဆရာဝန်နဲ့ သူနာပြုဆရာမလည်းရောက်လာပါတယ်။ သူတို့လည်းအမြန်လာရတော့ လမ်းမှာဆိုင်ကယ်မှောက်ခဲ့ပါသေးတယ်။ ကံကောင်းလို့ ပွန်းပဲ့ရုံပဲ ထိခိုက်မိပါတယ်။
လူနာကလည်း ဘယ်လိုတွေတောင် ကံဆိုးနေလည်းဆိုတော့ ဘာမှကိုအဆင်မပြေနေပါဘူး။ သွေးလှူရှင် ၃ ယောက်ခေါ်လာတယ်။ တစ်ယောက်က သွေးတအားတိုးနေလို့ လှူမရပါဘူး။ နောက်တစ်ယောက်ကျ သူ့သွေးနဲ့မတည့်လို့ ယူလို့မရပြန်ဘူး။ နောက်ဆုံး တစ်ယောက်ကတော့ တည့်/မတည့်စစ်ဖို့ သွေးနည်းနည်းယူလိုက်တာ လန့်ပြီးမူးလဲသွားပါတယ်။
အဲဒါနဲ့ ဆေးခန်းမှာကျန်ခဲ့တဲ့ ဝန်ထမ်းလေးတစ်ယောက်က လှူမယ်ဆိုတာနဲ့ သူ့ကို ထပ်လာခိုင်းရပြန်ပါတယ်။ လူနာကိုခွဲခန်းထဲထည့်ပြီး ခါးရိုးထုံဆေးထိုးပါတယ်။ အဆင်မပြေပြန်ပါဘူး။ အကြိမ်ကြိမ်ကြိုးစားပြီး မိနစ် ၃၀ လောက်ကြာမှပဲ ထိုးလို့ရသွားပါတယ်။
အဲဒီတော့မှပဲ ခပ်မြန်မြန်နဲ့ ဗိုက်ကိုဖွင့်ရပါတယ်။ ကလေးခေါင်းက အောက်ကိုတအားရောက်နေတော့ ဆရာမက အောက်ကနေ ခေါင်းကိုပြန်တွန်းတင်ပေးပြီးမှ ကိုယ်က ဗိုက်ကနေနှိုက်ထုတ်ရပါတယ်။ ခက်ခက်ခဲခဲနဲ့ထုတ်ပြီး ထွက်လာတော့ ကလေးက အခြေအနေမကောင်းပါဘူး။ တော်တော်လေးပျော့ဖတ်နေပြီး မရှူနိုင်ပါဘူး။ ကလေးကိုပေးလိုက်ပြီး အခြေအနေမကောင်းတာနဲ့ သူငယ်ချင်းဆရာဝန်က ကလေးနောက်ကို လိုက်သွားပါတယ်။
ကလေးထွက်ပြီး အောက်ကိုကြည့်လိုက်တော့ သွေးတွေဒလဟောနဲ့ ဗိုက်တစ်ခုလုံး သွေးတွေနဲ့ပြည့်နေပါတော့တယ်။ စက်နဲ့သွေးစုပ်၊ အဝတ်နဲ့သုတ်လို့လည်း မနိုင်ပါဘူး။ အချင်းကိုထုတ်တော့လည်း အချင်းကမကွာလာပါဘူး။ အဲဒါနဲ့ လက်နဲ့နှိုက်ပြီး ခွာရပါတော့တယ်။ အဲလိုခွာတဲ့အခါ အချင်းက သားအိမ်နံရံနဲ့တအားကပ်နေပြီး အချို့နေရာမှာ သားအိမ်အတွင်းသားတွေ ပဲ့ပါလာတာကို ခံစားမိနေပါတယ်။ ကိုယ်လည်းလုပ်နေရင်း တော်တော်ကြောက်နေပါပြီ။ သားအိမ်ထုတ်လိုက်ရတော့မယ်လို့လည်း တွေးမိနေပါတယ်။ စိတ်ကို အတတ်နိုင်ဆုံးငြိမ်အောင်ထိန်းပြီး ဆက်လုပ်ရပါတယ်။
အဲဒီအချိန် ကလေးငိုသံလေး စကြားရတော့ နည်းနည်းလည်းအားတက်သွားပါတယ်။ အချင်းထွက်လာတော့ သားအိမ်ကနေ သွေးတွေဒလဟောထွက်ပြီး သွေးသွန်ပါတော့တယ်။ သားအိမ်ခွဲကြောင်းကလည်း ဘေးကိုပြဲထွက်သွားပါတယ်။ သားအိမ်ကို ဗိုက်အပြင်ဘက်ကို ထုတ်လိုက်ပြီး သွေးတိတ်ဖို့ နည်းမျိုးစုံကြိုးစားရပါတော့တယ်။ သေချာစစ်ကြည့်တော့ သွေးက အချင်းခွာတုန်းက ပဲ့သွားတဲ့နေရာကနေ ထွက်တယ်လို့ ယူဆရပါတယ်။ အဲဒါနဲ့ အဲဒီနေရာကို လက်နဲ့စမ်းပြီး သားအိမ်အပြင်ကနေ ၃ ချက်လောက် ဖောက်ချုပ်ချလိုက်ပါတယ်။ အဲဒီတော့မှပဲ သွေးသွန်တာ ရပ်သွားပါတော့တယ်။ ခွဲခန်းအခြေအနေကလည်း ရှုပ်ရှက်ခက်နေရာကနေ ပြန်တည်ငြိမ်လာပါတော့တယ်။
အမေသွေးထွက်များပေမယ့် ထိန်းနိုင်တဲ့အခြေအနေမှာရှိသွားပြီး ကလေးကလည်း မျှော်လင့်ထားတာထက် ပိုကောင်းနေပါတယ်။ အဲဒီတော့မှ ရွဲနေတဲ့သားအိမ်ကို တစ်ထပ်ချင်း သေချာပြန်ချုပ်ရပါတော့တယ်။ လူနာဆန္ဒအရ တစ်ခါတည်း သားကြောပါဖြတ်ပေးခဲ့လိုက်ပါတယ်။ နောက်တစ်ဗိုက်များထပ်ရခဲ့ရင် သူရောကိုယ်ရော အသက်ရှင်နိုင်မယ် မထင်တော့ပါဘူး။
ဗိုက်ထဲ အထပ်ထပ်စစ်ဆေး ၊ အကုန်ချုပ်လုပ်ပြီးချိန်မှာတော့ ညနေ ၄ နာရီခွဲသွားပါပြီ။ ခွဲခန်းအပြင်ရောက်မှပဲ သွေးတစ်လုံးသွင်းလိုက်ပါတယ်။ အမေကအေးဆေးဖြစ်သွားတော့ ကလေးဘက်လှည့်ရပြန်ပါတယ်။
ကလေးကမွေးချိန်ကြာပြီး ရေမြွှာမရှိလို့မွန်းတာရော၊ ကိုယ်လက်ချက်နဲ့ လေစုပ်ညှပ်ဆွဲဒဏ်တွေကြောင့်ရောဆိုတော့ တော်တော်သနားစရာကောင်းပါတယ်။ အသက်ကိုရှိုက်ရှူနေရတော့ အဆုတ်ထဲ O2 ကိုများများပေးလို့ရတဲ့ CPAP ဆိုတဲ့စက်လေးနဲ့ ပေးရမှာပါ။ တောကြိုအုံကြားမှာ အဲဒါကရှိမနေပါဘူး။ အဲဒီတော့ လက်ဖြစ်ပဲ O2 ပိုက် ၂ ချောင်းကိုဆက်၊ တစ်ဖက်ကိုရေပုလင်းထဲထည့်ပြီး manual CPAP ကို ပလုံစီ ပါ မိနစ်နဲ့ပေးရပါတယ်။
၅ နာရီလောက် O2 ပေးလိုက်တဲ့ခါ ကလေးက သိသိသာသာအဆင်ပြေလာပါတယ်။ O2ကလည်း အများကြီးမရှိတာရော၊ မီးစက်ကလည်း တစ်နေကုန်မောင်းထားရတာရောကြောင့် O2 ကို နည်းနည်းလျှော့ပေးရပါတယ်။
ကိုယ်လည်း မအိပ်ရတဲ့ညတွေ ဆက်နေတာရော၊ တစ်နေကုန်လောင်မြိုက်ထားတဲ့ ဒဏ်ရောကြောင့် တော်တော်မျော့နေပါပြီ။ ည ၁၀ နာရီလောက်အထိစောင့်ပေးပြီး အမေရောကလေးရော အခြေအနေကောင်းတာနဲ့ ဆေးခန်းကိုပြန်လာခဲ့လိုက်ပါတယ်။ လိုရင်တော့ ပြန်ထပြေးမယ်ပေါ့။
မနက်အထိအဆင်ပြေနေပြီး ၆ နာရီလောက်မှာ ခွဲခန်းဘက်က ဖုန်းလာပါတယ်။ ကလေးက အသက်ရှူတာတစ်မျိုးဖြစ်လို့ video ရိုက်ပြီးပို့ပေးထားတယ်တဲ့။ ကြည့်လိုက်တော့ ကလေးက တက်နေတာပါ။ မွေးချိန်ကြာပြီး မွန်းတဲ့ဒဏ်ကြောင့် ဦးနှောက်က O2 ပြတ်ပြီး ဖြစ်သွားတာပါ။
အဲဒါနဲ့ ဖုန်းထဲကနေပဲ လိုအပ်တာတွေမှာ၊ O2 ကို CPAP နဲ့ပြန်ပေး လုပ်လိုက်တော့ ပြန်ကောင်းလာပြန်ပါတယ်။ ဒီဘက်ဆေးခန်းက ပြင်ပလူနာတွေ တစ်မနက်ကြည့်၊ အကုန်ဖြတ်ပြီးတော့ နေ့လယ် ၁ နာရီခွဲရှိပါပြီ။ ကလေးက ကြားထဲမှာ ၃ ကြိမ်ထပ်တက်လို့ ထမင်းကိုအမြန်စားပြီး ခွဲခန်းဘက်ကို ပြေးရပြန်ပါတယ်။
ရောက်တော့ ကလေးက အခြေအနေအရမ်းမဆိုးပါဘူး။ တစ်ချက်တစ်ချက်တော့ တက်ချင်သလိုလေးဖြစ်နေတာနဲ့ အတက်ကျဆေးနဲ့ တခြားလိုအပ်တာတွေကို တွက်ချက်ပြီးပေးရပြန်ပါတယ်။ လုပ်စရာရှိတာ အကုန်လုပ်ထားပြီးပြီမို့ သူ့ကံကိုပဲ စောင့်ကြည့်ရပါတော့မယ်။
အမေကတော့ အေးဆေးဖြစ်နေပါပြီ။ ဘာလို့ ကလေးတွေ အဲဒီလောက်မွေးတာလဲလို့ မေးလိုက်တော့ စစ်ရှောင်မို့ ပြေးရင်းလွှားရင်း ဒိတ်လွန်နေတဲ့တားဆေးကဒ်သောက်မိလို့ ကိုယ်ဝန်ရသွားတာပါတဲ့။
သူကတော့ တားဆေးကို ဒိတ်မကြည့်ဘဲ သောက်လိုက်တာလေးပါပဲ။ ကိုယ်မှာတော့ သူဗိုက်စကြီးကတည်းက သွေးဆင်းလိုက်ဗိုက်နာလိုက်နဲ့ လောင်လိုက်ရတာ၊ မွေးပြီး ၂ ရက်အထိ လောင်လို့မပြီးသေးဘူး။
အခုတော့ သားကြောဖြတ်လိုက်တော့ တစ်ရန်အေးသွားပါပြီ။
မထင်မှတ်တဲ့ အမှားလေးတစ်ခုနဲ့နော် ကမ္ဘာတွေပျက်တာဆိုတာ။ အဲဒီတော့ ကျန်တဲ့လူတွေလည်း တားဆေးသောက်ရင် ဒိတ်ကိသေချာကြည့်ပြီးသောက်ဖို့ အထူးသတိပေးလိုက်ပါတယ်။
တစ်ဆက်ထဲတွေးလိုက်မိတာ ေ-ာက်ပု အမေလည်း ဒိတ်ကုန်နေတဲ့တားဆေးများ သောက်မိခဲ့တာများလား၊ တစ်နိုင်ငံလုံးကို ေ-ာက်ပုက ေ-ာက်ဒုက္ခတွေ ပေးလို့မဆုံးနိုင်သေးဘူးလို့….။
🥴🥴🥴
ဒေါက်တာ Harry
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.