ကောတီဆောဟော်မုန်း (Cortisol) တွေလိုတာထက် ပိုများလာတဲ့အခါ “ Cushing Syndrome” (February, 2023)

” Cushing Syndrome “

???? Cushing Syndrome ဆိုတာ…..

ခန္ဓာကိုယ်မှာ ကောတီဆောဟော်မုန်း (Cortisol) တွေလိုတာထက် ပိုများလာတဲ့အခါ Cushing Syndrome ဆိုတဲ့ ကော်တီဆောများတာရဲ့ နောက်ဆက်တွဲရောဂါ ဖြစ်လာတတ်ပါတယ်။

ကော်တီဆောဟော်မုန်းဆိုတာ ပုံမှန်အားဖြင့် လူတွေရဲ့ ခန္ဓာကိုယ်မှာ သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင်၊ ရောင်ရမ်းတာတွေ သက်သာအောင်၊ နှလုံးနဲ့သွေးကြောတွေ ပုံမှန်ဖြစ်အောင် ထိန်းညှိပေးတဲ့အပြင် အစာကရတဲ့ ကဆီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် ဟော်မုန်းတစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် ကော်တီကိုစတီးရွိုက် (Corticosteroid) ဆေးတွေကို ပုံမှန်ထက်ပိုပြီး သုံးစွဲနေတာ (ဒါမှမဟုတ်) ကိုယ့်ရဲ့ ခန္ဓာကိုယ်ကနေ ကော်တီဆောဟော်မုန်းတွေကို လိုတာထက်ပိုပြီးထုတ်လာတဲ့အခါ ခန္ဓာကိုယ်မှာ အချိန်ကြာလာတာနဲ့အမျှ ကော်တီဆောဟော်မုန်း (cortisol) တွေများပြီး Cushing Syndrome ဆိုတဲ့ရောဂါဖြစ်လာပါတယ်။
..

****************************

???? Cushing Syndrome ဖြစ်စေတဲ့ အဓိကအကြောင်းရင်း (၂) မျိုးကတော့

(၁) ခန္ဓာကိုယ်အပြင်က ကော်တီကိုစတီးရွိုက်တွေကို အသုံးများတာ

ကော်တီကိုစတီးရွိုက် သောက်ဆေး/ ထိုးဆေး (ဒါမှမဟုတ်) လိမ်းဆေးတွေကို မလိုအပ်ဘဲ ခဏခဏသုံးတာကနေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေတွေက Cushing Syndrome ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲ တွေ့ရအများဆုံး ဖြစ်ပါတယ်။

ဒါ့ကြောင့် ကော်တီကိုစတီးရွိုက်ပါတဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိသဘောအတိုင်း သောက်သုံးဖို့ မသင့်တော်ပါဘူး။
.

(၂) မိမိ ခန္ဓာကိုယ်ကနေ ကော်တီဆောဟော်မုန်းတွေ အများကြီး ထုတ်နေတာ

ဥပမာ၊ ၊ ဦးနှောက်ရဲ့ အောက်ခြေမှာရှိတဲ့ pituitary gland လို့ခေါ်တဲ့နေရာမှာ အကျိတ်ဖြစ်တဲ့အခါ

ပုံမှန် ကော်တီဆောဟော်မုန်းတွေ ထုတ်ပေးတဲ့ adrenal gland မှာ ‌ရောဂါဖြစ်တဲ့အခါ…. Cushing Syndrome ဖြစ်နိုင်ပါတယ်။
..

***************************

???? ရောဂါလက္ခဏာတွေကတော့…

ကိုယ်အလေးချိန်တက်လာမယ်။ ဝမ်းဗိုက်၊ ကျောကုန်း၊ မျက်နှာနဲ့ ပုခုံးကြားတွေမှာ အဆီတွေစုပုံလာမယ်။

မျက်နှာက လမင်းကြီးလို ဝိုင်းဝိုင်းဖောင်းဖောင်းဖြစ်လာပြီး ဖောလာမယ်။ (Moon face)

လက်တွေနဲ့ အခြားနေရာတွေမှာ ကြွက်သားဆုံးရှုံးမှုဖြစ်မယ်။

ဗိုက်၊ ပေါင်၊ ရင်သားနဲ့ လက်မောင်းတွေမှာ အရေပြားအကြောပြတ်ပြီး ပန်းရောင် (ဒါမှမဟုတ်) ခရမ်းရောင် အစင်းကြောင်းတွေ ပေါ်လာမယ်။

အရေပြားတွေပါးလာပြီး သွေးချေဥလွယ်လာမယ်။

ထိခိုက်ရှနာ၊ ပွန်းပဲ့ဒဏ်ရာတွေရတဲ့အခါ အနာကျက်နှေးမယ်။

ဝက်ခြံတွေ ထွက်လာမယ်။

ကိုယ်ခန္ခာအနှံ့နဲ့ မျက်နှာမှာ အမွှေးအမျှင်တွေထူလာ၊ များလာမယ်။

အမျိုးသမီးတွေမှာ ဓမ္မတာ မမှန်တာတွေ၊ ရာသီထိန်တာတွေ ဖြစ်မယ်။

လိင်မှုကိစ္စ စွမ်းဆောင်လိုမှုတွေ ကျဆင်းမယ်။

မောပန်းလွယ်မယ်။

ကြွက်သားတွေ အားနည်းလာမယ်။

စိတ်ဓာတ်ကျမယ်။ စိတ်လှုပ်ရှားမယ်။ စိတ်ဆတ်လာမယ်။

ခေါင်းကိုက်မယ်။

ကိုယ်ခံအားနည်းပြီး ရောဂါကူးစက်လွယ်မယ်။

ပင်ကိုယ်အသားအရောင်ထက် ပိုပြီးညိုလာတာ၊ မည်းလာတာတွေရှိမယ်။

အချိန်တွေ ကြာလာတာနဲ့အမျှ အရိုးတွေပါးလာ/ပွလာမယ်။

ကလေးတွေမှာဆိုရင် ခန္ဓာကိုယ်/ အရပ် ဖွံဖြိုးကြီးထွားမှု နှေးကွေးလာမယ်… အစရှိတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
..

*****************************

???? Cushing Syndrome ကို မကုသဘဲနေမယ်ဆိုရင်တော့

အရိုးပါး/အရိုးပွပြီး အရိုးကျိုးလွယ်တာ

သွေးတိုးရောဂါဖြစ်တာ

ဆီးချိုရောဂါဖြစ်တာ

ကိုယ်ခံအားနည်းပြီး ရောဂါကူးစက်လွယ်တာ

ကြွက်သားတွေသေးပြီး လျော့ရိလျော့ရဲ အားနည်းလာတာ….အစရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
..

*****************************

???? Cushing’s Syndrome လို့ ကိုယ့်ကိုကိုယ် ယူဆရင်

❗ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူပါ။

ဟော်မုန်းဓာတ်တွေနဲ့ ပတ်သက်တဲ့ သွေးစစ်တာတွေ ပြုလုပ်ပြီး ရောဂါရှာဖွေဖို့လိုပါတယ်။

ဦးနှောက်အကျိတ်၊ Adrenal gland အကျိတ်ရောဂါတွေဆိုရင်တော့ ခွဲစိတ်ကုသရနိုင်ခြေ ရှိပါတယ်။

စတီးရွိုက် သောက်ဆေး/ ထိုးဆေးတွေကြောင့် နောက်ဆက်တွဲဖြစ်လာတာ ဆိုရင်တော့ ဆရာဝန်တွေက ဆေးညှိတာ၊ ဆေးလျှော့တာ၊ ဆေးရပ်တာတွေကို သင့်လျော်သလို စီမံပြီး ကုသပေးပါလိမ့်မယ်။
.

❗ Cushing Syndrome ကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြောင်းလဲမှုတွေကိုလည်း လိုအပ်သလိုကုသမှုခံယူဖို့ လိုအပ်ပါတယ်။

???? ကိုယ်အလေးချိန်ထိန်းတာ

ကိုယ်အလေးချိန်တက်လာတာက Cushing Syndrome ရဲ့ လက္ခဏာတစ်ခု ဖြစ်တာကြောင့် ကိုယ်အလေးချိန် လျှော့ချဖို့ လိုပါတယ်။

????သွေးတိုး၊ ဆီးချို ထိန်းတာ

Cushing Syndrome ဖြစ်ပြီး‌နောက်ပိုင်း သွေးတိုးနိုင်တဲ့အတွက် ဆားနဲ့ အငန်ဓာတ်လွန်ကဲတဲ့ အစားအစာတွေကို ချင့်ချိန်စားသုံးပါ။ အရက်သောက်တာနဲ့ အချိုဓာတ်လွန်ကဲတာတွေ စားတာမျိုးကို ရှောင်ကြဉ်ပါ။

????အရိုးပွရောဂါအတွက် ကုသမှုခံယူတာ (ဒါမှမဟုတ်) ကြိုတင်ကာကွယ်တာ

ကယ်လစီယမ်တွေ၊ ဗီတာမင်ဒီပါတဲ့ အားဆေးတွေ သောက်သုံးပေးဖို့ လိုနိုင်ပါတယ်။

???? အစာအိမ်ရောဂါအတွက်ကြိုတင်ကာကွယ်တာ၊ ကုသမှုခံယူတာတွေ လုပ်ဖို့လိုပါတယ်။
..

*******************************

အထူးသတိပြုစေချင်တာကတော့

‼️ တစ်ချို့ရောဂါတွေမှာ စတီးရွိုက်ကို ရေရှည်သောက်သုံးနေရတာဖြစ်လို့ Cushing Syndrome က နောက်ဆက်တွဲဆိုးကျိုး ဖြစ်လာတတ်ပါတယ်။

‼️ဒါပေမယ့် စတီးရွိုက်ဆေးတွေကို မိမိသဘောနဲ့ မိမိ ရုတ်တရက် ရပ်လိုက်ရင် ခန္ဓာကိုယ်ကကျင့်သားမရနေတဲ့အတွက် စတီးရွိုက် ဟော်မုန်းထုတ်တာ ပြတ်လပ်ပြီး သွေးပေါင်ထိုးကျတာ၊ သကြားဓာတ်ထိုးကျတာတွေ ဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။

‼️ဒါ့ကြောင့် သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ ဆေးအတိုးအလျှော့ ပြုလုပ်သင့်ပါတယ်။

‼️ ရောဂါတစ်ခုဖြစ်တိုင်း၊ အဆစ်အမြစ်တွေကိုက်တိုင်း စတီးရွိုက်ပါတဲ့ စပ်ဆေးတွေကို အလွယ်တကူသောက်သုံးတာ၊ ရေရှည်သောက်သုံးတာမျိုး မလုပ်ဘဲ သောက်သုံးဖို့လိုအပ်တဲ့အခါ ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျသောက်သုံးပေးပါ။

နောက်ဆုံးမှာချင်တာက ….

???? စတီးရွိုက်ဆေးဆိုတာ ကိုယ့်သဘောနဲ့ကိုယ် မသောက်သုံးသင့်သလို ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်လို့လည်း မရတဲ့ဆေးဖြစ်တဲ့အတွက် ဆရာဝန်ညွှန်ကြားတာနဲ့အညီ လိုက်နာပေးဖို့ အကြံပြုပါရစေ ????

Reference ????
https://www. mayoclinic.org/ diseases-conditions/ cushing-syndrome/symptoms-causes/syc-20351310

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#cushing#cushing#cushingsyndrome

Ministry of Health,

National Unity Government.

Published on: 19 February 2023
Last Updated: 19 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်ပင်ပန်းမှုတွေ ပြေပျောက်စေဖို့

လူတွေအတော်အများက စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုဒဏ်တွေကို ခံဖူးကြမှာပါ 💔 အထူးသဖြင့် အခုလိုကာလကြီးမှာ အစစအရာရာကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့ပြီး စိတ်ပင်ပန်းနေကြရမှာပဲ။ တစ်ခါတလေပင်ပန်းတာက ဖြစ်လေ့ရှိပေမယ့် ဆက်တိုက်ဖြစ်လာပြီဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေလာနိုင်ပါတယ်။ ဒါကြောင့်မို့ စိတ်ပင်ပန်းလာတဲ့အခါ စိတ်ပင်ပန်းမှုကို ပြေပျောက်စေဖို့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။…… (၁) ပင်ပန်းလာပြီဆို လက်ရှိအလုပ်ကို ရပ်လိုက်ပြီး...

သွေးကြောတွေရောင်စေတဲ့ ကာဝါဆာကီရောဂါ Kawasaki Disease

"သွေးကြောတွေရောင်စေတဲ့ Kawasaki Disease" ကာဝါဆာကီ (Kawasaki) ရောဂါကို ဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြားဖူးလိုက်တော့ ရောဂါအသစ်လားဆိုပြီး ကျွန်မကို မိတ်ဆွေတချို့က လာမေးကြပါတယ်။ သူက ရောဂါအသစ်မဟုတ်ပါဘူးနော်။ Kawasaki ရောဂါဆိုတာ ကလေးတွေမှာ အဖြစ်များပြီး အထူးသဖြင့် (၅) နှစ်အောက်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ သူဟာ အဓိကအားဖြင့် အလယ်အလတ်သွေးကြောတွေရဲ့ နံရံတွေကိုရောင်ရမ်းစေပြီး နှလုံးကိုထိခိုက်စေတဲ့ရောဂါပါ။.... Kawasaki...

အဝလွန်ခြင်းမှ ကာကွယ်ရန် (နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)

အဝလွန်ခြင်းမှ ကာကွယ်ရန် ကိုယ်လက်လှုပ်ရှားပါ။ ▪️ လူကြီးများသည် တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀)▪️ ကလေးများသည် တစ်ရက်လျှင် အနည်းဆုံး မိနစ် (၆၀) တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း...

ဗိုက်တာမင် ဘီ-ဝမ်း (Vit B1)ချို့တဲ့မှု အကြောင်း

ယခုရက်ပိုင်း နယ်ဘက်ကပြည်သူတွေရော၊ ရဲဘော်တွေပါ ဗိုက်တာမင် ဘီ-ဝမ်း ချို့တဲ့မှုတွေ ပြန်လည်ဖြစ်ပေါ်လာတာကြောင့် Vit B1 ချို့တဲ့မှုအကြောင်းကို မိဘပြည်သူများသိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။.... ▪️Thiamin လို့ ခေါ်တဲ့ Vitamin B1 ဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင် ဘီ အုပ်စုတွေထဲက တစ်ခုဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ရဲ့ကစီဓာတ်ကို ဖြိုခွဲပြီး...