“ အရွယ်ရောက်ပြီး အမျိုးသမီး/အမျိုးသားတိုင်း သိသင့်သည့် ကိုယ်ဝန်သန္ဓေတားနည်းများအကြောင်း”

ကိုယ်ဝန်သန္ဓေတားနည်း အမျိုးအစား အများကြီးရှိသလို အခုဆိုလည်း သန္ဓေတားနည်းအသစ်တွေပေါ်လာတာရှိပါတယ်။

အခု ပိုစ့်လေးမှာတော့ အသုံးအများဆုံး နည်းလမ်းတွေကို တစ်ခုချင်းဖော်ပြသွားပါမယ်နော်…

???? Barrier method (သို့) ကွန်ဒုံအသုံးပြုခြင်း

အမျိုးသား၊ အမျိုးသမီး Condom ဆိုပြီး နှစ်မျိုးရှိပါတယ်။ အမျိုးသား Condom က ပိုမိုအသုံးပြုရလွယ်ပြီး လက်ရှိ အသုံးအများဆုံးနည်းလို့တောင် ပြောလို့ရပါတယ်။

ဒီနည်းလမ်းက စနစ်တကျအသုံးပြုရင် ကိုယ်ဝန်မရအောင် ကာကွယ်နိုင်သလို… လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါတယ်။

???? နှစ်ရှည် တာရှည်ခံသော တားနည်းများ

လက်မောင်းအောက် Contraceptive Implant ထည့်တာနဲ့ သားအိမ်ထဲ ပစ္စည်းထည့်တာ (IUCD) ဆိုပြီး (၂) မျိုးရှိပါတယ်။

(၂) မျိုးလုံးကတော့ နားလည်တတ်ကျွမ်းတဲ့သူနဲ့ တိုင်ပင်ပြီး ထည့်ရပါတယ်။

Contraceptive implant က လက်မောင်းအောက် အရေပြားထဲကို ဟိုမုန်း (Hormone) ပါတဲ့ အချောင်းလေးထည့်တာပါ။ သူက (၃) နှစ်ခံပြီး ပြန်ထုတ်ရင်လည်း ကလေးပြန်ရနိုင်ပါတယ်။ Hormone ပါလို့ တစ်ခါတစ်ရံတော့ သွေးနည်းနည်းပြန်ဆင်းတာ၊ ရာသီမမှန်တာ စတာတွေ ဖြစ်တတ်ပါတယ်။

IUCD ကတော့ သားအိမ်ထဲကို ပစ္စည်းထည့်တာဖြစ်ပြီး အမျိုးအစားအလိုက် (၅) နှစ်ကနေ (၁၀) နှစ်အထိ ခံပါတယ်။ သူလည်း ရာသီသွေးအဆင်းများတာ ဖြစ်တတ်ပါတယ်။ IUCD ကိုပြန်ထုတ်လိုက်ရင်လည်း ကလေးပြန်ရနိုင်ပါတယ်။

???? တားဆေးထိုးခြင်း (Contraceptive Depo ထိုးခြင်း)

(၃) လခံတားဆေးကတော့ အများဆုံးကြားဖူးကြမှာပါ။ ဈေးကွက်ထဲ (၁) လခံ၊ (၂) လခံဆေးတွေလည်း ရှိပါတယ်။

တားဆေးထိုးမယ်ဆို စိတ်ချတတ်ကျွမ်းတဲ့သူဆီထိုးပြီး ကိုယ်ပြန်ထပ်ထိုးရမယ့်နေ့ကို သေချာမေးပြီး မှတ်သားထားရပါမယ်။ ဒါမှ စိတ်ချရသော ကိုယ်ဝန်တားနည်းဖြစ်မှာပါ။

ကိုယ်ဝန်ပြန်ရချင်ရင်တော့ ထိုးဆေးရပ်အပြီး လအနည်းငယ် ပြန်စောင့်ရတတ်ပါတယ်။

???? တားဆေးကဒ် သောက်ခြင်း

သူကတော့ အိမ်ထောင်ရှင် အမျိုးသမီး အများစုသုံးတဲ့နည်းဖြစ်သလို ကိုယ်ဘာသာဝယ်သောက်လို့ရတဲ့ အလွယ်ဆုံးနည်းလည်း ဖြစ်ပါတယ်။

ဘယ်နေ့စသောက်ရမလဲဆို… ရာသီပေါ်ပေါ်ခြင်းနေ့မှာသောက်ပါ။

ရာသီပေါ်တဲ့နေ့ မသောက်မိဘဲ… ကြိုက်တဲ့နေ့မှစသောက်မိရင်တော့… အမျိုးသားနဲ့ အတူနေတာကို (၇) ရက်​ရှောင်ပေးဖို့ လိုပါတယ်။

သူက နေ့စဉ်အချိန်မှန် မပျက်မကွက်သောက်ပေးရပါမယ်။ ဒါပေမဲ့ အဝလွန်တဲ့သူ၊ ဆေးလိပ်သောက်တဲ့သူ၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ ရင်သားကင်ဆာ စတဲ့ရောဂါအခံရှိတဲ့သူတွေနဲ့ ကလေးမွေးပြီးခါစအမျိုးသမီးဆိုရင် ပေါင်းစပ်တားဆေးသောက်​ရင် ဘေးထွက်ဆိုးကျိုးရှိနိုင်လို့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်ပေးပါနော်။

???? အရေးပေါ် သန္ဓေတားဆေး

အရေးပေါ်တားဆေးသောက်ခြင်း က အတူတူနေပြီး (၇၂) နာရီအတွင်းသောက်ပေးရပါမယ်။ ဖြစ်နိုင်ရင် စောစောသောက်လေ အကောင်းဆုံးပါနော်။

အရေးပေါ်တားဆေးက Hormone Dose အလွန်များတာကြောင့် သူ့ကိုသောက်အပြီး ပျို့အန်တာတွေဖြစ်ရင်တော့ နောက်ထပ် တခြားလိုအပ်တဲ့ဆေးတွေ သောက်ဖို့လိုပါလိမ့်မယ်။

အရေးပေါ်တားဆေးဖြစ်တာကြောင့် အမြဲသောက်နေကျပုံစံလိုမျိုး မသုံးစွဲရပါဘူးနော်။ သူ့ရဲ့ကာကွယ်နိုင်စွမ်းကလည်း ၈၅% ထိပဲ ရှိပါတယ်။

အတူတူနေတာ (၃) ရက်ကျော်သွားပြီးမှ ဆိုရင်တော့ (၅) ရက်အတွင်းဆိုရင် IUCD ထည့်ပြီး ထပ်ကာကွယ်လို့ရပါတယ်။

???? သားကြောဖြတ်ခြင်း

သားကြောဖြတ်တာကတော့ အမြဲကလေးမရနိုင်တော့မယ့် တားနည်းပါ။ ခွဲစိတ်ခန်းဝင်ပြီး ဖြတ်ရတာဖြစ်ပါတယ်။

ပြီးပြည့်စုံပြီးတဲ့ မိသားစုအတွက် ရွေးချယ်ကြတဲ့နည်းလမ်းလည်း ဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက် သားကြောဖြတ်တာက ကလေးသာ မရနိုင်တာပါ… ပုံမှန်ရာသီသွေးဆင်းပြီး သားဥတွေက ပုံမှန်အလုပ်လုပ်နေမှာပါ။

အမျိုးသား သားကြောဖြတ်တယ်ဆိုရင်တော့… ဖြတ်တဲ့နေ့ကစ (၃) လအထိ ကလေးရနိုင်သေးတာမို့ အကာကွယ်လိုပါတယ်နော်။

???? တခြားနည်းလမ်းများ

တခြားနည်းတွေက အမျိုးသားသုက်ရည်ကို အပြင်မှာထုတ်တာ၊ Calendar method အသုံးပြုတာ… စတဲ့ သဘာဝနည်းတွေရှိပါသေးတယ်။

ဒါတွေကတော့ ကိုယ်ဝန်မရနိုင်ဘူးဆိုတဲ့ အာမခံချက်မရှိသလို စိတ်မချရတဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။

ကိုယ်ဝန်သန္ဓေတားနည်း ရွေးချယ်တော့မယ်ဆိုရင် မိမိရဲ့အခြေအနေ၊ ရောဂါအခံတွေပေါ်မူတည်ပြီး ဘယ်နည်းလမ်းက အဆင်ပြေဆုံးဖြစ်မလဲဆိုတာကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊ သူနာပြုတို့ရဲ့ အကူအညီကိုယူပြီး စနစ်တကျရွေးချယ်ကြဖို့ကိုလည်း အကြံပြုလိုပါတယ်။

Ref: https:// www . betterhealth .vic . gov. au /health/healthyliving/contraception-choices

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here