ဒီနေ့မှာတော့ ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေ ဘယ်လိုရှိမယ်ဆိုတာကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုပါတယ်။

ဒီနေရာမှာ ကလေးတစ်ယောက်ရဲ့ မွေးကင်းစအရွယ်ကနေစပြီး အသက် ၅ နှစ်အထိ ဖွံ့ဖြိုးမှု‌ဖြစ်စဥ်‌တွေကို အကြမ်းဖျဉ်းအနေနဲ့သာ ဖော်ပြသွားမှာဖြစ်ပြီး၊ အရေးကြီးတာက ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုတိုင်းဟာ တစ်‌ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။

ဒါကြောင့်မို့ ဖေဖေ၊ မေမေတို့အနေနဲ့ မိမိတို့ကလေးရဲ့ ဖွံ့ဖြိုးမှုကို နောက်ကျတယ်ထင်တဲ့အခါ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ လိုပါလိမ့်မယ်။

ဒါ့အပြင် မိမိတို့ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွေ (Developmental milestones) ကို အလွယ်တကူ တွက်ကြည့်လို့ ရနိုင်တဲ့ “ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ခြေရာခံနိုင်သည့် ဖုန်းတွင်းသုံးကိရိယာ” (Milestone tracker applications) တွေလည်း ရှိနေပြီဖြစ်တဲ့အတွက် မေမေတို့အနေနဲ့ အလွယ်တကူ ကူးယူ (download ယူ) ပြီး ကြည့်နိုင်ပါတယ်။

ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဥ်‌တွေကတော့…….

• အသက် (၁) လမှ (၃) လတွင် မိခင်မျက်နှာ (သို့မဟုတ်) အရာဝတ္ထုကို လိုက်ကြည့်ခြင်း၊ ရယ်ပြတတ်ခြင်း၊ အသံပေးသည့်အခါ၊ ချော့မြှူသည့်အခါ ပြုံးပြခြင်း၊ ခေါင်းခိုင်ခြင်း၊ လက်ထဲသို့ ပစ္စည်းတစ်ခုခုထည့်ပေးလျှင် ဆုပ်ကိုင်ခြင်း၊ မိခင်ကို မှတ်မိခြင်း

• အသက် (၆) လတွင် မိမိဘာသာ မှောက်နိုင်ခြင်း၊ အထိန်းဖြင့် ထိုင်နိုင်ခြင်း၊ အရာဝတ္ထုများကို လှမ်းယူပြီး လက်နှစ်ဖက်ဖြင့်ကိုင်နိုင်ခြင်း၊ ပါးစပ်ထဲ အစာထည့်ခြင်း၊ အသံလာသည့်ဘက်သို့ လှည့်ကြည့်နိုင်ခြင်း

• အသက် (၉) လတွင် တွားသွားခြင်း၊ တာ့တာပြတတ်ခြင်း၊ တူတူရေဝါး ဆော့တတ်ခြင်း၊ လက်ညှိုးထိုး၍ ညွှန်ပြတတ်ခြင်း၊ စကား ၂ လုံးထပ်များ ပြောနိုင်ခြင်း (ဖေဖေ၊ မေမေ စသည်ဖြင့်)၊ မိမိနာမည်ကိုခေါ်လျှင် သိခြင်း

• အသက် (၁) နှစ်တွင် ကိုင်ပြီးထခြင်း၊ မတ်တတ်ရပ်ခြင်း၊ ကိုင်ပြီးလမ်းလျှောက်တတ်ခြင်း၊ သူစိမ်းများကို စသိခြင်း၊ မိမိဘာသာ ခွက်ကိုင်ပြီး သောက်တတ်ခြင်း၊ စကားအနည်းငယ် နားလည်ခြင်း၊ မိမိနာမည်ခေါ်လျှင် လှည့်ကြည့်ခြင်း၊ မိမိနာမည်ကို သိခြင်း၊ လက်ခုပ်တီးတတ်ခြင်း

• အသက် (၂) နှစ်တွင် ပြေးခြင်း၊ လှေကားပေါ်တက်ခြင်း၊ မိမိနာမည်ကို သိခြင်း၊ နား၊ မျက်စိကို ပြတတ်ခြင်း၊ မိမိလိုချင်သည့်အရာကို ပြောတတ်၊ ညွှန်ပြတတ်ခြင်း၊ အင်္ကျီချွတ်တတ်ခြင်း

• အသက် (၃) နှစ်တွင် ပြေးနိုင်ခြင်း၊ စက်ဘီးစီးနိုင်ခြင်း၊ မိမိနာမည်၊ အသက်ကို ပြောပြနိုင်ခြင်း၊ စကားကို ကောင်းစွာပြောဆိုနိုင်ခြင်း၊ စက်ဝိုင်းပုံ ဆွဲနိုင်ခြင်း

• အသက် (၅) နှစ်တွင် ဘောလုံးဖြင့် ဆော့တတ်ခြင်း၊ အခြားရွယ်တူ‌များနှင့် အတူဆော့တတ်ခြင်း၊ မိမိဘာသာ အင်္ကျီဝတ်တတ်ခြင်း၊ မိမိပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခြင်း၊ အဝေးရှိ အရာဝတ္ထုများကို မှတ်မိခြင်း၊ သိခြင်း၊ အိမ်အလုပ်များကို ဝိုင်းကူပေးနိုင်ခြင်း၊ တြိဂံပုံ ဆွဲနိုင်ခြင်း၊ အရောင် ၄ ရောင် ပြောနိုင်ခြင်း…. စတာတွေ ဖြစ်ပါတယ်။

*** ဘယ်အသက်အရွယ်မဆို – အရင်က ရှိပြီးသား၊ တတ်ပြီးသား ကလေးဖွံ့ဖြိုးတိုးတက်မှုတွေ ပျောက်ဆုံးသွားတာ/ ဆုတ်ယုတ်လာတာ၊ အရင်က ပြောတတ်ပြီးသားစကားတွေ ပြန်ပျောက်သွားတာ၊ ဖွံ့ဖြိုးမှု သိသိသာသာနောက်ကျတာ စတဲ့လက္ခဏာတွေ ရှိလာရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး ပြသရပါမယ် ***

Ref: Pediatric for undergraduates

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here