သတိထားပါ ဆီးကျိတ်ပြဿနာ

???? အဖေဒီတလော ညဘက်ခဏခဏ ဆီးထထသွားနေတယ်နော်။ ဟုတ်လားအဖေ? ဆီးချိုရှိရင် အဲ့လိုဖြစ်တတ်တယ် ကြားဖူးတယ် ၊ ဆီးချိုသွားစစ်ကြည့်ရအောင်လေ

????‍???? အေးသမီး…တစ်ကယ်တော့ အဖေဖြစ်နေတာ တော်တော်တောင်ကြာနေပြီ။ အဲဒါကြောင့် ဟိုရက်ကပဲ သမီးအမေနဲ့ ဆေးခန်းမှာ နှစ်ယောက်လုံး မနက်အစော အစာမစားခင် ဆီးချိုသွားဖောက်ထားသေးတယ်။ ကောင်းတယ်လို့ပြောတယ်။ အဖေကလည်း ညဘက်ဆီးခဏခဏသွားတဲ့ကိစ္စ ဆရာဝန်ကို မပြောလိုက်မိဘူး

 ???? ဒါဆို သမီး သူငယ်ချင်းဆရာ၀န်နဲ့ သွားတိုင်ပင်ရအောင်နော် အဖေ

????????
????????
????????

( ဆေးခန်းသို့ ရောက်သော်…)

????‍⚕️ ဦးလေးက အသက်ဘယ်လောက်ရှိပြီလဲရှင့် ?

???? ၆၈နှစ်ပါ ဆရာမ

????‍⚕️ ခုလို ညဘက် ခဏခဏထ ဆီးသွားရတာ ဘယ်လောက်ကြာနေပြီလဲ?

????‍???? ၅နှစ်လောက်ရှိပြီထင်တယ်ဆရာမ။ ဒီတလော အကြိမ်ရေ ပိုများလာတာ

????‍⚕️ ဆီးသွားရင် အားမရလို့ ညှစ်ပေါက်ရတာရှိလား? ဆီးသွားပြီး ဆီးကျန်တယ်ရော ခံစားရသေးလား?

????‍???? ဟုတ်ဆရာမ။ ဆီးသွားရတာ အရင်လိုအားမရဘူး။ ညှစ်ပေါက်ရတယ်။ ပြီးတော့လည်း အမှန်ပဲ ဆီးသွားရတာ မ၀ဘူး။ ကျန်နေသလိုပဲ။ အဲတော့ ခဏလေးနဲ့ ဆီးပြန်သွားချင်လာရော။ အထူးသဖြင့်ညဘက်ပေါ့

????‍⚕️ ဪ ဟုတ်ပါပြီ။ ဒါ့အပြင် ဆီးသွားရင် ဆီးပူတာ ဆီးကျင်တာ ဆီးအောင့်တာတွေရောဖြစ်လား?

????‍???? အဲလိုတော့ မဖြစ်ဘူးဆရာမ

????‍⚕️ ဟုတ်ကဲ့ အခု ဦးလေး ခံစားနေရတာတွေက ဆီးကျိတ်ကြီးနေတာကြောင့် ဖြစ်ဖို့များပါတယ်။ ဆီးကျိတ်ကြီးတဲ့သူတွေမှာ ခုလိုပဲ ဆီးစသွားရခက်တယ်၊ ဆီးသွားရတာ အားမရဘူး ညှစ်ပေါက်ရတယ်။ ညှစ်ရင်မထွက်တော့ပြန်ဘူး။ စိတ်လျော့လိုက်မှပြန်ထွက်တာမျိုး ၊ ဆီးကအဆုံးသတ်မှာ တစက်တစက်ထွက်နေတာမျိုး ၊ ဆီးကျန်တော့ ခဏခဏသွားချင်တာမျိုး (obstructive symptoms)၊ ကြာလာတော့ ကျောက်ကပ်ပွ၊ကျောက်ကပ်အားနည်း (obstructive uropathy) နဲ့ တချို့ဆို ဆီးလက်ကျန်ကနေပိုး၀င်ပြီး ဆီးပူ၊ဆီးကျင်၊ ဆီးအောင့်တွေပါ( irritative symptoms) ဖြစ်တတ်ပါတယ်

????‍???? ဆီးကျိတ်ကြီးတာလား? အဲတာ အရေးကြီးလားဆရာမ ? ကင်ဆာအကြိတ်တွေဘာတွေ ဖြစ်နေမှာကြောက်လို့

????‍⚕️ ဆီးကျိတ်က ရိုးရိုး ဆီးကျိတ်ကြီးတာလား ကင်ဆာကျိတ်လားကတော့ စမ်းသပ်တာ၊ သွေးစစ်တာ၊ အာလ်ထရာဆောင်းရိုက်တာတွေ လုပ်ပြီး သိနိုင်ပါတယ်။ ဆီးကျိတ်ကြီးတာ အရေးကြီးလားဆိုတော့ အမျိုးသားတွေ အသက်ကြီးလာရင် ဆီးကျိတ်ကြီးတာဟာ ရှောင်မရပါဘူး။ အသက် (၄၀)အောက်မှာ ဖြစ်လေ့မရှိပါဘူး။ ဒါပေမယ့်အသက် (၆၀)ကျော်အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံမှာတော့ လက္ခဏာပြနေပါပြီ။

????‍???? ဒါဆို ဦးလေးဘာဆက်လုပ်ရမလဲ ?
ခွဲဖို့လိုလား? သောက်ဆေးသောက်လို့ရလား ?

????‍⚕️ တစ်ကယ်တော့ အခု ဦးလေး ခံစားရသလိုတွေဖြစ်ပြီဆိုရင် ဖြစ်ကတည်းက ဆရာ၀န်နဲ့ တိုင်ပင်ပြသပြီး ဆေးသောက်သင့်ပါတယ်။ ဒါဆို ခံစားနေရတဲ့ ညညခဏခဏဆီးထသွားရတာတွေ သက်သာလာတဲ့အပြင် ၊ ဆီးကျိတ်က ဆီးလမ်းကြောင်းကို ဖိထားလို့ဖြစ်တဲ့ ကျောက်ကပ်ပွတာ၊ ကျောက်ကပ်အားနည်းတာတွေပါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ခွဲစိတ်ရမလားဆိုတာကတော့ နောက်ထပ်စစ်ဆေးမှုတွေလုပ်ပြီး အာလ်ထရာဆောင်းမှာ ဆီးလက်ကျန်များတယ်၊ သောက်ဆေးနဲ့လည်း မရဘူးဆိုရင်တော့ ခွဲဖို့လိုအပ်မှာပါ။ ဆီးကျိတ်အရွယ်အစားနဲ့ မဆိုင်ပါဘူး။ ခွဲတယ်ဆိုတာကလည်း မှန်ပြောင်းသုံးပြီး ဆီးကျိတ်ခြစ်တာရှိသလို၊ မှန်ပြောင်း မရှိနိုင်တဲ့ နယ်တွေမှာလည်း ရိုးရိုးခွဲလို့ရပါတယ်။

????‍???? ဒါဆို စောစောသိရင် ပိုကောင်းတာပေါ့နော်

????‍⚕️ အမှန်ပဲ ဦးလေးရေ….ခုက ဦးလေးက ဒီလောက်ပဲဖြစ်သေးလို့ပါ။ တချို့ဆို ရုတ်တရက် ဆီးမသွားနိုင်၊ ဆီးအိတ်က ချက်လောက်ထိဖောင်းပြီး ( acute retention of urine) အရေးပေါ်ဆေးရုံရောက်လာတဲ့သူတွေရှိသလို ၊ တချို့ဆိုရင်လည်း သတိမမူခဲ့လို့ ဆီးမထိန်းနိုင်၊ ဆီးလက်ကျန်များပြီးဆီးအိမ်လည်းဖောင်း၊ ကျောက်ကပ်တွေပါပွ၊ ကျောက်ကပ်အားနည်းတဲ့အထိ ( chronic retention of urine and chronic obstructive uropathy) ဖြစ်နိုင်ပါတယ်။

ဆီးကျိတ်အတွက်နဲ့ စောစော သတိမူမိ၊ ဂရုတစိုက်ကုသမိရင် ဒီအခြေအနေထိရောက်စရာ မရှိတာမို့ ဆီးကျိတ်ကြီးတာလောက်နဲ့ ဒီလိုတွေအထိ ဖြစ်ရတာ မတန်တာမို့ ဖြစ်ပြီဆိုရင် မပေါ့ဆကြဖို့၊ ဆရာ၀န်နဲ့ပြပြီး အရေးကြီးတဲ့ အကျိတ်ဟုတ်မဟုတ်၊ ကိုယ်ဘယ်လို ကုသမှုခံယူသင့်တယ်ဆိုတဲ့ အကြံဉာဏ်လေးတွေ တောင်းကြဖို့ သတိပေးချင်ပါတယ် ဦးလေးရေ

????‍???? ကျေးဇူးအများကြီးတင်ပါတယ်ဆရာမရယ်။ ဦးလေး ဆရာမညွှန်ကြားတဲ့အတိုင်း လိုက်နာပါ့မယ်

????‍⚕️ ဟုတ်ကဲ့…အဆင်ပြေသက်သာသွားမှာပါနော် ၊ စိတ်မပူပါနဲ့ ဦးလေးရှင့် ????


ခွဲစိတ်အထူးကုဆရာဝန်ကြီးတစ်ဦး
တယ်လီကျန်းမာမိသားစု

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.