မိုးတွင်းနဲ့ ဆောင်းရာသီရောက်ပြီဆိုရင် နှာစေးချင်သလိုလို လည်ချောင်းနာချင်သလိုလို ဖြစ်လာပြီ။ ဟိုနားတဆစ်ဆစ် ဒီနားတဆစ်ဆစ်နဲ့ နေလို့ထိုင်လို့ကလည်း မကောင်းဘူး…

ဒါဆိုရင်တော့ အအေးမိတဲ့လက္ခဏာတွေ ခံစားနေရတာ သေချာနေပါပြီ

ဒီလို လက္ခဏာတွေဟာ လူတိုင်းကြုံရလေ့ရှိတာမို့ အအေးမိတဲ့အကြောင်းကို အားလုံးအနေနဲ့ သိထားသင့်ပါတယ်

အအေးမိရောဂါအကြောင်းလေးကို ဆက်လေ့လာကြည့်ရအောင်ပါနော်

ဘာကြောင့် အအေးမိတာလဲ ?

အသက်ရှူလမ်းကြောင်းရဲ့ အပေါ်ပိုင်း( upper respiratory tract)မှာ ရောဂါပိုးကူးစက်ခံရတဲ့အတွက်ကြောင့် အအေးမိလက္ခဏာတွေ ခံစားရပါတယ်။ အဓိကကတော့ နှာခေါင်းနဲ့ လည်ချောင်းမှာ ရောဂါပိုးဝင်တာ ဖြစ်ပါတယ်။

ရောဂါပိုး ဆိုတာမှာ…အသက်ရှူလမ်းကြောင်းထဲကို ဝင်နိုင်တဲ့ ဘယ်virusကြောင့်မဆို ဖြစ်နိုင်ပါတယ်။

အအေးမိခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ?

• နှာစေးမယ် ၊ နှပ်ရည်ကျမယ်
• လည်ချောင်းနာမယ်
• နှာချေမယ်
• မျက်လုံးနာမယ်၊ အောင့်မယ်
• နေလို့ထိုင်လို့ မကောင်းဘူး
• ခေါင်းကိုက်မယ်
• လည်ချောင်းနာ၊ အသံတွေဝင်ပြီး အသံသြသြကြီး ဖြစ်နေမယ်
• ဖျားနာမယ် ၊ ကိုယ်လက်ကိုက်ခဲမယ်
• ချောင်းဆိုးမယ်
• နောက်ဆက်တွဲအနေနဲ့ ထိပ်ကပ်နာနဲ့ နားအတွင်း ရောဂါပိုးဝင်တာတို့ ခံစားရနိုင်ပါတယ်

ဘာကြောင့် အအေးမိတာလဲ ?

Virusရောဂါပိုးကူးထားတဲ့ လူတစ်ယောက်က နှာစေး၊ ချောင်းဆိုးလိုက်တဲ့အခါ သူရှူထုတ်လိုက်တဲ့ လေကတစ်ဆင့် ရောဂါပိုးတွေပါလာပြီး ကူးစက်တာ ဖြစ်ပါတယ်။

ဘယ်လို ကုသလို့ရနိုင်လဲ ?

အဓိကကတော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အားကောင်းအောင် ပြုပြင်နေထိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

ဘာလို့ဆို အသက်ရှူလမ်းကြောင်းကနေတစ်ဆင့်ဝင်တဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ ကိုယ်ခန္ဓာရဲ့ခုခံအားစနစ်နဲ့ ရင်ဆိုင်တိုက်ပွဲဝင်ကြလို့ ဖြစ်ပါတယ်။

အဲ့ဒီအချိန်အတွင်းမှာ ကိုယ်တိုင်က ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့ အလွန်အရေးကြီးပါတယ်။

ဒါဆို ကိုယ်ခံအားကောင်းအောင် ဘယ်လိုနေထိုင်ရမလဲ ?

အနားယူပါ။ အိပ်ရေးဝဝအိပ်ပြီး ကောင်းကောင်းအနားယူပါ။
( ကိုယ်ခံအားကျနေတဲ့အချိန်မှာ လှုပ်လှုပ်ရှားရှား ပြင်းပြင်းထန်ထန်လုပ်ရင်ရင် ကိုယ်ခံအားစနစ်က အလုပ်ပိုလုပ်ရပါတယ် )

‌ရေများများသောက်ပါ။ အနည်းဆုံး တစ်နေ့ကို ရေ ၂လီတာလောက်ထိ သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။

တခြားရော ဘယ်လိုကုသရမလဲ ?

ဖျားနာကိုက်ခဲတာတို့အတွက်ကတော့ ပါရာစီတမော (paracetamol)နဲ့ တချို့အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးလို့ရပါတယ်။ (ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ဖို့ အကြံပြုပါတယ်။)

နှာရည်ယို၊ နှာပိတ်တာတို့အတွက် ရေနွေး‌ငွေ့ရှူပေးနိူင်ပါတယ်။ အရမ်းကြီး မပူပါစေနဲ့လို့ သတိပေးပါရစေ။ ဘာလို့ဆို နှာခေါင်းထဲမှာရှိတဲ့ အမှေးပါးလေးတွေ၊ မွှေးညှင်းလေးတွေ အပူလောင်မှာ စိုးလို့ပါ။ ( ကလေးတွေမှာတေ့ မလုပ်ပေးပါနဲ့. အပူလောင်မှာ စိုးရိမ်ရလို့ပါ )

ဒါ့အပြင် နှာခေါင်းအစက်ချဆေးတို့လို ဆေးမျိုးတွေ သုံးစွဲပေးလို့ ရပါတယ်။ ။

ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ။ ငုံ‌ဆေးတွေ ငုံပေးလို့လည်းအဆင်ပြေပါတယ်။

Vitamin C အားဆေးလေးတွေ မှီဝဲလို့ရပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးမို့လို့ သတ်မှတ်ထားတဲ့ပမာဏထက် (ဆရာဝန် ညွှန်ကြားတာထက်) ပိုမသောက်သုံးဖို့ မှာကြားပါရစေ။

အအေးမိတာက ၃-၄ရက်လောက်နဲ့ ပျောက်ကင်းနိုင်သလို တခါတလေမှာ တစ်ပတ်-၁၀ရက်လောက်ထိ ကြာလေ့ရှိပါတယ်။ လိုအပ်တဲ့ဆေးဝါးသောက်သုံးမှုတွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။

ဆရာဝန်မညွှန်ကြားဘဲ ပိုးသတ်ဆေးတွေ မသောက်ဖို့ ညွှန်ကြားပါရစေ။
( ဗိုင်းရပ်စ်ပိုး ကူးခံရတာဖြစ်တဲ့အတွက် ဘက်တီးရီးယားကိုသတ်တဲ့ ပိုးသတ်ဆေး( antibiotic) တွေ သောက်လို့လည်း အကျိုးမရှိပါဘူး။ ဆေးယဥ်ပါးပြီး နောင်တစ်စ်ချိန်ကျ ဆေးမတိုးတော့တာ ဖြစ်သွားပါလိမ့်မယ်)

အကယ်၍

– နားနာတယ်၊အောင့်တယ်
– ရင်ဘတ်အောင့်တယ်။ အသက်ရှူရခက်ခဲတယ်။
– အစိမ်း‌ရောင်ရှိတဲ့ ချွဲတွေ၊ သလိပ်တွေထွက်တယ်။
– Paracetamolသောက်ပေမယ့် အဖျားကြီးပြီး လုံးဝမကျရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

အအေးမမိအောင် ဘယ်လို ကြိုတင်ကာကွယ်ရမလဲ ?

• လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
• အာဟာရပြည့်ဝအောင်စားပါ
• အိပ်ရေးဝအောင် အိပ်ပါ
• လက်ဆေးပါ
• တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ
• နှာချေ၊ ချောင်းဆိုးရင် ပါးစပ်ကို အုပ်ထားပါ
• တစ်ကိုယ်‌ရည်တစ်ကာယသုံးပစ္စည်းတွေကို အမြဲပိုးသတ်ပါ

ကိုယ်ခံအားကောင်းအောင် နေထိုင်မှ အအေးမိ၊ တုပ်ကွေးရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဒီလောက်ဆို အအေးမိရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ‌ဗဟုသုတတွေ ရရှိကြမယ်လို့ မျှော်လင့်ပါတယ်။ အားလုံး အခုလို မိုးအကုန် ဆောင်းအကူးကာလမှာ အအေးမမိအောင် ကြိုတင်ကာကွယ်ကြပါလို့ အကြံပေးပါရစေ။

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.130

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.