မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် အဖြူဆင်းခြင်း Bacterial Vaginosis (November,2023)

0
416

မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် အဖြူဆင်းခြင်း (Bacterial Vaginosis)

Bacterial vaginosis (BV) ဆိုတာ အဖြစ်များပြီး မိန်းမကိုယ်မှာရှိတဲ့ ဘက်တီးရီးယားတွေ ဟန်ချက်မညီတော့တာကြောင့် ဖြစ်ရပါတယ်။ အများအားဖြင့် ခန္ဓာကိုယ်ဟာ ဘက်တီးရီးယား အချိုးအစားကို ဟန်ချက်ညီမျှအောင် ထိန်းသိမ်းထားပေးပေမယ့် ဟန်ချက်ပျက်သွားတဲ့အခါ အချို့ဘက်တီးရီးယားတွေဟာ ပိုများလာပြီး ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် အဖြူဆင်းခြင်းဟာ အလွယ်တကူ ကုသနိုင်ပြီး များသောအားဖြင့် အခြားသော ကျန်းမာရေးပြဿနာတွေ မဖြစ်စေပါဘူး။ သို့သော်လည်း လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါ (STD) ရနိုင်ခြေကိုတော့ တိုးစေနိုင်သလို ကိုယ်ဝန်ဆောင်မိခင်တွေမှာ မွေးဖွားစဉ် ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

♦️ရောဂါလက္ခဏာတွေက ဘာတွေလဲ

အမေရိကန်ပြည်ထောင်စုမှာ တစ်နှစ်ကို အမျိုးသမီး ၂၁ သန်းဟာ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် အဖြူဆင်းခြင်း (bacterial vaginosis) ရောဂါရှိတယ်လို့ဆိုပြီး ၃ သန်းခန့်လောက်သာ ရောဂါလက္ခဏာတွေ ခံစားရတယ်လို့ ဆိုပါတယ်။ ရောဂါလက္ခဏာတွေဟာ မပြင်းထန်ပေမယ့်လည်း အချိန်ကာလတစ်ခုထိ ရှိနေတတ်ပါတယ်။

အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့…

– မိန်းမကိုယ်မှ အဖြူညစ်ညစ် သို့မဟုတ် အဝါရောင်အရည်များဆင်းခြင်း

– ငါးညှီနံ့နံခြင်း

– ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ဖြစ်ခြင်း

– မိန်းမကိုယ်ယားယံခြင်း၊ နီခြင်းနှင့် ရောင်ရမ်းခြင်း

– လိင်ဆက်ဆံပြီးနောက် မိန်းမကိုယ်မှ သွေးဆင်းခြင်းတို့ ဖြစ်ပါတယ်။

မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် အဖြူဆင်းခြင်း လက္ခဏာတွေဟာ မပြင်းထန်တတ်ပေမယ့် မိန်းမကိုယ်တစ်သျှူးတွေကို အားနည်းစေကာ အခြားသောလိင်မှတစ်ဆင့်ကူးစက်ရောဂါတွေဖြစ်တဲ့ ဆီးပူညောင်းကျရောဂါ (Gonorrhea) ၊ Chlamydia ၊ trichomoniasis နဲ့ HIV စတာတွေ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ရောဂါပိုးကူးစက်ခံရပါက လမစေ့ဘဲ မွေးဖွားခြင်း၊ ကလေးပေါင်မပြည့်ခြင်းတို့ ဖြစ်စေတဲ့အပြင် တစ်ခါတစ်ရံ ကိုယ်ဝန်ပျက်ကျနိုင်စေပါတယ်။

♦️ဘယ်လိုအကြောင်းအရာတွေက မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် အဖြူဆင်းခြင်းကို ဖြစ်စေသလဲ

Bacterial vaginosis ဟာ မိန်းမကိုယ်မှာရှိတဲ့ ကောင်းတဲ့ဘက်တီးရီးယားပမာဏ ရုတ်တရက်နည်းသွားပြီး မကောင်းတဲ့ ဘက်တီးရီးယားတွေ အဆမတန်များလာတဲ့အခါ ဖြစ်ရပါတယ်။ ကောင်းတဲ့ဘက်တီးရီးယားဖြစ်တဲ့ lactobacillus ဟာ အက်စစ်ဓာတ်ထုတ်ပေးတာကြောင့် မကောင်းတဲ့ဘက်တီးရီးယားတွေ မကြီးထွားနိုင်ပါဘူး။ လိင်ဆက်ဆံခြင်းဟာ မိန်းမကိုယ်ထဲကို ဘက်တီးရီးယားအသစ်တွေ အများအပြားဝင်စေခြင်းဖြင့် မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် အဖြူဆင်းခြင်းဖြစ်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

နောက်ထပ်အဖြစ်များတဲ့အကြောင်းအရင်းတွေကတော့…

• အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံခြင်း

• လိင်ဆက်ဆံဖော် များခြင်း

• လိင်ဆက်ဆံဖော် အသစ်ဖြစ်ခြင်း

• sex toy များကို မျှဝေသုံးခြင်း

• မိန်းမကိုယ်ထဲသို့ ဆေးကြောခြင်း

• ရေဇလားထဲ ရေစိမ်ချိုးခြင်း

• မိန်းကိုယ်သုံးရေမွှေးများ သုံးခြင်း

• ဆေးလိပ်သောက်ခြင်း

• သားအိမ်တွင်းထည့် သန္ဓေတားကိရိယာများ သုံးခြင်းတို့ ဖြစ်ပါတယ်။

မျိုးရိုးဗီဇဟာလည်း ရောင်ရမ်းမှုကို မြှင့်တင်ပေးတာနဲ့ lactobacillus ထုတ်လုပ်မှုနည်းတာတွေ ဖြစ်စေနိုင်ပါတယ်။

♦️မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် အဖြူဆင်းခြင်းကို ဘယ်လိုစစ်ဆေးသိရှိနိုင်သလဲ

Bacterial vaginosis ဟာ အကြောင်းအရင်းတစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်တဲ့အတွက် အောက်ပါစစ်ဆေးမှုတွေကိုလည်း လုပ်ဖို့ လိုနိုင်ပါတယ်။

– တင်ပါးဆုံတွင်း စစ်ဆေးခြင်း

– မိန်းမကိုယ်ရဲ့ pH ပမာဏကို စစ်ဆေးခြင်း

– မိန်းမကိုယ်မှ အရည်များကိုစစ်ဆေးခြင်း

– မှိုပိုးကူးစက်ခြင်း (yeast infection) နဲ့ လိင်အင်္ဂါရေယုန် စတဲ့ အခြားဖြစ်နိုင်တဲ့ရောဂါတွေကို သိရှိဖို့ အခြားစမ်းသပ်စစ်ဆေးမှုတွေလည်း လုပ်နိုင်ပါတယ်။

????ဘယ်လိုကုသနိုင်လဲ

အဓိကအနေနဲ့ ပိုးသတ်ဆေးတွေနဲ့ ကုသရပါမယ်။

အသုံးအများဆုံးကတော့ metronidazole နဲ့ clindamycin တို့ဖြစ်ပါတယ်။ ဆေး ၂ မျိုးလုံးဟာ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် အဖြူဆင်းခြင်းကို ကုသရာမှာ အလွန်ထိရောက်ပြီး ဘေးထွက်ဆိုးကျိုးလည်း နည်းပါတယ်။ သောက်ဆေး၊ လိမ်းဆေးအပြင် မိန်းမကိုယ်ထဲ ထည့်ရတဲ့ဆေးပြားတွေလည်း အသုံးပြုနိုင်ပါတယ်။

ဒီဆေးတွေဟာ ထိရောက်မှု ရှိသော်လည်း ရောဂါပြန်ဖြစ်နိုင်ခြေက များတာကြောင့် ရောဂါပိုးကို အပြတ်ရှင်းဖို့ ကုသမှုများစွာ လိုအပ်နိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ပျို့ခြင်း၊ ဗိုက်နာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်းနဲ့ ပါးစပ်မှာ သတ္တုအရသာ ရနေခြင်းတို့ ပါဝင်ပါတယ်။

ပဋိဇီပိုးသတ်ဆေးတွေအပြင် အခြားကုသမှုနည်းလမ်းတွေလည်း ရှိပါတယ်။ ဒိန်ချဉ်မှာတွေ့ရတတ်တဲ့အကျိုးပြု ဘက်တီးရီးယားတွေဖြစ်တဲ့ probiotics နဲ့ boric acid စတာတွေပဲ ဖြစ်ပါတယ်။

ကုသမှုခံယူနေစဉ်အတွင်းမှာ သက်သာချောင်ချိတဲ့ အတွင်းခံ၊ ဘောင်းဘီနဲ့ စကပ်တွေ ဝတ်ဆင်သင့်ပါတယ်။ တင်းကျပ်တဲ့ အတွင်းခံနဲ့ အဝတ်အစားတွေဟာ မိန်းမကိုယ်အစိုဓာတ်နဲ့ အပူချိန်ကို များစေပြီး ဘက်တီးရီးယားတွေ ပိုပေါက်ဖွားစေနိုင်လို့ပါ။ ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းကိုလျှော့ချဖို့ အေးတဲ့အဝတ်စ ဒါမှမဟုတ် ရေအေးသုံးတာတွေလည်း လုပ်နိုင်ပါတယ်။

????ကာကွယ်လို့ရနိုင်လား

မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် အဖြူဆင်းခြင်း (Bacterial vaginosis) ဟာ အဖြစ်များသလို မဖြစ်အောင် လုပ်ဆောင်နိုင်တဲ့ အရာတွေလည်း ရှိပါတယ်။ နည်းလမ်းတွေကတော့…

– လိင်ဆက်ဆံဖော်အရေအတွက်ကို လျှော့ချရပါမယ်။

– ကွန်ဒုံးကို မှန်မှန်ကန်ကန်နဲ့ အမြဲသုံးရပါမယ်။

– မိန်းမကိုယ်အတွင်းထဲ ဆေးခြင်းတွေကို ရှောင်ရပါမယ်။

– ရေဇလားထဲ ရေစိမ်ချိုးတာနဲ့ မိန်းမကိုယ်ရေမွှေး သုံးတာတွေကို ရှောင်ကြဉ်ရပါမယ်။

– အိမ်သာသွားပြီးနောက် သန့်ရှင်းရေးလုပ်တဲ့အခါ ရှေ့မှနောက်သို့ပုံစံအတိုင်း လုပ်ရပါမယ်။

– မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် အဖြူဆင်းခြင်း ခဏခဏ ဖြစ်ဖူးတာ၊ ရောဂါလက္ခဏာပြင်းထန်တာမျိုးဆိုရင်တော့ သားအိမ်တွင်းထည့်ပစ္စည်းများကို ရှောင်ကြဉ်ရပါမယ်။

(ကိုးကား) Reference: ????

https:// www. verywellhealth. com /bacterial-vaginosis-overview-3132661

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here