မိုးကလေးအေးအေးနဲ့ အိပ်ရာထဲကွေးပြီး Revo music ကနေ သီချင်းလေးတွေ နားထောင်နေရတာ တကယ့်စည်းစိမ်ပဲ…
“ မိုး….ရွာမယ်ဆိုရင်လေ…သည်းလိုက်စမ်းပါ့ကွယ် “
ငယ်ကတည်းက သဘောကျခဲ့တဲ့ မီမီဝင်းဖေသီချင်းလေး။
ရွာပါ… မိုးတွင်းမှာ သူ့ဟာသူမိုးရွာတာက ကောင်းပေမယ့် ခြင်တွေပေါက်ဖွားတတ်ကြတာကတော့ တကယ့်ပြဿနာပါ။ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေထဲမှာ ကလေးတွေကို ဒုက္ခအပေးဆုံးက သွေးလွန်တုပ်ကွေးပါ။
မြန်မာနိုင်ငံဟာ သွေးလွန်တုပ်ကွေး အဖြစ်များတဲ့နိုင်ငံတွေထဲ ပါပါတယ်။ နှစ်စဥ် သွေးလွန်တုပ်ကွေးကြောင့် အသက်ဆုံးရှုံးရတဲ့ကလေးတွေ ရှိနေဆဲဖြစ်ပြီး ဆေးရုံတက်ရတဲ့ ကလေးတွေလည်း အများကြီးပါ။ ဒါ့ကြောင့်လည်း သွေးလွန်တုပ်ကွေးလို့ ကြားလိုက်ရင် မိဘတွေ သိပ်စိတ်ပူကြတာပေါ့။
ဆရာဝန်တွေလည်း သွေးလွန်တုပ်ကွေးဆို ကြောက်ကြပါတယ်။ သွေးလွန်တုပ်ကွေးရာသီဆို ဆေးရုံမှာကလေးတွေ အပြည့်၊ နာမည်အတိုင်း သွေးထွက်သွေးယိုတတ်တဲ့အပြင် သွေးပေါင်ချိန်ကျပြီး Shock ရတတ်တာမို့ ၂ နာရီခြား ၄ နာရီခြား သွေးပေါင်ချိန်တိုင်းနေရတဲ့ ကလေးတွေ၊ shock ရသွားလို့ Drip တွေထည့်၊ သွေးရည်ကြည်တွေသွင်းထားရတဲ့ ကလေးတွေနဲ့ Duty ချိန်ဟာ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိအောင် ပင်ပန်းရတဲ့အချိန်ပါ။
ကလေးတွေခမျာလည်း မသက်သာရှာပါဘူး။ နေမကောင်းရတဲ့အထဲ သွေးပေါင်တွေ လာချိန်ကြ၊ သွေးတွေ လာဖောက်ကြနဲ့ စိတ်ညစ်ကြရှာမှာပါပဲ။
ဒီလောက်တောင် ဒုက္ခပေးတဲ့ သွေးလွန်တုပ်ကွေးကို ကာကွယ်ဆေးထိုးပြီး ကာကွယ်ထားလို့မရဘူးလားလို့ မေးချင်ကြပါလိမ့်မယ်။
ရတော့ရပါတယ်၊ ဒါပေမယ့် ……
သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ Dengue virus အကြောင်းလေး အရင် ပြောပြပါရစေ။
Dengue virus type 1,2,3,4 ဆိုပြီး ၄ မျိုးရှိပါတယ်။ ၄ မျိုးလုံးက သွေးလွန်တုပ်ကွေးဖြစ်စေပါတယ်။ အကြိမ်ကြိမ်အခါခါလည်း ပြန်ဖြစ်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးဆိုတဲ့ နာမည်အတိုင်းပဲ သွေးယို သွေးထွက်တာတွေအပြင် တုပ်ကွေးလို လက္ခဏာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
အများအားဖြင့်က တုပ်ကွေးလက္ခဏာတွေဖြစ်တဲ့ ဖျားမယ်၊ ကိုယ်လက်နာမယ်၊ ခေါင်းကိုက်မယ် ဒီလောက်နဲ့ ပြီးသွားတတ်ပါတယ်။ ဒါ့ကြောင့်လည်း သွေးလွန်တုပ်ကွေးဖြစ်တာကို ဖြစ်လို့ဖြစ်မှန်း မသိလိုက်ကြတာတွေက အများကြီးပါ။ ၅% လောက်ကသာ သွေးယိုသွေးထွက်တာ၊ သွေးလန့်တာတွေကြောင့် အသက်အန္တရာယ်ရှိနိုင်တာပါ။
ပထမဆုံးအကြိမ်ဖြစ်ရင် ရောဂါလက္ခဏာတွေက သိပ်ပြင်းထန်လေ့မရှိပေမယ့် ဒုတိယအကြိမ်ဆိုရင်တော့ အပြင်းအထန်ဖြစ်တတ်ပါတယ်။ ဒါဟာ ရောဂါပိုးနဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပဋိပစ္စည်းတွေ တိုက်ခိုက်ကြတာကြောင့်လို့ ဆိုပါတယ်။
သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ ကြိုးစားခဲ့ကြတာ ၁၉၂၀ ခုနှစ်တွေကတည်းကပါပဲ။ ဒါပေမယ့် အခုအချိန်အထိ ဈေးကွက်ထဲမှာရနိုင်တဲ့ သွေးလွန်တုပ်ကွေးကာကွယ်ဆေးကတော့ ၂ မျိုးပဲရှိပါတယ်။ Dengvaxia နဲ့ Qdenga ဆိုတဲ့ နာမည်တွေနဲ့ပါ။ Qdenga ကတော့ လေ့လာစမ်းသပ်နေဆဲလို့ ပြောရမှာပါ။
လောလောဆယ်မှာ Dengvaxia ကို WHO က အသက် ၉ နှစ်နဲ့ ၄၅ နှစ်ကြား အသက်အရွယ်တွေမှာ ထိုးနိုင်တယ်လို့ အသိအမှတ်ပြုထားပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ထိုးနေကြပါပြီ။
ဒါပေမယ့် ဒီဆေးက အရင်က သွေးလွန်တုပ်ကွေး ဖြစ်ဖူးပြီးသားသူတွေမှာပဲ ထိုးလို့ရပါတယ်။ သွေးလွန်တုပ်ကွေး တစ်ခါမှမဖြစ်ဖူးသေးတဲ့သူတွေမှာ ဒီကာကွယ်ဆေးထိုးပေးလိုက်ရင် ကာကွယ်ဆေးထိုးပြီးမှ သွေးလွန်တုပ်ကွေး ကူးစက်ခံရတဲ့အခါ ရောဂါလက္ခဏာပိုဆိုးပြီး ဆေးရုံတက်ရတဲ့ ကလေးတွေရှိခဲ့လို့ပါ။ ဒီကာကွယ်ဆေးဟာ သွေးလွန်တုပ်ကွေးဖြစ်ဖူးတဲ့ ကလေးတွေမှာ သွေးလွန်တုပ်ကွေး ၄ မျိုးလုံးကို ၈၀% ကာကွယ်ပေးနိုင်ပါတယ်။ ၆ လခြားပြီး ၃ ကြိမ် ထိုးနှံရမှာပါ။
ဒီလိုဆိုတော့ အသက် ၉ နှစ်အထက်လည်း ဖြစ်ရမယ်၊ သွေးလွန်တုပ်ကွေး ဖြစ်ဖူးကြောင်းလည်း သေချာရမယ်ဆိုတော့ ကလေးတိုင်းအတွက်တော့ အဆင်ပြေမယ် မဟုတ်ပါဘူး။
ဒါဆို ဘယ်လိုလုပ်ကြမလဲ…????
..
..
အဓိကတရားခံက ခြင်ဆိုတော့ အကောင်းဆုံးက ခြင်တွေမပေါက်ပွားအောင် ကာကွယ်ကြရမှာပါ။ “ ဖုံး၊ သွန်၊ လဲ၊ စစ်” ပဲပေါ့။
ရေသိုလှောင်ထားသော ပုံးများ၊ ဘူးများကို အဖုံးသေချာဖုံးထားရပါမယ်။ တစ်ပတ်တစ်ကြိမ်ခန့် ရေများသွန်ပစ်ပြီး အတွင်းပိုင်းများကို သေချာဆေးကြောသင့်ပါတယ်။ ပန်းအိုးများ၊ ရေထည့်ထားသော အပင်အိုးများနဲ့ တိရစ္ဆာန်အစာခွက် ရေခွက်များကိုလည်း ဆေးကြောပြီး ရေလဲပေးရပါမယ်။ ရေတင်ကျန်နေနိုင်ပြီး အသုံးမလိုတဲ့ ဘူးခွံ၊ ပုံး၊ ပုလင်းလွတ်၊ အိုးခွက်များ၊ ကားတာယာဟောင်းများကို စွန့်ပစ်ရပါမယ်။ ဒါမှမဟုတ် ရေမဝင်နိုင်အောင် မှောက်ထား၊ ဖုံးထားရပါမယ်။
ခြင်ကိုက်မခံရအောင်လည်း ကာကွယ်ကြရပါမယ်…
• အရောင်ဖျော့ဖျော့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ရပါမယ်။
• နေ့ရောညပါ ခြင်ထောင်နဲ့ အိပ်ရပါမယ်။
• ခြင်မကိုက်အောင် လိမ်းသောဆေးများ လိမ်းနိုင်ပါတယ်။
• ပြတင်းပေါက်များ၊ တံခါးများတွင် ခြင်လုံဇကာ တပ်သင့်ပါတယ်။
သတိထားတဲ့ကြားက ကူးစက်ခံရရင်တော့ ကလေးငယ်များ ဖျားပြီး ၃ ရက်ကနေ ၇ ရက်အတွင်းမှာ သွေးလန့်တတ်တာမို့ သတိထားပြီး စောင့်ကြည့်ရပါမယ်။ အထူးသဖြင့် အဖျားကျသွားပြီးမှ သွေးလန့်တတ်ပါတယ်။
သွေးလန့်နိုင်တဲ့ အန္တရာယ်လက္ခဏာတွေကတော့…
- ခန္ဓာကိုယ်မှာ အနီစက်တွေထွက်လာခြင်း
- နှာခေါင်းသွေး၊ သွားဖုံးသွေး ယိုခြင်း
- ကော်ဖီရောင် (ညိုညိုမည်းမည်းများ) အန်ခြင်း
- ဝမ်းမည်းမည်းသွားခြင်း
- ကလေးက နုံးခွေနေခြင်း/ဂဏာမငြိမ်ခြင်း
- ဗိုက်အလွန်အမင်းနာခြင်းတို့ ဖြစ်ပါတယ်။
ဒီလိုလက္ခဏာတွေ ပေါ်လာပြီး ၂၄-၄၈ နာရီအတွင်း သွေးလန့်တတ်တာမို့ အနီးဆုံး ဆေးရုံသို့သွားပြီး ဆေးကုသမှု ခံယူရပါမယ်။
..
ကဲ…ဒီလောက်ဆိုရင်တော့ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး ဆင်ခြင်ဂရုပြုစရာ အချက်တွေကို နားလည်သိရှိသွားပြီလို့ မျှော်လင့်ပါတယ်နော်….
???? ကလေးများအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ ????
ကလေးအထူးကုဆရာဝန်တစ်ဦး
Telekyanmar
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.