ဆီးချိုအကြာင်း ကိုယ် ဘယ်လောက်ထိသိပြီလဲ ????

ဆီးချိုရောဂါဆိုတာလူတိုင်းရင်းနှီးပြီးသား၊ ကြားဖူးပြီးသား ဖြစ်ပေမယ့် မိမိတို့ကိုယ်တိုင် မဖြစ်အောင်ကာကွယ်နိုင်ဖို့၊ ထိန်းနိုင်ဖို့က အရေးကြီးဆုံးဖြစ်တာကြောင့် ဆီးချိုအကြောင်း သိထားသင့်သည်များကို အကြမ်းဖျင်းလေးပြောလိုက်ပါတယ်။

✔️အရင်ဆုံးဆီးချိုက(၂)မျိုးရှိပါတယ်တဲ့????

Type 1-ပထမအမျိုးအစားကတော့ မုန့်ချိုအိတ် (ခေါ်) ပန်ကရိယက အင်ဆူလင် ဟော်မုန်း ကိုမထုတ်ပေးနိုင်လို့ပါ။

Type 2 -ဒုတိယအမျိုးအစားကတော့ ပန်ကရိယ ကထုတ်ပေးလိုက်တဲ့ အင်ဆူလင်ဟော်မုန်းကို မိမိတို့ကိုယ်ခန္တာက တုံ့ပြန်မှုအားနည်းသွားလို့ပါ။
သူတို့၂ခုကို ဖြစ်စေတဲ့အကြာင်းရင်းကမတူသလို ကုသမှုလည်းမတူပါဘူးတဲ့။

ဒီ၂မျိုးပဲလားဆိုရင်တော့…
တခြားပန်ကရိယရောင်တာ၊ ဟော်မုန်းရောဂါများ၊တချို့သောဆေးများကြောင့်လည်း ဆီးချိုတက်နိုင်ပါသေးတယ်။

❓ဒါဆိုအကြမ်းဖျင်း ဘယ်လိုခွဲကြမှာလဲ????

Type 1- ပထမတစ်ခုက အသက်ငယ်ငယ် ပိန်တဲ့သူတွေမှာဖြစ်လေ့ရှိပြီး မျိုးရိုးမှာဆီးချိုမရှိတတ်ကြပါဘူး။

Type 2- ဒုတိယတစ်ခုကတော့ အသက်ကြီးကြီး ဝတဲ့သူတွေမှာဖြစ်လေ့ရှိပြီး မျိုးရိုးလိုက်ကြပါတယ်။
ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အဆီများသော အချိုများသောအစာ အစားများတာ၊ သွေးတွင်းအဆီများတာ၊ သွေးတိုးရှိသူတွေမှာပိုဖြစ်တတ်ပါတယ်။

❓ကိုယ့်မှာရော ဆီးချို ရှိနေပြီးလား၊ဘယ်လိုလက္ခဏာပြမှာလဲ။

✔️သွေးတွင်းအချိုဓာတ်များနေတဲ့ လူတစ်ယောက်ဟာ ဆီးသွားများပြီး ရေငတ်လို့ ရေခဏခဏသောက်ရတတ်ပါတယ်
✔️အားအင်ကုန်နှုံးနေတတ်ပြီး ပိန်ကျသွားတတ်ပါတယ်
✔️ကိုယ်ခံအားကျကာ ပိုးမွှားအဝင်လွယ်ပြီး အနာရှိရင်လည်းကျက်ဖို့နှေးပါတယ်။

❓ဒါဆိုလက်ထိပ်သွေးဖောက်ပြီး စစ်ကြည့်ရင်ရော အတိအကျပြောနိုင်လား

✔️အတိအကျစစ်ချင်ရင်တော့ venous plasma glucose ကို ဓာတ်ခွဲခန်းမှာ ဖောက်စစ်ကြည့်ရင်ရပါတယ်
✔️အထက်ပါလက္ခဏာတွေရှိပြီး
– အစာမစားခင် 126 mg/dl ( 7 mmol/L )အထက်
– အစာစားပြီး 200 mg/dl ( 11 mmol/L ) အထက်ဆိုရင်တော့ ဆီးချိုတက်နေပြီလို့ ပြောလို့ရပါတယ်
✔️လက်ထိပ်သွေးဖောက်စစ်တာဟာ ဆီးချိုထိန်းထားနိုင်လားသိဖို့အတွက်ပဲ အသုံးများပါတယ်

❓ဆီးချိုရှိနေပြီး မထိန်းနိုင်ခဲ့ရင်အသက်အန္တရာယ် ထိခိုက်နိုင်လား

– မထိန်းနိုင်ဘူးဆိုတာဟာ အချိုဓာတ်များလွန်းတာအပြင် နည်းလွန်းတာလည်းပါပါတယ်။

‼️ဘယ်အချိန်တွေမှာအရမ်းနည်းသွားနိုင်လဲဆိုရင်တော့….
– သွေးတွင်းအချိုဓာတ်ကိုကျစေတဲ့ သောက်ဆေးများသောက်ပြီး (သို့မဟုတ်) အင်ဆူလင်ထိုးပြီးအစာမစားမိတဲ့အခြေအနေမှာ သတိလစ်သည်အထိဖြစ်သွားနိုင်ပါတယ်။

– ဒါဆိုနည်းနေပြီကို ဘယ်လိုသတိထားနိုင်မလဲဆိုရင်တော့….
• ခြေလက်ကတုန်ကယင်ဖြစ်တာ
• ရင်တုန်တာ
• ချွေးစေးပြန်တာ
• အသက်ရှူမဝတာ ဆိုရင်တော့ လက်ထိပ်အမြန်ဖောက်စစ်ပြီး ကျနေရင် အချိုတစ်ခုခုအမြန်စားပေးပါ။ ထို့နောက်ဆေးရုံဆေးခန်းကို အမြန်သွားပေးပါ။

‼️သွေးချို ရုတ်တရက်များလွန်းရင်….
– ဆီးအလွန်သွားကာ ရေဓာတ်ခန်းခြောက်ပြီးရုတ်တရက် သတိလစ်သည့်အထိဖြစ်နိုင်ပါတယ်
– ဒီလိုအချိန်မှာ နီးစပ်ရာဆေးရုံဆေးခန်းကိုအမြန်ပို့ပေးရပါမယ်။
(Type 1 သမားများဟာဆိုရင်ဖြင့် အသက်ရှူမြန်တာ၊ ဗိုက်အောင့်တာ၊ နှုံးတဲ့လက္ခဏာတွေလည်း ပြနိုင်ပါတယ်)

❓ဆီးချိုမထိန်းနိုင်လို့၊ ရှိတာမသိလိုက်လို့ နောက်ဆက်တွဲဆိုးကျိုးတွေ မိမိမှာရှိနေပြီလား၊ဘယ်လိုသိမှာလဲ

✔️သွေးတွင်းအချိုဓာတ်က သွေးကြောတွေကို ကျဥ်းစေ၊ ပိတ်စေတတ်တာကြောင့်
– နှလုံးသွေးကြောကျဥ်းစေတာ
– လေဖြတ်တာ
– ခြေထောက်သွေးမရောက်လို့ ပုပ်သည်အထိဖြစ်ပါတယ်

ဒါ့အပြင်…
– အမြင်အာရုံထိခိုက်တာ
​- ခြေလက်ထုံကျဥ်ပြီး ထိခိုက်မိမှန်းမသိတာ
– အထိုင်အထမှာခက်ပြီး မိုက်ခနဲမူးသွားတာ
– ဝမ်းချုပ်တာ၊ ဆီးသွားရခက်တာ
– ကျောက်ကပ်ထိခိုက်တာ တွေဖြစ်နိုင်ပါတယ်

✔️ကိုယ်ခံအားကျတာကြောင့်ပိုးဝင်လွယ်ပြီး
– ခန္တာကိုယ်ယားယံတာ၊မိန်းမကိုယ်ယားယံတာ
– ဆီးပူ၊ ဆီးကျဥ်၊ ဆီးအောင့်တာ
– အဆုတ်ရောင်တာစသည်တွေဖြစ်စေပါတယ်

ဒီလိုဆိုးကျိုးတွေဖြစ်မလာအောင်တားနိုင်မှာ မိမိတို့ကိုယ်တိုင်သာဖြစ်တဲ့အတွက် ဆီးချိုကို ဘယ်လိုစနစ်တကျတိုင်းကြမလဲ နဲ့ ဘယ်လိုထိန်းကြမလဲကို နောက်နေ့မှာဆက်လက်တင်ဆက်ပေးပါမယ်

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.254-256
OHCM 10th edition pg 206,207

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.