Hello
ကျွန်တော် Dr Harry ပါ။

တစ်ချိန်လုံး ဗိုက်ပြဿနာကြီးပဲ ရေးနေရတော့ ဒီတစ်ခေါက် ဗိုက်အကြောင်းမပြောတော့ပါဘူး 😁

အချိန်က ပြီးခဲ့တဲ့မိုးတွင်း ရေကြီးနေတဲ့အချိန်တုန်းကပါ။ မိုးတအားများပြီး ရေတွေတက်လာတာ ခွဲခန်း လျှောက်လမ်းအထိရောက်လို့ ကျွန်တော်တို့အဖွဲ့တွေ တိုင်ပတ်နေတဲ့အချိန်ကြီးပေါ့။

ခွဲခန်းရှိတဲ့ ဆေးခန်းပတ်ချာလည်တစ်ဝိုက် ရေက ပေါင်လောက်အထိရောက်နေတော့ ခွဲခန်းသွားရင် ကားကို ရေလွတ်တဲ့နေရာမှာရပ်ခဲ့ပြီး လူက ရေထဲကဖြတ်သွားရပါတယ်။

အရေးပေါ် ကလေးခွဲမွေးပြီး ရေတက်နေတာနဲ့ ကျွန်တော်နေတဲ့ဆေးခန်းကို ပြန်လို့မရတော့ ခွဲခန်းမှာပဲ အိပ်ကြဖို့ပြင်နေတုန်း ည ၉ နာရီလောက်မှာ ဖုန်းဝင်လာပါတယ်။

လူနာက ကိုယ်တွေဘက်က ရဲဘော်ပါ။ လက်နက်ကြီး ထိလို့ ဆေးခန်းကိုခေါ်လာနေပြီလို့ အကြောင်းကြားပါတယ်။ ဖုန်းလိုင်းတွေက မကောင်းတော့တာကြောင့် သေချာမကြားရဘဲ အခြေအနေကို မသိရပါဘူး။ ဖုန်းဆက်တဲ့သူကလည်း တစ်ဆင့်ခံမို့ လူနာအခြေအနေကို အသေးစိတ်မသိပါဘူး။ ဒဏ်ရာများတယ်ဆိုတာလောက်ပဲ သိပါတယ်။

ဆေးခန်းပတ်လည်တစ်ဝိုက်မှာက ရေအရမ်းကြီးပြီး တံတားတွေအကုန်ကျိုးနေတော့ လူနာကို သူတို့ဘယ်လိုပို့မလဲတွေးပြီး စိတ်ပူနေပါတယ်။

ဆေးခန်းနဲ့နီးလာတော့ လူနာအခြေအနေ မကောင်းကြောင်း ဖုန်းထပ်ဆက်ပါတယ်။ ရင်ဘတ်ကိုထိထားပြီး သွေးထွက်လွန်နေကြောင်း၊ အရမ်းမောနေကြောင်း သိရပါတယ်။

ပြဿနာက ဆေးခန်းရောက်ခါနီးမှာ တံတားကကျိုးနေတော့ ကူးလို့မရဖြစ်နေတာပါ။

သွားပြေးကြိုရအောင်ကလည်း မိုးတွေအရမ်းသည်းပြီး ရေစီးကြမ်းနေတာနဲ့ ကိုယ်တွေသွားလည်း လူ သပ်သပ်ဆို ဘာမှလုပ်မရတော့ လူနာကိုဆေးခန်းကို သာ အရောက်ပို့ဖို့ပြောရပါတယ်။

ရေကြီးနေတဲ့ လယ်ကွက်တွေထဲကနေ လှေတစ်လှည့်၊ ပုခက်နဲ့ထမ်းတစ်လှည့်နဲ့ ပတ်ပြီးလာနေရပါတယ်။ကိုယ်တွေလည်း လူနာ ဆေးခန်းအထိအသက်ပါလာပါ့မလား စိတ်ပူပြီး စောင့်နေရပါတယ်။

အဲလိုနဲ့ ည ၁၂ နာရီလောက်မှာ လူနာ ရောက်လာပါတယ်။ မိုးရေတွေရွဲစိုနေပြီး တစ်ကိုယ်လုံး ဖြူဖျော့ပြီးအရမ်းမောနေပါတယ်။ သွေးပေါင်လည်း တအားနည်းပြီး ရှော့ရနေပါတယ်။ အောက်စီဂျင်လည်း ၈၀% လောက်အထိကျနေပါတယ်။

ဒဏ်ရာကိုကြည့်လိုက်တော့ ညာဘက်ရင်အုံအောက်ဘက်မှာ ၂ လက်မကျော်အချင်းရှိတဲ့ အပေါက်ကြီး တစ်ပေါက်ကနေ အဆုတ်ကိုလှမ်းမြင်နေရပြီး အသက်ရှုတိုင်း လေတွေ တရှူးရှူးထွက်နေပါတယ်။ နံရိုးတွေလည်း အပိုင်းလိုက်ပြတ်ထွက်ပြီးကျိုးထားပါတယ်။ ရေထဲကနေဖြတ်လာရတော့ ဒဏ်ရာထဲမှာလည်းရွှံနဲ့ မြက်တွေ ဝင်နေပါသေးတယ်။

ညာဘက်ပခုံး နောက်ဘက်မှာလည်း အပေါက်တစ်ပေါက် တွေ့ရပါတယ်။ လက်နက်ကြီးစက ပခုံးနောက်ကနေဝင်ပြီး ရှေ့ရင်အုံကို ဖောက်ထွက်သွားတယ်လို့ ယူဆရပါတယ်။

ဒီဒဏ်ရာနဲ့ ဒီလမ်းခရီးကို အသက်ရှင်ရက် ဆေးခန်းအထိရောက်လာတာကိုက တော်တော်အံ့ဩဖို့ကောင်းနေပါပြီ။

အဲဒါနဲ့ အရေးပေါ်လုပ်စရာတွေ ဆက်တိုက်လုပ်ရင်း သွေးလှူရှင် တတ်နိုင်သလောက် များများရှာခိုင်းရပါတယ်။ ကျွန်တော်က အဆုတ်ထဲပိုက်ထည့်ပြီး နောက်ဆရာဝန်တစ်ယောက်က ရင်ဘက်အပေါက်ကို ပိတ်ချုပ်လိုက်ပါတယ်။

လူနာအခြေအနေ အနည်းငယ် တည်ငြိမ်သွားပေမယ့် အောက်စီဂျင်ကတော့ တက်မလာပါဘူး။

ပခုံးနောက်က ဒဏ်ရာကိုကြည့်တော့ အဲဒီကနေ လေထွက်နေပါတယ်။ ညာဘက်လက်မောင်းရိုးလည်း ကျိုးထားပြီး လက်မလှုပ်နိုင်ပါဘူး။

ပုခုံးဒဏ်ရာကို သေချာပိတ်ချုပ်ပြီး အောက်စီဂျင်ပြန်တက်လာမလား စောင့်ကြည့်ရပါတယ်။

ရင်ဘတ်ထဲထည့်ထားတဲ့ပိုက်ကလည်း ကောင်းကောင်းအလုပ်လုပ်နေပေမယ့် အောက်စီဂျင် ကတော့ ၈၀ ကျော်ကနေ တက်မလာပါဘူး။

ဓာတ်မှန်လည်းမရှိတော့ ဘာပဲဖြစ်ဖြစ် လောလောဆယ် အခြေအနေမှာတော့ သွေးသွင်းပြီးခဏစောင့်ကြည့်ကြမယ်လို့ဆုံးဖြတ်ပြီး လူနာကိုနေရာရွှေ့ဖို့လုပ်ရင်းနဲ့ ရင်ဘတ်ဒဏ်ရာနားက ညာဘက် နံစောင်းမှာ အဖုလေးတစ်ခုကို စမ်းလိုက်မိပါတယ်။

လက်နက်ကြီးစ ထင်တာနဲ့ ထုံဆေးလေးထိုးပြီး ခွဲ ထုတ်လိုက်တော့ အစက ထွက်လာပါတယ်။ သူထွက်လာတဲ့နေရာကို လက်ထည့်စမ်းကြည့်လိုက်တော့မှ အကြီးအကျယ် ဘုရားတရပါတော့တယ်။

ရင်ဘက်ဘေးအပေါက်ကနေ နှိုက်လိုက်တာ လက်က အသည်းကို သွားစမ်းမိပါတယ်။

သဘောကတော့ ရင်ဘတ်နဲ့ဝမ်းဗိုက်ကို ခြားပေးထားတဲ့ ကန့်လန့်ကာကြွက်သား ခေါ် ရင်ဝမ်းခြားကြွက်သား ပေါက်သွားပြီလို့ သိရပါတယ်။ လက်ညိုးထိပ်မှာ စမ်းမိတဲ့အသည်းကလည်း ဒဏ်ရာရပြီး အပေါက်ရှိနေပါတယ်။

အဲဒီတော့မှ ရင်ဘက်ပိုက်ထည့်ပြီးတာတောင် အောက်စီဂျင် ပြန်မတက်လာတဲ့အကြောင်းအရင်းကို ကျွန်တော်တို့ သဘောပေါက်သွားပါတယ်။ အာထရာဆောင်းနဲ့ကြည့်တော့ အသည်းမှာထိခိုက်မိပြီး ဗိုက်ထဲမှာလည်း သွေးယိုနေပါတယ်။

ဒီအတိုင်းဆို လူနာအသက်ရှင်နိုင်ခြေ အလွန်နည်းနေပါပြီ။

ကျွန်တော်တို့မှာက မေ့ဆေးဆရာဝန်ရော မေ့ဆေးစက်ရောမရှိတော့ ဒီလိုလူနာကို အောင်အောင်မြင်မြင်ခွဲဖို့ က မဖြစ်နိုင်သလောက်ပါပဲ။

ဒါပေမယ့် ဆက်လွှဲဖို့ကလည်း ရေပတ်လည်ဝိုင်းနေပြီး လမ်းတစ်လျှောက်လည်း တောင်ပြိုတာနဲ့ လမ်းပျက်တာနဲ့ဆိုတော့ လုံးဝ လွှဲစရာနေရာ မရှိတော့ပါဘူး။

စီနီယာဆရာတွေကို ဖုန်းဆက်အကြံဉာဏ်တောင်းဖို့လုပ်တော့ ဖုန်းလိုင်းကမရှိတော့ပါဘူး။ ကိုယ်တွေကို ကယ်မယ့်သူမရှိသလို လူနာကိုကယ်ဖို့ကလည်း ကိုယ်တွေအဖွဲ့ပဲ ရှိပါတော့တယ်။

ဒီတိုင်းထိုင်ကြည့်နေရင်လည်း သေတော့မှာဆိုတော့ တတ်နိုင်သလောက် ကြိုးစားကြည့်ဖို့ ကျွန်တော်တို့ဆုံးဖြတ်လိုက်ပါတယ်။

သွေး ၃ လုံးသွင်းအပြီး ခွဲခန်းစဝင်ဖို့လုပ်တော့ မနက် ၆ နာရီရှိပါပြီ။ လူနာကို ကတ်တမင်းမေ့ဆေး အသေးစား ပဲပေးပြီး ခွဲဖို့ပြင်ရပါတယ်။

မေ့ဆေးပေးတာနဲ့ အောက်စီဂျင်လယ်ဗယ်က ၆၀% လောက်အထိ ပိုကျလာပါတယ်။

ဗိုက်ကိုဖွင့် ဗိုက်ခေါင်းတစ်ခုလုံးနဲ့ အူတွေကို အစအဆုံးစစ်ဆေးကြည့်ကြပါတယ်။ ကံကောင်းထောက်မစွာနဲ့ အသည်းကလွဲပြီး တခြားနေရာတွေကိုမထိပါဘူး။

အဲဒါနဲ့ အသည်းက သွေးထွက်နေတဲ့နေရာကို သွေးတိတ်အောင်လုပ်တဲ့ ဖော့ပြားလေးနဲ့ပိတ်ပြီး ထိန်းထားလိုက်ပါတယ်။ လူနာကတော့ အခြေအနေ မကောင်းတော့ပါဘူး။ ပြဿနာက ရင်ဝမ်းခြားကြွက်သားကို ပြန်ချုပ်ပြီး ဖာဖို့ပါ။

ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို ဆရာဝန်နှစ်ယောက် အပြန်ပြန်အလှန်လှန် ငြင်းခုန်တိုင်ပင်ရင်း လူနာကအခြေအနေ အရမ်းဆိုးလာပါတယ်။ သွေးပေါင်ရော အောက်စီဂျင်ရော ဆက်တိုက်ထိုးကျနေပါတယ်။ ပထမအစီအစဉ်အတိုင်း ဝမ်းဗိုက်ထဲကနေ လှမ်းချုပ်ပြီးဖာဖို့က အသည်းကြီးခံနေတာကြောင့် မဖြစ်နိုင်တော့ပါဘူး။ အဲဒီတော့ ဒီတိုင်းသေတော့မယ့်အတူတူ ပိတ်ချုပ်ထားတဲ့ ရင်အုံကအပေါက်ကိုပြန်ဖွင့်ပြီး ရင်ခေါင်းထဲကနေ လှမ်းဖာကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တွေဝေနေဖို့အချိန်မရဘဲ လူနာအခြေအနေမကောင်းတာနဲ့ ခပ်မြန်မြန်ပဲ ရင်ဘက်ဒဏ်ရာကိုဖွင့်ပြီး အနာကို ချဲ့လိုက်ပါတယ်။ အသက်ရှူတိုင်း လှုပ်နေတဲ့ကြွက်သားအပေါက်ကို ရင်ဘက်ဒဏ်ရာအပေါက်ကနေ ခက်ခက်ခဲခဲ လှမ်းချုပ်ရပါတယ်။ ချုပ်နေတုန်းမှာလည်း အောက်စီဂျင်က တောက်လျှောက်ကျနေရင်း ၅၀% ကျော် ဖြစ်လာနေပါတယ်။ လုပ်နေရင်း ခွဲခုတင်ပေါ်မှာတင် သေသွားတော့မှာလားဆိုတဲ့ အတွေးကလည်း ဆက်တိုက်တွေးမိနေပါတယ်။ ရင်ဝမ်းခြားကြွက်သားကို ပြန်ချုပ်ပြီးတာနဲ့ ဖွင့်ထားတဲ့ရင်ဘတ်အပေါက်ကြီးကို အမြန်ပြန်ပိတ်လိုက်ပါတယ်။

အကုန်ပိတ်ပြီးချက်ချင်းပဲ လူနာရဲ့ အောက်စီဂျင်၊ သွေးပေါင်နဲ့ နှလုံးခုန်နှုန်းတွေ ပုံမှန်ပြန်ဖြစ်လာပါတော့တယ်။ ကျွန်တော်တို့ တစ်ဖွဲ့လုံးလည်း တအားပျော်သွားကြပြီး အခုမှပဲ သက်ပြင်းအကြိမ်ကြိမ် ချနိုင်ပါတော့တယ်။

တကယ်မေ့ဆေးအကြီးစားမဟုတ်တော့ ခွဲချိန်ကြာတာရော၊ လူနာဒဏ်ရာပြင်းတာကြောင့်ရော ခွဲစိတ်မှုကို ခပ်မြန်မြန်ပဲ လက်စသတ်ရပါတယ်။ ဖွင့်ထားတဲ့ဗိုက်ကို ရေဆေး ပိုက်ထည့်ပြီး ပြန်ပိတ်လိုက်ပါတယ်။

အဖြစ်အပျက်က တအားကိုရုပ်ရှင်ဆန်နေပြီး မေ့ဆေးဆရာဝန်မရှိဘာမရှိနဲ့ တောကြိုအုံကြားက ဘုရားစူးခွဲခန်းလေးမှာ ကတ်တမင်းမေ့ဆေးနဲ့ ရင်ခေါင်းဖွင့်ပြီး ခွဲလိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩမဆုံးပါဘူး။ အဲဒီအချိန် ကိုယ်လုပ်တဲ့အဆင့်တွေ မှန်ရဲ့လားလည်းသေချာမသိပါဘူး။

လတ်တလောအခြေအနေ တည်ငြိမ်သွားတယ်ဆိုပေမယ့် ဒီလောက်ဒဏ်ရာကြီးကို ရေထဲကဖြတ်သယ်လာပြီး ရွှံတွေရော မြက်တွေရောဝင်ထားတော့ ခွဲပြီးလည်း ပိုးဝင်မလား၊ အဆုတ်ပြည်တည်မလားနဲ့ တော်တော်လေးတော့ ရုန်းကန်ရဦးမယ်ဆိုပြီး မပျော်ရဲသေးပါဘူး။

လက်ပြင်ရိုးနဲ့ လက်မောင်းရိုးကျိုးတာကတော့ လောလောဆယ်မသေမှ ဆက်လုပ်တော့မယ်ဆိုပြီး ကျောက်ပတ်တီးနဲ့ လက်သိုင်းလေးနဲ့ ထားလိုက်ပါတယ်။

နောက်ရက်တွေမှာ ရင်ဘက်လေ့ကျင့်ခန်းတွေလုပ်ရင်း လူနာက တဖြည်းဖြည်းနဲ့တိုးတက်လာပြီး ၁၀ ရက်မြောက်နေ့မှာ ရင်ခေါင်းကပိုက်ကို ဖြုတ်လိုက်နိုင်ပါတယ်။ ရင်ဘတ်ရော ဗိုက်ရောက အနာတွေလည်း ပိုးမဝင်ဘဲ ကောင်းကောင်းအနာကျက်ပါတယ်။

နောက်တစ်ပတ်လောက်အကြာမှာတော့ လူနာကိုဆေးရုံကနေ ပေးဆင်းလိုက်နိုင်ပါတော့တယ်။

လက်မောင်းရိုးကလည်း ၂ လလောက်အကြာမှာ အရိုးဆရာဝန်နဲ့ပြတော့ ဘာမှပြန်လုပ်ဖို့မလိုဘဲ ပြန်ဆက်နေပါပြီ။

ပြီးခဲ့တဲ့လက အပြင်သွားရင်း လုံခြုံရေးဂိတ်တစ်ခုမှာ ရဲဘော်တစ်ယောက်က ကိုယ့်ကားကိုတားပြီး နှုတ်ဆက်တော့ ရုတ်တရက် သူမှန်းမမှတ်မိဘူး။

နောက်တော့မှ သူပြန်ကောင်းသွားပြီး တာဝန်ပြန်ကျနေမှန်းသိတော့ ဝမ်းသာသွားတယ်။ လက်လည်းပြန်ကောင်းပြီး ပြန်လှုပ်ရှားနိုင်နေပါပြီ။

ဒီကာလမှာ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတာ၊ ကိုယ့်ဘဝ တက်လမ်းတွေမရှိတော့တာကြောင့် စိတ်ဓာတ်ကျရတာတွေရှိပေမယ့် အခုလို မဖြစ်နိုင်ဘူးထင်ထားတဲ့ အောင်မြင်မှုလေးတွေ၊ မရှင်လောက်ဘူးထင်ထားတဲ့ အသက်တွေ အံဩစရာကောင်းအောင် ရှင်သွားတာတွေ့တော့လည်း ကံတရားက ကိုယ်တွေဘက်မှာရှိသေးသားပဲဆိုပြီး အားတက်မိပြန်တာပါပဲ။

ကိုယ်တွေကသာ စိတ်ဓာတ်ကျလိုက် အားတင်းလိုက်ဖြစ်နေတာပါ။ ဟိုကျပ်မပြည့်တဲ့ မအိမ်လုံးကတော့ မြို့တွေကုန်တော့မယ် သီချင်းဆိုကောင်းတုန်း 😁
တိုင်းပြည်ကို အသံဇိုးနဲ့ပါ ဒုက္ခပေးသေးတာ။

ဒီကြက်သတုန်းဆိုတာလည်း ဘယ်ကြက်သတုန်းနဲ့မှကို မတူတာ။ တေကို မတေနိုင်ဘူး….။

Dr Harry
လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here