“အရက်သောက်ပြီးနောက် မျက်နှာနီမြန်းခြင်း (Asian flush)”

တချို့လူတွေက အရက်သောက်ပြီးရင် မျက်နှာတွေ နီရဲလာတတ်ပါတယ်။ ဒါဟာခန္ဓာကိုယ်က အရက်ကို ထိရောက်စွာ မ​ချေဖျက်နိုင်တာကြောင့် Acetaldehyde လို့ခေါ်တဲ့ ဓာတ်တွေ အလွန်အကျွံများလာတာကြောင့် ဖြစ်ပါတယ်။ ဒီဓာတ်ပစ္စည်းဟာ အဆိပ်အတောက်ဖြစ်စေပြီး histamine ထွက်စေကာ နီမြန်းခြင်းနှင့် အခြားလက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။

အချို့လူတွေဟာ မျိုးရိုးဗီဇလက္ခဏာတွေကြောင့် ဖြစ်နိုင်ခြေပိုများပါတယ်။ ဒီလိုအရက်သောက်ပြီးနောက် မျက်နှာနဲ့ အသားတွေနီလာခြင်းဟာ ကျန်းမာရေးပြဿနာတွေကို ချက်ချင်းမဖြစ်စေပေမယ့်လည်း၊ သွေးတိုးနဲ့ အချို့သောကင်ဆာအမျိုးအစားများတွေလိုမျိုး ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကို ဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။

..

..

????ဘာတွေကြောင့် Asian flush ဖြစ်ရသလဲ

အရက်သောက်ပြီးနောက် မျက်နှာနီမြန်းခြင်းဟာ အရက်ကို အလွန်အကျွံတုံ့ပြန်ခြင်းရဲ့လက္ခဏာတစ်ခုဖြစ်ပြီး၊ ခန္ဓာကိုယ်က အရက်ကို ခံနိုင်ရည်နည်းတာကြောင့်ဖြစ်ပါတယ်။ ဘီယာ၊ ဝိုင်နဲ့ ယာမကာအမျိုးမျိုးအပါအဝင် အရက်အားလုံးမှာ ethanol လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါပါတယ်။

အရက်သောက်ပြီးနောက် ခန္ဓာကိုယ်က ethanol ကို အခြားအရာတွေအဖြစ် ​ချေဖျက်ပြီး ခန္ဓာကိုယ်မှ အလွယ်တကူထုတ်ပစ်နိုင်အောင် လုပ်ပေးပါတယ်။ ဒီလိုချေဖျက်ပြီး ထွက်လာတဲ့ metabolites တွေထဲကမှ acetaldehyde ဟာ ခန္ဓာကိုယ်အတွက် အလွန်အဆိပ်အတောက်ဖြစ်စေပါတယ်။

အရက်အနည်းငယ်သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က ဒီ metabolites တွေကို ကောင်းမွန်စွာ ထိန်းချုပ်လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အရက်ကို ခံနိုင်ရည်နည်းရင် (ဒါမှမဟုတ်) သောက်တာများသွားရင် အဆိပ်အတောက်ဖြစ်စေတဲ့ metabolites တွေကို မထိန်းချုပ်နိုင်တော့ဘဲ ခန္ဓာကိုယ်ထဲမှာ များလာနိုင်ပါတယ်။

ဒီလိုများလာတဲ့ အဆိပ်အတောက်တွေကို တုံ့ပြန်တဲ့အနေနဲ့ မျက်နှာမှာရှိတဲ့ သွေးကြောတွေ ကျယ်လာပြီး မျက်နှာနီမြန်းတာတွေ ဖြစ်တတ်ပါတယ်။ အချို့သူတွေမှာ အရက်ပမာဏ နည်းနည်းသောက်မိရင်တောင် ဒီလိုမျိုးဖြစ်နိုင်ပါတယ်။ Acetaldehyde တွေ စုပုံလာခြင်းဟာ ပျို့အန်ခြင်းနဲ့ နှလုံးခုန်မြန်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

..

..

????ဒီလို Asian Flush လက္ခဏာတွေဟာ အန္တရာယ်ရှိနိုင်လား

ပြင်းထန်တဲ့အန္တရာယ်မရှိပေမယ့်လည်း သွေးတိုးနဲ့ အခြားကျန်းမာရေးပြဿနာတွေကို ဖြစ်နိုင်ခြေပိုများစေပါတယ်။ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ဆေးလိပ်သောက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း စတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားတဲ့အခါ အရက်သောက်ပြီးနောက် မျက်နှာနီတာမျိုးခံစားရတဲ့အမျိုးသားတွေဟာ တစ်ပတ်မှာ လေးခွက်နဲ့အထက် သောက်ပါက သွေးတိုးဖြစ်နိုင်ခြေ သိသိသာသာ မြင့်မားတာကို တွေ့ရပါတယ်။

(ဒီလို Asian flush လက္ခဏာတွေမရှိတဲ့ အမျိုးသားတွေမှာဆိုရင် တစ်ပတ်ကို ရှစ်ခွက်နဲ့အထက် သောက်သည့်တိုင်အောင် သွေးတိုးရောဂါဖြစ်နိုင်ခြေ ပိုများတာကို မတွေ့ရပါဘူး။)

လေ့လာမှုတွေအရ အရက်သောက်ခြင်းဟာ အချို့သော ကင်ဆာအမျိုးအစားများနဲ့ ဆက်စပ်မှုရှိတာကို တွေ့ရပါတယ်။ ဒီလိုကင်ဆာဖြစ်နိုင်ခြေက ခန္ဓာကိုယ်မှာ acetaldehyde ပမာဏ မြင့်တက်လာခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်မှာ acetaldehyde များလာခြင်းဟာ ဆဲလ်တွေရဲ့ DNA ကို တိုက်ခိုက်နိုင်ပြီး ကင်ဆာဆဲလ်ကြီးထွားမှုကို ပိုဖြစ်စေနိုင်ပါတယ်။

၂၀၁၇ ခုနှစ် လေ့လာမှုတွေအရ Asian flush လက္ခဏာတွေ ခံစားရတဲ့ အမျိုးသားတွေမှာ အစာမျိုပြွန်ကင်ဆာ၊ လည်ချောင်းကင်ဆာတွေ ဖြစ်နိုင်ခြေပိုများတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေမှာတော့ တူညီတဲ့ဆက်စပ်မှုကို မတွေ့ရှိရပါဘူး။

..

..

????ဘယ်သူတွေမှာ ပိုအဖြစ်များလဲ

အရက်သောက်ပြီးနောက် မျက်နှာနီသည်ဖြစ်စေ၊ မနီသည်ဖြစ်စေ မျိုးရိုးဗီဇနဲ့ ဆက်စပ်နေတာမျိုး ရှိနိုင်ပါတယ်။ Aldehyde dehydrogenase 2 (ALDH2) လို့ခေါ်တဲ့ အသည်းအင်ဇိုင်းက acetaldehyde ကို အဆိပ်အတောက်နည်းတဲ့ အရာတွေအဖြစ်သို့ ချေဖျက်ပေးလိုက်ပါတယ်။

အချို့လူတွေမှာ ဒီအင်ဇိုင်းကို မထုတ်လုပ်နိုင်တဲ့ မျိုးရိုးဗီဇအခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ ရလဒ်အနေနဲ့ အရက်သောက်ပြီးနောက် ခန္ဓာကိုယ်ထဲမှာ acetaldehyde တွေစုပုံလာပြီး မျက်နှာနီမြန်းခြင်းကို ဖြစ်စေပါတယ်။ ဒီလို enzyme ချို့တဲ့တာဟာ ဘယ်သူမဆိုဖြစ်နိုင်ပြီး အရှေ့အာရှက လူတွေမှာတော့ ပိုအဖြစ်များပါတယ်။

..

..

????ဒီလို အရက်သောက်ပြီးနောက် မျက်နှာနီတာကို ကာကွယ်လို့ရနိုင်လား

မျိုးရိုးဗီဇနဲ့ အင်ဇိုင်းချို့တဲ့မှုကြောင့် ဖြစ်တာကိုတော့ ကာကွယ်ဖို့နည်းလမ်း မရှိပါဘူး။

ဒီလိုမျက်နှာနီတာနဲ့ သွေးတိုးရောဂါဖြစ်နိုင်ခြေမြင့်တာကို ကာကွယ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ အရက်လျှော့သောက်ခြင်း ဖြစ်ပါတယ်။

တချို့လူတွေက မျက်နှာနီတာကိုလျှော့ချဖို့ antihistamine ဆေးတွေသုံးကြပါတယ်။ ဒါပေမယ့် ဒီလိုနည်းလမ်းကို အရမ်းတော့မသုံးသင့်ပါဘူး။

တချို့က အရက်သောက်ပြီး မျက်နှာနဲ့အသားအရေတွေ နီလာတာမျိုးကို ရှက်တတ်ကြပါတယ်။ အဲလိုဖြစ်လာတာဟာ ခန္ဓာကိုယ်မှာအဆိပ်အတောက်ဖြစ်စေတဲ့ acetaldehyde တွေ များလာတာကြောင့်ဖြစ်ပြီး အရက်သောက်တဲ့ပမာဏကို လျှော့သင့်ပြီး ရေဓာတ်ကိုပြန်လည်ဖြည့်တင်းရန် အချိန်တန်ပြီဖြစ်ကြောင်း အချက်ပြနေတာပဲဖြစ်ပါတယ်။

..

..

‼️ အရက်သောက်တဲ့အခါ ဒီလိုတုံ့ပြန်မှုတွေမခံစားရတဲ့သူတွေတောင် သွေးတိုး၊ အသည်းရောဂါ၊ ကင်ဆာနဲ့ အစာအိမ်ပြဿနာတွေ အပါအဝင် အရက်သောက်သုံးမှုရဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ခြေရှိနေဆဲဖြစ်ကြောင်း သတိပြုမိဖို့ အရေးကြီးပါတယ်။

Antihistamines ဆေးတွေကို သောက်သုံးခြင်းဟာ နီမြန်းခြင်းကို လျှော့ချနိုင်သော်လည်း ရောဂါလက္ခဏာများကိုသာ သက်သာစေနိုင်တာဖြစ်ပြီး အရင်းခံအကြောင်းရင်းကို မဖြေရှင်းနိုင်ပါဘူး။

Reference: ????

https:// www. medicalnewstoday. com /articles/325619#summary

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here