“လက်ဆစ်များ ညိုမည်းနေခြင်း (Dark knuckles)”
လက်ဆစ်တွေ ညိုမည်းရခြင်းဟာ အဓိကအားဖြင့် မယ်လနင်ထုတ်လုပ်မှု လွန်ကဲခြင်းကြောင့် ဖြစ်ရပါတယ်။ Melanin ဆိုတာ အရေပြားကို အရောင်ပေးစွမ်းနိုင်တဲ့ ရောင်ခြယ်ပစ္စည်းဖြစ်ပြီး အရေပြားတစ်ဝိုက်မှာ အမည်းကွက်များ ဖြစ်စေတတ်ပါတယ်။ အဲဒီလိုဖြစ်ရတဲ့ ရောဂါလက္ခဏာတွေဟာ မစိုးရိမ်ရဘဲ အခြားရောဂါအခံရှိဖို့ အခွင့်အလမ်းကလည်း နည်းပါးပါတယ်။
လူအများစုမှာ ဒီလိုလက်ဆစ်တွေ မည်းရခြင်းဟာ သီးခြားအကြောင်းရင်းမရှိသော်လည်း အချို့သောဆေးဝါးတွေကြောင့် (သို့မဟုတ်) အလွန်ရှားပါးတဲ့ အခြားပြဿနာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ သင်ဟာလည်း ဒီလိုလက်ဆစ်တွေ မည်းနေတယ်ဆိုရင် ဘာကြောင့်ဖြစ်ရလဲနဲ့ ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်ပါ။
???? Dark Knuckles (လက်ဆစ်မည်းခြင်း) ကိုဘာတွေက ဖြစ်စေလဲ
1️⃣ Acanthosis Nigricans — လည်ပင်း၊ ပေါင်ခြံ၊ လက်မောင်းနှင့် တံတောင်ဆစ်များကဲ့သို့ ခန္ဓာကိုယ်အနှံ့မှာ အမည်းကွက်သေးသေးလေးများ ဖြစ်ပေါ်လာပြီး လက်ဆစ်များတွင်လည်း တွေ့ရတဲ့ အရေပြားရောဂါအခြေအနေတစ်ခု ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အရေပြားကနေအနံ့ဆိုးထွက်စေပြီး ယားယံခြင်းကိုလည်း ဖြစ်စေပါတယ်။
2️⃣ ဆီးချိုနှင့် ဆီးချိုမဖြစ်ခင်အခြေအနေ — တစ်ခါတစ်ရံမှာ ဆီးချိုရောဂါစတင်ဖြစ်ပွားနေပြီဆိုရင် လက္ခဏာတစ်ရပ်အနေနဲ့ အရေပြားညိုမည်းလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ Acanthosis Nigricans ရှိသူတွေမှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများပါတယ်။ Prediabetes ဆိုတဲ့အခြေအနေမှာ သွေးတွင်းသကြားဓာတ် မြင့်မားနေတတ်ပြီး လက်ဆစ်မည်းလာခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။
3️⃣ ဟော်မုန်းအပြောင်းအလဲ — သိုင်းရွိုက်ရောဂါနဲ့ သားဥအိမ်တွင်းရေအိတ်တည်ခြင်း (PCOS) တွေဟာ ဟော်မုန်းမညီမျှခြင်းကို ဖြစ်ပေါ်စေပါတယ်။ PCOS ဟာ testosterone ဟော်မုန်းထုတ်လုပ်မှုကို လွန်ကဲစွာ ဖြစ်ပေါ်စေပြီး ဝက်ခြံဖြစ်စေတဲ့အပြင် လက်ဆစ်နဲ့ တံတောင်ဆစ်လိုနေရာတွေမှာ မည်းစေပါတယ်။
4️⃣ Addison’s diseases — ခန္ဓာကိုယ်ရဲ့ immune က မိမိရဲ့ကိုယ်ပိုင် adrenal gland တွေကို တိုက်ခိုက်တာကြောင့် Addison ရောဂါဖြစ်လာပြီး cortisol နဲ့ aldosterone ဟော်မုန်းတွေကို လျော့နည်းစေပါတယ်။ Addison ရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာကတော့ လက်ဆစ်နေရာနားမှာ ညိုမည်းလာခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းဗိုက်နာခြင်း စတဲ့လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။
5️⃣ ဗီတာမင် B12 ချို့တဲ့ခြင်း — ၂၀၁၆ ခုနှစ် လေ့လာမှုအချို့အရ လက်ဆစ်တွေညိုမည်းလာခြင်းဟာ ဗီတာမင် B12 ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့လက္ခဏာများထဲမှ တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
???? ဒီတော့ ဒီလိုလက်ဆစ်မည်းတာတွေကို ဘယ်လိုလျှော့ချမလဲ
1️⃣ ဗီတာမင် C — ဗီတာမင် C ဟာ အရွယ်တင်နုပျိုစေတဲ့ antioxidant များစွာပါဝင်တာကြောင့် အရေပြားဆိုင်ရာပြဿနာတွေအတွက် အလွန်အသုံးတည့်ပါတယ်။ အရေပြားအတွက် ထုတ်ကုန်တော်တော်များများမှာ ဗီတာမင် C ပါ၀င်ပြီး အများအားဖြင့် serum ပုံစံနဲ့ တွေ့ရများပါတယ်။ ဗီတာမင် C ထုတ်ကုန်အများစုမှာ Vit C ပမာဏ ၁၀% မှ ၂၀% ကြား ပါဝင်တတ်ပြီး အဲဒီထက် ပိုများတဲ့ပမာဏက အရေပြားကို ယားယံတာတွေ ဖြစ်စေနိုင်ပါတယ်။
2️⃣ နနွင်း (Curcumin) — Curcumin ဟာ နနွင်းမှာ တွေ့ရှိရတတ်ပြီး ၂၀၁၂ ခုနှစ် လေ့လာချက်တွေအရ tyrosinase အင်ဇိုင်းတွေကိုလည်း ထိရောက်စွာလျှော့ချပေးနိုင်ပါတယ်။ ဒီ tyrosinase အင်ဇိုင်းဆိုတာက မယ်လနင်ရောင်ခြယ်ပစ္စည်းတွေကို တိုးလာစေပြီး လက်ဆစ်တစ်ဝိုက်ကို ညိုမည်းလာစေတတ်ပါတယ်။ နနွင်းကို သုံးရတာဟာ တော်တော်ရိုးရှင်းပါတယ်။ နနွင်းတစ်ဇွန်းနဲ့ နွားနို့အနည်းငယ်ကို ရောပြီးနောက် လက်ဆစ်တွေမှာလိမ်းပြီး ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။
3️ Green tea — Green tea အသုံးပြုခြင်းဟာ tyrosinase ရဲ့လုပ်ဆောင်မှုကို ဟန့်တားပေးတာကြောင့် လက်ဆစ်မည်းတာကို လျော့ပါးစေနိုင်ပါတယ်။ Green tea အိတ်လေးတွေကို ပြုတ်ထားရုံနဲ့ လက်ဖက်စိမ်းရည်ကို ရိုးရိုးရှင်းရှင်း ပြုလုပ်နိုင်သလို လက်ဖက်စိမ်းအရွက်အချို့ကိုလည်း ရေနွေးပူပူမှာ ပြုတ်နိုင်ပါတယ်။ ထို့နောက် ဂွမ်းစဖြင့် သင့်လက်ဆစ်တွေပေါ်မှာ ရက်အတော်တန်ကြာ လိမ်းပေးနိုင်ပါတယ်။
4️⃣ နို့ချဉ်/ ဒိန်ချဉ် — ဒိန်ချဉ်မှာ lactic acid အများအပြား ပါဝင်တာကြောင့် လက်ဆစ်မည်းတာတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အရေပြားဆဲလ်တွေကို ကွာကျစေပြီး အရေပြားရောင်ရမ်းမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ လက်ဆစ်တွေမှာ မိနစ် ၂၀၊ ၃၀ လောက်လိမ်းပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။
5️⃣ အခြားသောကုထုံးများ — စျေးကွက်ထဲမှာ ရနိုင်တဲ့ ထုတ်ကုန်တွေရှိပြီး moisturizer တွေ၊ serum နဲ့ cream တွေလည်း တွေ့နိုင်ပါတယ်။ အလှအပဆိုင်ရာ ထုတ်ကုန်တစ်ခုစီဟာ အသားအရေအမျိုးအစားပေါ်မူတည်ပြီး အာနိသင်ကွဲပြားတာကို သတိပြုမိဖို့တော့ အရေးကြီးပါတယ်။
???? အမည်းစက်တွေနဲ့ အရေပြားမည်းခြင်းကို အလွယ်တကူ လျှော့ချပေးနိုင်တာတွေကတော့
- Kojic acid
- Niacinamide
- Azelaic acid
- Glycolic acid
- Retinol တို့ပဲ ဖြစ်ပါတယ်။
တကယ်လို့ လက်ဆစ်ညိုမည်းပြီး ခြောက်သွေ့တာ စတဲ့ ပြင်းထန်တဲ့ပြဿနာမျိုး မခံစားရဘူးဆိုရင် သက်သာအောင် အလွယ်တကူ လုပ်နိုင်ပါတယ်။ လက်ကိုရေဓာတ်ထိန်းပေးပြီး နေလောင်ကာခရင်မ်လိမ်းပေးခြင်းဖြင့် ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ လက်ဆစ်မည်းခြင်းဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
လက်ဆစ်များညိုမည်းခြင်းဟာ အဖြစ်များပြီး ဆီးချိုရောဂါ၊ အဝလွန်ခြင်းစတဲ့ ပြဿနာတွေနဲ့ ဆက်နွယ်နေနိုင်ပါတယ်။ အခြားရောဂါမရှိဘူးဆိုရင်တော့ ရိုးရှင်းလွယ်ကူတဲ့နည်းတွေနဲ့ အိမ်သုံးကုထုံးတွေနဲ့ လက်ဆစ်မည်းတာကို သက်သာပျောက်ကင်းအောင် လုပ်နိုင်ပါတယ်။ ဒီနည်းလမ်းတွေနဲ့ အဆင်မပြေဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်တာ ပိုကောင်းပါတယ်။
…
Reference: ????
https://www.dermaessentia.com/blogs/skin-care/dark-knuckles
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.