အိပ်နေတုန်း ဒါမှမဟုတ် နိုးနေတဲ့အချိန် သွားကြိတ်တတ်တဲ့အကျင့်ရှိကြလား? ကိုယ်ကိုယ်တိုင် မကြိတ်ရင်တောင်မှ သူများကြိတ်တဲ့ အသံကိုနားထောင်ဖူးရင်တောင် တော်တော် စိတ်အနှောင့်အယှက်ဖြစ်ရတယ်မလား။ ခုတောင် နားထဲ ကြားနေကြပြီ ဟုတ်?
Bruxismဆိုတာကတော့ အိပ်နေတဲ့အချိန်ဖြစ်စေ နိုးနေတဲ့အချိန်ဖြစ်စေ သွားကြိတ်တတ်တဲ့ အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ (အများအားဖြင့်တော့ အိပ်နေတဲ့အချိန်မှာ သွားပိုကြိတ်တတ်ကြတာကို တွေ့ရပါတယ်။)
Bruxismက ဘယ်လောက်ထိ အဖြစ်များလေ့ရှိကြလဲ?
- တော်တော့်ကို အဖြစ်များပါတယ်။ ခန့်မှန်းခြေအရတော့ ကမ္ဘာ့လူဦးရေရဲ့ တဝက်လောက်က သွားကြိတ်လေ့ရှိကြပြီး အဲ့ဒီထဲက ၅%လောက်ကတော့ ညတိုင်း ပုံမှန်သွားကြိတ်လေ့ရှိကြတဲ့သူတွေ ဖြစ်ပါတယ်။ ညအိပ်ချိန် သွားကြိတ်တတ်တဲ့သူအများစုမှာဆိုရင်တော့ အိပ်နေတုန်းဟောက်တတ်တာအပြင် ခဏအသက်ရှူရပ်တဲ့ ရောဂါတွေပါ တွဲပြီးခံစားရနိုင်တာ တွေ့ရပါတယ်။
အဲ့ဒီလို သွားကြိတ်တတ်တာကြောင့်…
- ဘေးလူကို တော်တော် အနှောင့်အယှက်ဖြစ်စေပါတယ်။ ကာယကံရှင်ကတော့ သတိမပြုမိပေမယ့် အိမ်ကမိသားစုတွေအတွက်တော့ အဲ့ဒီသွားကြိတ်တဲ့အသံက နားမခံနိုင်အောင် ဖြစ်ရပါတယ်။
- ညက အိပ်နေတဲ့အချိန် သွားကြိတ်ထားတဲ့ဒဏ်ကြောင့် မနက်မိုးလင်း မနက်စာစားတဲ့အချိန်မှာ သွားနာတာ၊ မျက်နှာကကြွက်သားတွေ၊ မေးရိုးတွေ တောင့်တင်းပြီး နာကျင်ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။
- နေ့လည်အချိန်တွေမှာဆိုရင် ခေါင်းကိုက်တာ၊ နားကိုက်တာတွေလည်း ခံစားရနိုင်ပါသေးတယ်။
- ဒါ့အပြင် သွားကြွေလွှာတွေ ပျက်စီးတာ၊ မေးရိုးအဆစ်တွေ နာကျင်တာ၊ ကောင်းကောင်းမလှုပ်ရှားနိုင်တာ
- ပါးကိုပါ ကြိတ်မိခြင်းကြောင့် ပါးကအသားစတွေရောင်ရမ်းပြီး ကြွတက်နေတာ
- သွားအံပုံတွေ ရောင်ရမ်းတာ အစရှိတာတွေထိ ခံစားရနိုင်ပါတယ်။
ဘာကြောင့် လူတွေ သွားကြိတ်ကြသလဲ?
- သွားကြိတ်တတ်တာက ကိုယ့်ရဲ့ကိုယ်ပိုင်အကျင့်ဖြစ်ပြီးတော့ အသက်ငယ်စဥ်ကတည်းက သွားကြိတ်တတ်လေ့ရှိကြပါတယ်။ ဒါဟာ မေးရိုးပိတ်လိုက်တဲ့အချိန် အပေါ်သွားနဲ့အောက်သွား မညီညီအောင်လိုက်စေ့ရင်း ဖြစ်လာနိုင်တဲ့အကျင့်တစ်ခုလည်း ဖြစ်ပါတယ်။
- stressနဲ့ စိတ်လှုပ်ရှားတဲ့အခါတွေမှာလည်း သွားကြိတ်လေ့ရှိတတ်ပါတယ်။ စိတ်ဖိစီးမှုများပြားတဲ့အခါတွေမှာဆို ပိုဆိုးတာ တွေ့ရပါတယ်။ ဒါ့အပြင် အရက်အလွန်အကျွံသောက်သုံးတဲ့သူတွေမှာလည်း ဖြစ်နိုင်ပါသေးတယ်။
- ဒါ့အပြင် စိတ်တိုလွယ်တာ၊ စိတ်လှုပ်ရှားလွယ်တာ၊ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်တဲ့ စိတ်နေစိတ်ထားရှိတဲ့သူတွေမှာလည်း တွေ့ရနိုင်ပါသေးတယ်။
- နောက်တစ်ချက်အနေနဲ့ သွားကြိတ်တတ်တာက မျိုးရိုးလိုက်တတ်ပါတယ်။
သွားကြိတ်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ?
- သွားတွေ ပျက်စီးလွယ်နိုင်ပါတယ်။ အဓိကအားဖြင့် သွားတွေပွန်းတာ၊ စားတာ၊ ယိုင်နဲ့လာတာ၊ ကျိုးတာတွေအထိ ဖြစ်နိုင်ပါတယ်။ သွားဖုံးစွပ်တွေနဲ့ အရိုးတွေ ထိခိုက်နိုင်ပြီး သွားဖုံးရောင်တာ၊ မေးရိုးကြွက်သားတွေကြီးလာတာ၊ မေးရိုးအဆစ်တွေ ဒဏ်ရာရတာအထိ ဖြစ်နိုင်ပါတယ်။
သွားကြိတ်တတ်တာကို ဘယ်လို ကုသကြမလဲ?
- ကာယကံရှင်ကိုယ်တိုင်က သွားကြိတ်တတ်တဲ့အကျင့်ကို ကြိုးစားပြီး ဖျောက်နိုင်ဖို့က အရေးကြီးလှပါတယ်။
- သွားကြိတ်တယ်လို့ သတိပြုလိုက်မိတဲ့အချိန်တိုင်းမှာ မေးရိုးတွေကို မစေ့ဘဲ ပါးစပ်ကို မပိတ်ဘဲ ခဏဖွင့်ထားပါ။
- အနားမယူခင်အချိန်မှာ ပန်းသီးတစ်လုံးလောက် ဝါးနေပါ။
- မျက်နှာသုတ်ပုဝါ နွေးနွေးလေးကို မေးရိုးတစ်ဖက်စီမှာ ကပ်ထားပေးခြင်းဟာလည်း မေးရိုးကို အထောက်အကူပြုပေးနေတဲ့ မျက်နှာကကြွက်သားတွေ ဖြေလျှော့ရာမှာ ကူညီနိုင်ပါတယ်။
- stressလျှော့ဖို့ လိုအပ်ပါတယ်။ တရားထိုင်ခြင်းဖြစ်စေ၊ တတ်သိနားလည်တဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးတာဖြစ်စေ၊ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။
– အိပ်နေတုန်းဟောက်တတ်တာ၊ OSA အစရှိတဲ့ ရောဂါတွေနဲ့ တွဲနေခဲ့တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ဆွေးနွေးဖို့ လိုအပ်ပါတယ်။
- အိပ်တဲ့အချိန်သွားကြိတ်တာကို ကာကွယ်ဖို့အတွက်ကတော့ သွားဆရာဝန်နဲ့ တိုင်ပင်တွေးနွေးပြီး သွားကိုကာကွယ်ပေးတဲ့ အစွပ်(mouthpiece)တွေ တပ်ပေးလို့ ရပါတယ်။ အဲ့လို အစွပ်ကလေးတွေက အင်မတန်မှ ရိုးရှင်းပြီး တပ်ရ၊ဖြုတ်ရလည်း လွယ်ကူလှပါတယ်။
- အရက်အလွန်အကျွံ သောက်သုံးတာကို ရှောင်ရှားရမှာကလွဲရင် တခြားထွေထွေထူးထူး သတိထားရမယ့်အချက်ရယ်လို့ မရှိလှပါဘူး။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ (၆)လကနေ (၁)နှစ်အတွင်း သွားကြိတ်တတ်တဲ့ ပြဿနာကို အကောင်းဆုံး ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
ဒီလောက်ဆို သွားကြိတ်တာနဲ့ပတ်သက်ပြီး ဗဟုသုတတွေ စုံလင်စွာ သိရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့နည်းလမ်းလေးတွေ လိုက်နာရင်း သွားကြိတ်တတ်တဲ့ ပြဿနာကင်းဝေးနိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။
Reference
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 335
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
* ပိတ်ရက်မရှိပါ *
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.
Published on: 22 October 2022
Last Updated: 22 October 2022