” သွေးအားနည်းရောဂါ Anaemia “
သွေးအားနည်းတယ်ဆိုတာ ခန္ဓာကိုယ်တစ်သျှူးတွေဆီကို လိုအပ်တဲ့အောက်ဆီဂျင်ပမာဏ သယ်ဆောင်ပေးဖို့အတွက် သွေးနီဥလေးတွေ လုံလောက်စွာ မရှိနေခြင်းကြောင့် ဖြစ်ပါတယ်။
သွေးအားနည်းရောဂါအမျိုးပေါင်းများစွာရှိပြီး ရေတိုဖြစ်နိုင်သလို ရေရှည်လည်းဖြစ်နိုင်ပါတယ်။ လူအများစုမှာတော့ သွေးအားနည်းရတဲ့အကြောင်းအရင်း တစ်ခုထက်ပိုရှိတတ်ပါတယ်။
သွေးအားနည်းရတဲ့အကြောင်းအရင်းပေါ်မူတည်ပြီးတော့ ကုသနည်းတွေကွဲပြားကြသလို အာဟာရပြည့်ဝအောင်စားသုံးပြီး ဖြည့်စွက်အားဆေးတွေသောက်သုံးမယ်ဆိုရင်တော့ သွေးအားနည်းခြင်းကို ကာကွယ်နိုင်ပါတယ်။
အဲ့တော့ အဖြစ်များတဲ့ သွေးအားနည်းရောဂါအမျိုးအစားတွေနဲ့ ဘာကြောင့်ဖြစ်ရလဲဆိုတာကို လေ့လာရအောင်ပါ။
* Iron Deficiency Anaemia — သံဓာတ်ချို့တဲ့လို့ သွေးအားနည်းခြင်းဖြစ်ပြီး အတွေ့ရအများဆုံးအမျိုးအစားဖြစ်ပါတယ်။ ရိုးတွင်းချဉ်ဆီကနေ သွေးနီဆဲလ်တွေထုတ်ပေးနိုင်ဖို့ iron သံဓာတ်ကို လိုပါတယ်။ သံဓာတ်ချို့တဲ့ပြီဆိုလျှင် သွေးနီဆဲလ်လည်း မလုံလောက်တော့ပါဘူး။ သံဓာတ်အားဆေးမသောက်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ တွေ့ရတတ်ပါတယ်။ သွေးထွက်များတဲ့ရောဂါရှိနေသူတွေမှာလည်း သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတတ်ပါတယ်။ ဥပမာ- ရာသီသွေးအဆင်းများသူများ၊ အစာအိမ်နှင့်အူလမ်းကြောင်းအနာရှိသူများ၊ ဆရာဝန်ညွှန်ကြားချက်မပါဘဲ Aspirin လိုအကိုက်အခဲပျောက်ဆေးသောက်သူများဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့ရတဲ့အကြောင်းအရင်းကိုရှာပြီး ကုသဖို့က အရေးကြီးပါတယ်။
* Vitamin Deficiency Anaemia — ခန္ဓာကိုယ်ဟာ သွေးနီဥဆဲလ်တွေထုတ်လုပ်ဖို့ သံဓာတ်အပြင် ဖောလိတ်နဲ့ ဗီတာမင် B-12 ဓာတ်တွေ လိုအပ်ပါတယ်။ အာဟာရပြည့်ဝအောင်မစားသုံးတဲ့သူတွေမှာ သွေးနီဥထုတ်လုပ်တာနည်းပါမယ်။ အာဟာရပြည့်ဝအောင်စားသော်လည်း အာဟာရဓာတ်တွေစုပ်ယူတဲ့နေရာမှာ ပြဿနာရှိနေရင်လည်း သွေးအားနည်းနိုင်ပါတယ်။ အဲ့ဒါကိုတော့ Pernicious Anaemia လို့ခေါ်ပါတယ်။
* Anaemia of Inflammation — ကင်ဆာ၊ HIV၊ သွေးလေးဖက်နာ၊ ကျောက်ကပ်ရောဂါ၊ အာဟာရစုပ်ယူမှုအားနည်းစေသော အူလမ်းကြောင်းဆိုင်ရာရောဂါ ( Crohn’s disease )နဲ့ အခြားရောင်ရမ်းတဲ့ရောဂါရှိတဲ့သူတွေမှာ သွေးနီဥထုတ်လုပ်မှုပြဿနာရှိတာကြောင့် သွေးအားနည်းနိုင်ပါတယ်။
* Aplastic Anaemia — ဒီလိုအဖြစ်ရှားပြီး အသက်အန္တရာယ်ရှိတဲ့အမျိုးအစားကတော့ ခန္ဓာကိုယ်က သွေးနီဥတွေကို မထုတ်လုပ်တော့တာကြောင့် ဖြစ်ရပါတယ်။ ရောဂါပိုးဝင်ခြင်း၊ ကိုယ့်ခုခံအားကိုယ်ပြန်တိုက်တဲ့ Autoimmune disease၊ အချို့သောဆေးဝါးတွေနဲ့ ဓာတုပစ္စည်းထိတွေ့မှုတွေကြောင့် ဖြစ်တတ်ပါတယ်။
* Anaemia associated with Bone Marrow Disease — Leukaemia (သွေးကင်ဆာ)နဲ့ Myelofibrosis စတဲ့ရောဂါတွေမှာ ရိုးတွင်းချဉ်ဆီက သွေးဆဲလ်ထုတ်လုပ်ခြင်းကို အနှောင့်အယှက်ပေးတာကြောင့် ဖြစ်ပါတယ်။
* Hemolytic Anaemia — သွေးနီဥထုတ်လုတ်တဲ့နှုန်းထက် ပျက်စီးတဲ့နှုန်းက ပိုမြန်နေတာကြောင့်ဖြစ်ပါတယ်။ မျိုးရိုးလိုက်တတ်သလို အသက်ကြီးမှလည်းဖြစ်တတ်ပါတယ်။ သွေးနီဥတွေ ပြိုကွဲပျက်စီးစေတဲ့ တခြားရောဂါအမျိုးမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။
* Sickle Cell Anaemia — မျိုးရိုးလိုက်တဲ့ရောဂါဖြစ်ပြီး တစ်ခါတလေစိုးရိမ်ရပါတယ်။ သွေးနီဥလေးတွေက ပုံမှန်ဒိုးနပ်ပုံစံမရှိဘဲ တံစဉ်းပုံစံဖြစ်နေတာကြောင့်လည်း ပျက်စီးလွယ်ပြီး သွေးအားနည်းရပါတယ်။
သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေကတော့….
* နုံးချိခြင်း
* အားမရှိခြင်း
* ဖြူဖတ်ဖြုလျော်ဖြစ်ခြင်း
* နှလုံးခုန်မမှန်ခြင်း
* အသက်ရှူကြပ်ခြင်း
* ခေါင်းမူး၊ ခေါင်းကိုက်ခြင်း
* ရင်ဘတ်အောင့်ခြင်း
* ခြေလက်များအေးခြင်းတို့ဖြစ်ပါတယ်။
သွေးအားနည်းရောဂါကို ပိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေကတော့….
* အာဟာရပြည့်ဝအောင်မစားခြင်း
* အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါများ
* ရာသီလာခြင်း
* ကိုယ်ဝန်ဆောင်များ
* နာတာရှည်ရောဂါရှိသူများ
* မိသားစုမျိုးရိုးရှိခြင်း
* အသက်ကြီးသူများနှင့်
* အခြားသောရောဂါများဖြစ်ပါတယ်။
သွေးအားနည်းရောဂါဟာ ပုံမှန်ဆို ရောဂါလက္ခဏာမပြင်းထန်ပေမယ့် မကုသဘဲထားမယ်ဆိုရင်တော့ နောက်ဆက်တွဲရောဂါဝေဒနာတွေခံစားရနိုင်ပါတယ်။
* အလွန်အမင်းနုံးချိခြင်း
* နှလုံးရောဂါများ ( နှလုံးခုန်မြန်ခြင်း၊ နှလုံးကြီးခြင်းနှင့် နှလုံးအလုပ်မလုပ်တော့ခြင်း )
* အသက်သေဆုံးခြင်း ( အချို့သောမျိုးရိုးလိုက်တဲ့ရောဂါမျိုးတွေမှာဆိုရင် သွေး၊ သွေးနီဥဆုံးရှုံးမှုများပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ )
သွေးအားနည်းခြင်းကို ကာကွယ်ဖို့ သံဓာတ်ကြွယ်ဝတဲ့ အနီရောင်အသားများ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ Vitamin B-12 နှင့် ဖောလိတ်ဓာတ်ကြွယ်ဝတဲ့ အသီးအရွက်များ၊ အစေ့အဆန်များ၊ နို့ထွက်ပစ္စည်းအမျိုးမျိုးကို စားသုံးပေးရပါမယ်။ သံဓာတ်စုပ်ယူမှုအားကောင်းစေတဲ့ Vitamin C ကြွယ်ဝတဲ့ အစားအစားတွေလည်း စားသုံးပေးရပါမယ်။
“ သွေးအားနည်းရောဂါများအတွက် တိုင်ပင်ဆွေးနွေးလိုပါက တယ်လီကျန်းမာဆေးခန်းတွင် အခမဲ့အွန်လိုင်းဘိုကင်ယူပြီး ဆွေးနွေးနိုင်ပါပြီ။ “
Reference:
https://www.mayoclinic.org/…/symptoms-causes/syc-20351360
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#anaemia#သွေးအားနည်းခြင်
Ministry of Health,
National Unity Government.
Published on: 15 November 2022
Last Updated: 15 November 2022