ကျောက်ကပ်ရောဂါသည်များ ( ကျောက်ကပ်ပျက်စီးမှု အဆင့် ၃ နှင့် ၄ ) (CKD Stage 3 & 4)အတွက် အစားအစာ ထိန်းသိမ်းစားရမည့်ပုံစံ ( November, 2022)

ကျောက်ကပ်ရောဂါသည်များ ( ကျောက်ကပ်ပျက်စီးမှု အဆင့် ၃ နှင့် ၄ ) (CKD Stage 3 & 4)အတွက် အစားအစာ ထိန်းသိမ်းစားရမည့်ပုံစံ

” ပရိုတိန်း “
=========
အသားဓါတ်ကိုပြောတာပါ
ကိုယ်အလေးချိန် ၁ကီလိုဂရမ်လျှင် ၀.၈ ဂရမ်နှင့်အထက်နှုန်းဖြင့် စားသုံးရပါမည်။

ဥပမာ – ၆၀ကီလိုရှိသောလူအတွက် စားသုံးရမည့်ပရိုတိန်းပမာဏမှာ (၆၀×၀.၈) ၄၈ ဂရမ်

လက်၂ လုံးအရွယ်အသားတစ်တုံးမှာ ၇ ဂရမ်အသားဓါတ်ပါတာမို့ ၆၀ ကီလိုအလေးချိန်ရှိသူဟာ တစ်နေ့ကို လက်၂ လုံးအရွယ်အသား ၅ တုံး စားလို့ရပါတယ်…. အသားကနေ ရတဲ့ ပရိုတင်းက ၃၅ ဂရမ်ဘဲရှိသေးပေမယ့် အသီးအရွက် ထမင်း ခေါက်ဆွဲ စတာတွေမှာ ပရိုတင်းအနည်းငယ်စီ ပါဝင်လို့ အခုလို လျော့တွက်ရတာပါ…

ကြက်သား ၊ ဝက်သား ၊ အမဲသား နှင့် အသားအမျိုးမျိုး ၊ ငါးအမျိုးမျိုး ၊ ပင်လယ်စာ ၊ နွားနို့ ၊ ဥ အမျိုးမျိုး ၊ ပဲအမျိုးမျိုးတို့တွင် အသားဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။

အသားကို တို့မြန်မာတွေအများကြီး စားလေ့မရှိတာကြောင့် အသားဓါတ်ကို အများကြီးစားမိမှာ အရမ်းစိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် အသားချက်ပြုတ်စားသောက်တဲ့အခါ အရေပြား ၊ ဆီဖူး ၊ အဖြူဖတ်ဖတ်ကဲ့သို့ မြင်ရတဲ့အဆီတွေ ဖယ်စားသင့်ပါတယ် ။ အခေါက်တွေ နံရိုးတွေက သွေးတွင်းအဆီတက်ကာ နှလုံးသွေးကြောကျဉ်းစေလို့ ရင်ဘုံလိုအသားချည်းပါတာသာ ရွေးချယ်ပါ။

” ဆား ” ဆိုဒီယမ်
=============
၂၃၀၀ မီလီ ဂရမ် (စားပွဲတင်ဇွန်း ၁ဇွန်းမျှ) ပမာဏ ကို တစ်နေ့တာအတွက် စားသောက်နိုင်ပါသည်။
Tips: အချိုမှုန့်ဟာ ဟင်းချိုမှုန့်တစ်ဝက် ဆားတစ်ဝက်မို့ မသုံးသင့်ပါ

အခြားကြက်သားမှုန့် ၊ ဟင်းချိုမှုန့်တွေဟာလဲ ဆိုဒီယမ် ပါဝင်မှုများပါတယ်
ပဲငံပြာရည် ငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်းတင် ဆိုဒီယမ် ၁၀၀၀ မီလီဂရမ်ခန့်ပါဝင်လို့ လျော့နိုင်သလောက်လျော့သုံးပါ

အပေါ့ အငန် ဆိုတာ စားသုံးသူရဲ့ အာရုံခံမှုမို့ တဖြေးဖြေးချင်း ဆားများတာ လျော့စားပေးရင် နောက်ပိုင်း အပေါ့စားနိုင်လာပါတယ် ….

မြန်မာ့ထမင်းဝိုင်း ငပိရည်တို့စရာနဲ့ ဒညင်းသီးကိုတော့ လုံးဝရှောင်ဖို့ ဝမ်းနည်းစွာ အကြံပေးပါရစေ…

ဆိုဒီယမ်လျော့စားချင်ရင် ငရုတ်ဆော့စ် ချိစ်ဆော့ စတာတွေ တို့စရာ အရည်တွေကို တတ်နိုင်သလောက်လျော့စားပေးလို့ရပါတယ် ။ စားပွဲဝိုင်းပေါ် ဆားခွက်မထားရင် မမြင်တော့ရင် မစားမိတော့ဘူးပေါ့… လတ်လတ်ဆတ်ဆတ် အသီးအရွက် အသားငါးတွေက ဆိုဒီယမ် ပါဝင်မှုနည်းပါတယ် …
အဲ ဒါပေမယ့် သံဘူးထဲ ထည့်ထားတာ ၊ အချဉ်စိမ်ထားတာ ၊ အသင့်စားခဲခန်းထဲထည့်ထားမျိုးဆို ဆိုဒီယမ် ပါဝင်မှုများလို့ လတ်ဆတ်ပီးချက်ချင်းစားရတာမျိုးကိုပိုရွေးချယ်ပါ…

ပန်းရောင်ဆားတို့ ဆားကြမ်းတို့ ဆားချောတို့အကုန်လုံးက ဆားပဲမို့ ဆိုဒီယမ်ပါဝင်မှု သိပ်မကွာလို့ ဘယ်ဟာပိုကောင်းတယ်မရှိပါဘူး…

ဆိုဒီယမ်လျော့ဖို့ဆိုပီး ဆိုဒီယမ်အစားထိုး ပိုတက်ဆီယမ်ဆားဆိုပြီးလာတဲ့ ဆားတွေ အစားအစာတွေဟာ ကျောက်ကပ်လူနာများလုံးဝရှောင်ရမယ့်ထဲပါပါတယ် ….

ဟင်းခတ်မှုန့်တွေ ငံပြာရည်တွေ လျော့လိုက်တော့ အရသာစားမကောင်းတော့ရင် ဟင်းခတ်အမွှေးအကြိုင်များဖြစ်တဲ့ ဆနွင်း ၊ ဂျင်း ၊ စပါးလင် ပတဲကော ၊ ငရုတ်ကောင်း ၊ ကြက်သွန်ဖြူ ၊ မဆလာမှုန့် ၊ ငရုတ််သီးမှုန့် စတာတွေနဲ့အနံ့အရသာကောင်းအောင် ချက်ပြုတ်ပြင်ဆင်လို့ရပါတယ်… ဆိုင်က ဝယ်တာတွေဆိုရင်တော့ အများစုက ဆိုဒီယမ်များတာမုချပါဘဲ

ရှောင်ရမယ့်နောက်တစ်ခုကတော့ တိုင်းရင်းဆေး ၊ လျက်ဆား ၊ အစာကြေဆေး၊ ဆင်တုံးမနွယ် ၊ နွယ်ချို ပါသောဆေးတွေ လုံးဝရှောင်ပါ…

ကျောက်ကပ်အားနည်းလို့ ကျောက်ကပ်ဆိပ် ယူရီးယားများလို့ အစာမကြေဖြစ်တာမို့ အိမ်သုံးဆေး ဆေးမြီးတိုလုံးဝမသုံးပါနဲ့…ပြနေကျ ဆရာကို အားမနာဘဲ ခံစားရတဲ့ ဝေဒနာများအတွက် တိုင်ပင်ပါ။

” ပိုတက်ဆီရမ် “
============
သွေးတွင်း ပိုတက်ဆီရမ် ပမာဏကို ပုံမှန်နှုန်းအတွင်းထိန်းထားသင့်ပါတယ်။ ပိုတက်စီယမ်အတက်အကျ နည်းနည်းလေးဖြစ်တာနဲ့ နှလုံးခုန် မမှန်ဖြစ်ကာ ရုတ်တရက် အသက်အန္တရယ် ကျရောက်နိုင်ပါတယ်

ဆီးဆေးသောက်နေရသူများအဖို့ ပိုတက်စီယမ် ကျနေနိုင်ပါတယ်။ ထိုကျနေသူများအနေနှင့်တော့ ကြိုက်သလောက်ပိုတက်စီယမ် စားလို့ရပါတယ် ။

ပိုတက်စီယမ်များသော အစားအသောက်များကိုမှတ်သားထားချင်ရင်တော့…
ဟင်းသီးဟင်းရွက် – ကိုက်လံ ၊ ပန်းဂေါ်ဖီ ၊ မုန်လာဥနီ/ဖြူ ၊ ကြက်ဟင်းခါးသီး ၊ မြင်းခွါရွက် ၊ ဘူးသီး ၊ ဟင်းနုနွယ် ၊ မုန်ညင်းရွက် ၊ ဘရိုကိုလီ
သစ်သီးဝလံ- အလွယ်မှတ်ရင် အရောင်ရင့်တဲ့ အသီးတော်တော်များများပါဘဲ- စပျစ်သီးဆိုအနီ ၊ လိမော်သီး ၊ ပိန္နဲသီး ၊ ငှက်ပျောသီး ၊ သရက်သီး ဒူးရင်းသီး စတာတွေပါ…

မိမိပြနေကျ ဆရာဝန်နဲ့တိုင်ပင်ကာ တစ်နေ့တာ စာသုံးရမည့် ပိုတက်စီယမ်ကို ချိန်ဆကာစားသုံးနိုင်ပါတယ် ။

” ကယ်စီရမ် “
==========
ကယ်ဆီရမ်ကို ၁.၅ ဂရမ် အထိ(အစားအစာနှင့် ဆေးဝါးများအပါ) စားသုံးနိုင်ပါသည်။ အမေရိကန် စားသုံးသူများအသင်းကမူ လူတစ်ယောက်အတွက် တစ်နေ့လျှင် ၁၀၀၀မီလီဂရမ် ပမာဏသာ စားသုံးသင့်ကြောင်း ဆိုထားပါ သည်။
မှို၊ ငါးအမျိုးမျိုး တို့မှာ vitamin D နဲ့ ကယ်စီယမ် ပါဝင်ပါတယ်

” ဖော့စဖိတ် “
==========
ဖော့စဖိတ်က်ု တစ်နေ့တာ ၀.၈ မှ ၁ ဂရမ် အတွင်းစားသုံးသင့်ပြီး သွေးတွင်းပမာဏ ပုံမှန်နှုန်းထားအတွင်းဖြစ်အောင် ထိန်းသိမ်းစားသောက်သင့်ပါတယ်။

နို့နဲ့ နို့ထွက်ပစ္စည်းများဟာ ဖော့စဖိတ်များလို့ တစ်နေ့ကို နွားနို့ခွက်တစ်ဝက်ထက် ပိုမသောက်သင့်ပါဘူး။

ပေါင်မုန့်ကိတ်မုန့် ၊ အသင့်စားမုန့် ၊ အေးခဲထားသောအသား ၊ တာရှည်ခံအသား ၊ အသားချောင်း ၊ ဝက်အူချောင်း ၊ ငါးသေတ္တာ နှင့် ကိုကာကိုလာ၊ ချောကလက်တို့ကဲ့သို့ အညိုရောင်ရှိသောအစားစာအများစုမှာ ဖော့စဖိတ်ပါဝင်မှုများလို့ လျော့စားသင့်ပါတယ်။

” ကာဗိုဟိုက်ဒရိတ် “
===============
ဆီးချိုနဲ့ ကျောက်ကပ်တွဲနေရင်တော့ သကြားများတာ ၊ အချိုကဲတာတွေ ၊ ကောက်ညှင်းနဲ့လုပ်တဲ့ အစားသောက်တွေ ချင့်ချိန်စားပါ

ကာဗိုဟိုက်ဒရိတ်ကို လုံလောက်အောင်စားပါမှ အာဟာချို့တဲ့ကျုံလှီတာ မဖြစ်မှာပါ

ဆီးချိုရှိတဲ့သူအနေနဲ့ အသားဓါတ်မပါဘဲ အာဟာရဓါတ် ကယ်လိုရီ ရချင်ရင် ပဲကြာဇံစားလို့ရပါတယ်။ ဆီးချိုမရှိရင်တော့ သာကူကြိုလို စားလိို့ရပါတယ်။
ကယ်လိုရီကို ကိုယ်အလေးချိန် ၁ကီလိုဂရမ် လျှင် ၃၀ မှ ၃၅ ကီလိုကယ်လိုရီပမာဏ စားသုံးဖို့ အကြံပြုပါတယ်။

“ အမျှင်ဓာတ်”
==========
fiber ဟုခေါ်သော အမျှင်ဓာတ်ပါသောအသီးအရွက်များကို တစ်နေ့လျှင် ၂၅ မှ ၃၈ ဂရမ် အတွင်းစားသုံးနိုင်ပါတယ်။
အရောင်မရင့်တဲ့ သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များကို စိတ်ကြိုက်စားပါ

၁၀၀၀ ကီလိုကယ်လိုရီပါသော အစားအစာ စားတိုင်း အမျှင်ပမာဏကို ၁၄ ဂရမ် အပြည့်ပါအောင် စားသုံးသင့်ပါတယ် (သို့မဟုတ် ) အမျိုးသားများတွင် ၁၄ ဂရမ် အမျိုးသမီးများတွင် ၂၈ ဂရမ် ပမာဏ ပါအောင်စားသုံးသင့်ပါတယ်။

အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦး
Telekyanmar

( လူနာတစ်ဦးချင်းစီအတွက် မိမိရောဂါအခြေအနေအရ စားသောက်သင့်သည်များကို အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက တယ်လီကျန်းမာ messengerမှ တစ်ဆင့် ဘိုကင်ယူ၍ အခမဲ့ဆွေးနွေးနိုင်ပါသည် )

References:
1. KDIGO 2012 clinical practice guideline for the evaluation and management of chronic kidney disease. Kidney Int Suppl 2013; 3:5.

2. NKF KDOQI Guidelines 2000. Clinical practice guidelines for nutrition in chronic renal failure. https://www.kidney.org/…/docs/kdoqi2000nutritiongl.pdf (Accessed on November 4, 2015).

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#ကျောက်ကပ်ရောဂါ#အစားအသောက်

Ministry of Health,

National Unity Government.

Published on: 5 November 2022
Last Updated: 5 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းကိုလက်စထရော ကျဆင်းစေရန် ဘယ်လိုဆင်ခြင်စားသောက်သင့်သလဲ

သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။…… ကိုလက်စထရောဟာ...

ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်း Morning Sickness and Hyperemesis Gravidarum

Morning Sickness and Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။ ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့...

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့်...