Dr Harry ၏ လူနာ refer ကိုယ်တွေ့ အတွေ့အကြုံ

0
178

Hello…

ကျွန်တော် Dr Harry ပါ

ကလေးမွေးရင်း လောင်ရတာ နည်းနည်းရိုးလာတော့ ဒီတစ်ခါ တခြားကေ့စ်နဲ့ ယောက်ယက်ခတ်ရတာလေးတွေ ပြောင်းရေးပါအုံးမယ်…

ပြီးခဲ့တဲ့နှစ် ဒီအချိန်လောက်ပဲ ဖြစ်မယ်ထင်တယ်…

အဲ့ဒီအချိန်က ဆေးခန်းမှာကဆရာဝန် ၃ယောက်ရှိတယ်…

တစ်နေ့လုံး လူနာကြည့်အပြီး ညနေမှာ ကျွန်တော်နဲ့ mobile tour ထွက်ရင်းရောက်နေတဲ့ သူငယ်ချင်း ဒေါက်တာနို က ဆေးခန်းနဲ့ခပ်လှမ်းလှမ်းက ချောင်းဘေးတံတားမှာ ဘီယာသောက်ကြမယ်ဆိုပြီး ထွက်လာလိုက်တယ်

ဆိုင်မှာ ဘီယာဝယ်နေကြတုန်း ဖုန်းဝင်လာတယ်။ ဆရာ ရောက်တဲ့နေရာကနေ အခုချက်ချင်းပြန်လာပါတဲ့…

ဘာကိစ္စမှန်းသေချာမသိပေမယ့် အရေးတကြီး လှမ်းခေါ်တာဆိုတော့ မသောက်ဖြစ်တော့ဘဲ ဆေးခန်းကိုချက်ချင်းပဲ ပြန်လာခဲ့လိုက်တယ်

ရောက်တော့ လူတွေအများကြီးဆေးခန်းထဲမှာ ပြာယာခတ်နေကြတယ်

လူနာက ၃ ယောက်၊ မိုင်းစမ်းသပ်ရင်း မတော်တဆ ဖြစ်ရာကနေ ဒဏ်ရာရကြတာတဲ့…နေ့လည် ၁ နာရီကဖြစ်တာကို နေရာကဝေးတော့ ညနေ ၅ နာရီမှ‌ဆေးခန်းရောက်တယ်

တစ်ယောက်က လက်ကောက်ဝတ်ကနေ ပြတ်ထွက် သွားတယ်၊ နောက်တစ်ယောက်ကတော့ ပေါင်နဲ့ခြေသလုံးကြေမွဒဏ်ရာနဲ့ နှစ်ယောက်လုံး သွေးထွက်လွန်ပြီး shock ရနေတယ်…

ဒီနှစ်ယောက်ကိုဆေးခန်းမှာကျန်ခဲ့တဲ့ ဆရာဝန် အစ်ကိုနဲ့အစ်မက အသည်းအသန် နှာနှပ်နေကြတယ်

ကျွန်တော်ရောက်တော့ ကျန်တဲ့တစ်ယောက်ကို ကြည့်ရတာပေါ့…ဒေါက်တာနို ကတော့ အကုန်လုံးကိုလိုက်ကူပြီး run ပေးနေတယ်

ကျွန်တော့်လူနာကတော့ ၃ယောက်ထဲမှာ ထိခိုက်မှုအနည်းဆုံးပါပဲ… ခြေမ အရိုးကြေပြီး သွေးထွက်နေတယ် ၊ ကျန်တာကတော့ ပေါက်ပြဲပွန်းပဲ့ရုံပဲ

အဲ့ဒီကာလမှာ ကျွန်တော်တို့အဖွဲ့က ဆေးခန်းကိုရောက်ခါစ…ပြီးတော့ COVID project နဲ့လာပြီး အချိန်ရလို့ ဆေးခန်းမှာ လူနာကူကြည့်နေကြတာဆိုတော့ ဆေးခန်းက ပစ္စည်းမစုံလင်ဘူးပေါ့…

အဓိက က သွေးသွင်းဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ရှိမနေဘူး…

လူနာနှစ်ယောက်ကလည်း shock နဲ့ သွေးထွက်လွန်ပြီးဖြူဆုတ်နေပြီဆိုတော့ သွေးသွင်းလို့ရတဲ့ ဆေးရုံကို အမြန်လွှတ်မှရမယ် ၊ သွေးပေါင်ကို ကိုယ်တတ်နိုင်သလောက် ပြန်ထိန်းထားပေမယ့် သွေးမသွင်းရင်တော့ ကြိမ်းသေပေါက် သေမှာပါပဲ

အဲ့ဒီတော့ ဒီဘက်က အထူးကုရှိပြီး သွေးရမယ့် ဆေးရုံကိုပို့ရမယ် ၊ လမ်းကလည်း မြို့ကိုဖြတ်လို့မရတော့ တောလမ်းကနေသွားကြမယ်ပေါ့…ခန့်မှန်းခြေ ၅ နာရီလောက်ကြာနိုင်တယ်တဲ့

ပြဿနာက သွေးထွက်လွန်ပြီး shock ရနေတဲ့ လူနာတွေကို ဒီတိုင်းကားပေါ်တင်လွှတ်လိုက်ရင်လည်း လမ်းတင် သေမှာပဲ…

လိုက်ပို့ရင်လည်း လမ်းမှာအန္တရာယ်ကများတယ်။ ညဘက်ကြီး အစစ်ဆေး အဖမ်းဆီးခံရနိုင်ခြေရှိတယ်… လူနာကလည်း ရိုးရိုးဒဏ်ရာမဟုတ်ဘူး

အဲ့ဒီတော့ ဆရာဝန်တစ်ယောက်လိုက်မှကိုဖြစ်မယ်

စီနီယာအစ်ကိုက ကျွန်တော်တို့ကိုစိတ်မချတော့ သူလိုက်ဖို့ဆုံးဖြတ်တယ်

ဒါပေမယ့် အဖမ်းခံရတာချင်းအတူတူ အဲ့ဒီအချိန်မှာ သူတာဝန်ယူထားရတဲ့ကိစ္စတွေက များတယ်…

ကျွန်တော်က လူနာကြည့်ရုံပဲဆိုတော့ တာဝန်မများဘူး၊ ယှဉ်ကြည့်ရင် သူက ပိုအရေးကြီးတယ်ပေါ့…အဲ့တော့ကျွန်တော်ပဲ လိုက်ပို့ဖို့ ပြောလိုက်တယ်…

အကြိမ်ကြိမ် စဉ်းစားကြပြီး ကျွန်တော်ပြောတာ အကြောင်းသင့်နေတော့ နောက်ဆုံးမှာ ကျွန်တော်လိုက်ပို့ဖို့ သဘောတူလိုက်ကြတယ်

ဟိုဘက်ဆေးရုံကိုလည်း ကြိုတင်အကြောင်းကြားထားပြီး လမ်းမှာလိုအပ်မယ့်ဆေးတွေ ပစ္စည်းကိရိယာတွေကို ပြင်ဆင်ကြတယ်

အစကတော့ ၃ ယောက်လုံး ခေါ်သွားဖို့စဉ်းစားကြပေမယ့် အခြေအနေတွေကိုသေချာ ဆွေနွေးကြပြီးတော့ ခြေမပဲ ထိတဲ့လူနာကို ဆေးခန်းမှာပဲ ခွဲစိတ်ဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ကို ဒီမှာကျန်ခဲ့တဲ့ဆရာဝန်တွေ ခွဲကြမယ်…ကျွန်တော်ကတော့ ဒဏ်ရာပြင်းတဲ့နှစ်ယောက်ကို ခေါ်သွားပြီးဆေးရုံပို့မယ်ပေါ့

အကုန်ပြင်ဆင်ပြီး ကားနှစ်စီးနဲ့ ဆေးခန်းက စထွက်ချိန်မှာ ညနေ ၅ နာရီခွဲဖြစ်နေပြီ။ လူနာနှစ်ယောက်လုံးက သွေးထွက်လွန်ပြီး သွေးပေါင်ကျနေတော့ ဆေးတွေချိတ်ပြီး ထိန်းထားရတယ်

လမ်းကလည်းတောလမ်းဆိုတော့ ညဘက်ကြီး ဖုန်တွေ ကြားထဲမှာ လမ်းမှားလိုက် ပြန်ကွေ့လိုက်၊ ချောင်းတွေမြောင်းတွေ ဖြတ်လိုက်၊ ကားရပ်လိုက် လူနာအခြေအနေကြည့်လိုက်နဲ့ ခရီးကတော်တော်နဲ့မရောက်နိုင်ဘူး

သွေးထွက်တာကလည်း များ၊ သွေးပေါင်ကျလည်း တက်အောင်လုပ်စရာကမရှိနဲ့… လမ်းမှာ ဒီနှစ်ယောက်ကို အသက်ပါလျက်နဲ့ ဆေးရုံရောက်အောင်ခေါ်သွားနိုင်ပါ့မလားဆိုပြီး လောင် နေရတာ

လမ်းကြမ်းတော့ သွေးပေါင်တက်အောင်ချိတ်ရတဲ့ဆေးတွေကလည်း မြန်လိုက်နှေးလိုက်တွေဖြစ်၊ ဆေးမကျတဲ့ အခါလည်းမကျနဲ့၊ လူနာတွေကလည်း ကျိုးပဲ့နေတော့ ကားခုန်လိုက်တိုင်း နာ နေတော့တာ…

အနာသက်သာအောင် ဆေးထိုးပေးလိုက်၊ ချောင်းဖြတ်ရလို့ ကားခုန်တော့မယ်ဆို လူနာခြေထောက်ကိုငြိမ်အောင်ထိန်းပေးလိုက်နဲ့ ကိုယ်လည်း ထိုင်လိုက်ထလိုက်၊ လေးဘက်ကုန်းလိုက်၊ ခေါင်းဆောင့်လိုက်နဲ့ ဘာတွေဖြစ်နေမှန်းတောင် မသိတော့ဘူး

နှစ်ယောက်လုံးက ဖုတ်လှိုက်ဖုတ်လှိုက်ဆိုတော့ တစ်လမ်းလုံးမှာ ကားနှစ်စီးကို ဟိုဘက်ကားကူးလိုက် ၊ဒီဘက်ကားကူးလိုက်နဲ့ လိုက်သွားရတယ်

လမ်းမှာအရမ်းကြာနေတော့ သွေးထိန်းပတ်တီးကလည်း တစ်ချိန်လုံးစီးထားလို့မရဘူး၊ အချိန်မှတ်ပြီး လျှော့လိုက် ပြန်ပတ်လိုက်နဲ့ လုပ်သွားရတယ်

အဲ့လို အသည်းအသန်တွေ လုပ်ပြီး ၆နာရီလောက်အကြာမှာ ည ၁၂လောက်မှာ တောင်ခြေကိုရောက်တယ်။ မောင်းလာတဲ့ကားတွေနဲ့ တောင်တက်လို့မရဘူးတဲ့။ အဲ့တော့ အပေါ်တက်ဖို့ကားရှာကြရပြန်ရော…

လူနာတွေကလည်း စိတ်ဓာတ်ကျနေပြီ၊ ကိုယ်လည်းချွေးပြန်နေပြီ၊ စိတ်ထဲမှာလည်း ရောက်မှရောက်ပါတော့မလား ထင်လာပြီ

၁ နာရီလောက်အကြာမှာ ကားတစ်စီး ရတယ်။ မတတ်နိုင်ဘူး လူနာနှစ်ယောက်လုံးကို ဆံ့အောင်တင်၊ ကျန်တဲ့လူတွေလည်း အဆင်ပြေသလိုလိုက်ပြီး ဆက်သွားကြတယ်…ဟိုခြေမ ထိတဲ့ လူနာတစ်ယောက်ကို ချန်ခဲ့လိုက်မိတာ တော်တော်မှန်သွားတယ်။ မဟုတ်ရင် အကုန် ဆေးရုံရောက်လိုက်မှာကို မဟုတ်ဘူး…

တစ်ခါမှမသွားဖူးတဲ့ခရီးကို ညသန်းခေါင်ကြီး တောင်တက်တောင်ဆင်းတွေနဲ့ဆိုတော့ ကြောက်တာရော ၊ လူနာဇောနဲ့ ထူပူနေတာရော ဘယ်လိုတွေ ခံစားနေရမှန်းတောင် မသိတော့ဘူး

လူနာတွေကတော့ ဆေးပုလင်းတွေ တစ်လုံးပြီးတစ်လုံးနဲ့ သွေးပေါင်ကိုတတ်နိုင်သလောက်ထိန်းပြီး ဆေးကို မြန်လိုက် နှေးလိုက်၊ အနာသက်သာအောင်ဆေးထပ်ထိုးပေးလိုက်၊ ခြေထောက်ဖြတ်ရတော့မယ်ဆိုပြီး စိတ်ဓာတ်ကျလို့ စိတ်ဓာတ်မကျအောင်အားပေးလိုက်၊ ချော့လိုက်နဲ့ လုပ်နေရတယ်။ သူတို့ကိုသာအားပေးနေရတာ ကိုယ်ကငိုချင်နေပြီ…

အဲ့လိုနဲ့ ဆက်သွားလိုက်တာ မနက် ၃ နာရီမှ ဆေးရုံကိုရောက်တယ်။ ၅ နာရီကြာမယ်ခန့်မှန်းတဲ့ခရီးက ၉ နာရီကျော်ကြာမှ ရောက်တော့တယ်။ အဲ့တုန်းက ကြုံရတဲ့ stress ဟာ အခု စာရေးနေတဲ့အချိန်မှာတောင် ရင်တွေတုန်နေတုန်းပဲ????

ဟိုရောက်တော့ စောင့်နေတဲ့ ဆရာဝန်တွေ၊ အထူးကုတွေလက်ထဲကို လူနာ ထည့်ပြီးတာနဲ့ကိုယ်လည်း ခေါင်းမထူနိုင်တော့ဘူး။ လမ်းမှာရခဲ့တဲ့ စိတ်ကင်ဆာတွေက နည်းမှမနည်းတာ????

ပင်ပန်းပြီးအိပ်ပျော်သွားတာ ၉ နာရီမှ နိုးတယ်…

နိုးလာတော့ လက်ပြတ်တဲ့လူနာက ခွဲခန်းကထွက်လာပြီး ခြေထောက်သမားကို ခွဲခန်းဝင်ဖို့လုပ်နေကြပြီ

နှစ်ယောက်လုံးကို အသက်ပါအောင် မနည်းဆွဲခေါ်ပြီး အောင်မြင်သွားတော့ ကိုယ်လည်းပျော်ပြီး ခြေထောက်နဲ့မြေကြီးတောင် သိပ်မထိချင်တော့ဘူး…ပါးစပ်ကြီးဖြဲပြီး ခုန်စွခုန်စွတွေ ဖြစ်နေပြီ

နေ့လည်လောက်ပြန်ထွက်လာတော့ အလာတုန်းကနဲ့မတူတော့ဘူး။ တောလမ်းတလျှောက် ငေးမောပြီး ချောင်းတွေဖြတ်လာလိုက် ကားရပ်ပြီး ရေဆင်းဆော့လိုက်နဲ့ အူမြူးလာတာ…ရောက်ခါနီးတော့ ကားမှောက်ပါလေရော

ကိုယ်စီးလာတဲ့ကားတော့မဟုတ်ဘူး…နောက်တစ်စီး????

တော်သေးလို့ လူတွေမထိခိုက်ဘူး၊ ကားကတော့ ပက်လက်လန်သွားတယ်

အဲ့ဒီကနေ ပြန်ရောက်ကတည်းက ဆေးခန်းမှာ အရေးပေါ်သွေးသွင်းနိုင်ဖို့ကို ကြိုးစားရတော့တာ…

ကံဆိုတာ အမြဲဒီလိုကောင်းနေအုံးမှလေ…နောက်တစ်ခါဒီခရီးကို ဒီလို stress နဲ့ ထပ်သွားရရင် ကိုယ်ပါသေတော့မယ်????

အခုတောင် စာပြန်ရေးရင်းနဲ့ အဟောင်းတွေက အသစ်ဖြစ်ပြီး ရင်တုန်လာပြီ

နောက်ထပ်အချိန်ရရင် အခုလို သည်းထိတ်ရင်ဖို ဇာတ်လမ်းလေးတွေ ထပ်ရေးပါအုံးမယ် ????

ကြင်စိုး လည်းမြန်မြန်သေမှပဲ…

ဒီကာလမှာ အခုလိုတွေ လောင်နေရတာနဲ့တင် ရုပ်ကလည်း တော်တော်ရင့်နေပြီ ????????

.

Dr Harry

လွတ်မြောက်နယ်မြေတစ်နေရာ

LEAVE A REPLY

Please enter your comment!
Please enter your name here