ဒီနေ့မှာတော့ အဖြစ်များတဲ့ ရောဂါတွေထဲကမှ Diphtheriaလို့ခေါ်တဲ့ ဆုံဆို့နာရောဂါနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင်။

ဆုံဆို့နာဆိုတာကတော့ Corynebacterium diphtheriae လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကို ဝင်ရောက်ကူးစက်တာဖြစ်ပြီး လူတစ်ယောက်ကနေတစ်ယောက်ကို အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ?

လက္ခဏာတွေကတော့ လည်ချောင်းနာတာ၊ ဖျားတာနဲ့ အရင်စလေ့ ရှိပါတယ်။

ဒါ့အပြင် နှလုံးခုန်မြန်လာမယ်။

အထင်ရှားဆုံးကတော့ အာသီးမှာ မီးခိုးရောင် ဒါမှမဟုတ် အစိမ်းရောင်ရှိတဲ့ အမြှေးပါးလေး ပေါ်လာတာပဲ ဖြစ်ပါတယ်။ အဲ့ဒီ အမြှေးပါးကြောင့် လည်ပင်းရောင်တာ၊ Lymph node အကျိတ်တွေ နာကျင်တာ အစရှိတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

နှပ်ရည်ယိုတာအပြင် သွေးယိုစီးတာတို့လည်း ဖြစ်နိုင်ပါတယ်။

အသံအိုးကို သွားပိတ်တဲ့အထိ ဖြစ်ခဲ့မယ်ဆိုရင်တော့ ခပ်အက်အက်ကွဲကွဲအသံ ပြောင်းတာမျိုးထိ ဖြစ်နိုင်ပါတယ်။

ဒီ့ထက်ပိုဆိုးလာခဲ့မယ်ဆိုရင်တော့ ရောဂါဖြစ်ပြီး (၁၀)ရက်အတွင်းမှာ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

မကုသခဲ့ဘူးဆိုရင် နောက်ဆက်တွဲရောဂါတွေအထိ ဖြစ်ပွားနိုင်ပါတယ်။

ဆုံဆို့နာရောဂါပိုးက နှလုံးကြွက်သားနဲ့ အာရုံကြောစနစ်တို့ကို တိုက်ခိုက်တာဖြစ်တဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ နှလုံးကြွက်သား‌ရောင်ရမ်းခြင်း၊ နှလုံးကောင်းကောင်းမညှစ်တော့ခြင်း၊ အာရုံကြောအားနည်းတဲ့ ရောဂါတွေ ဖြစ်ပွားလေ့ရှိပါတယ်။

ဘယ်လို ကုသပျောက်ကင်းနိုင်လဲ?

ဆုံဆို့နာရောဂါဖြစ်ပြီဆိုတာနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ဖြေဆေးထိုးဖို့ လိုအပ်ပါတယ်။

လိုအပ်ရင်တော့ ကျွမ်းကျင်သူဆရာဝန်တွေကနေ လိုအပ်တဲ့ ပိုးသတ်ဆေးတွေကို ညွှန်ကြားတဲ့အတိုင်း သောက်သုံးဖို့ လိုအပ်ပါတယ်။

ဒါဆို့ ဆုံဆို့နာရောဂါကို ဘယ်လိုကာကွယ်နိုင်လဲ?

ဆုံဆို့နာရောဂါ ကာကွယ်‌ဆေးထိုးနှံတာကတော့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။

ကလေးတွေကို ကာကွယ်ဆေးထိုးနှံတဲ့နေရာမှာ ဆုံဆို့နာရောဂါကာကွယ်ဆေးက အခြားသော မေးခိုင်၊ ကြက်ညှာ၊ အသည်းရောင်အသားဝါ ဘီ၊ haemophilus influenzae type B ကာကွယ်ဆေးများနဲ့အတူ ငါးမျိုးစပ် ကာကွယ်ဆေး (pentavalent vaccine)အဖြစ် ထိုးနှံလေ့ရှိပါတယ်။

ဒါကြောင့် ကလေးတွေ မွေးဖွားပြီးတာနဲ့ သတ်မှတ်ထားတဲ့လအလိုက် ကာကွယ်ဆေးထိုးနှံဖို့ကလည်း အရေးကြီးပါတယ်။

ဒီလောက်ဆို ဆုံဆို့နာရောဂါနဲ့ပတ်သက်ပြီး သိမှတ်ဖွယ်ရာတွေအားလုံး သိလောက်ပြီးဖြစ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဆုံဆို့နာနဲ့ ပတ်သက်ရင် မပေါ့ဆကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။

Reference ????

Davidson 23rd Edition pp.265

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here