ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ အမြင့်ပိုင်းကို တက်တဲ့အခါ အပူချိန်ကျလာပြီး ပိုအေးလာသလို လေထုဖိအားဟာ တဖြည်းဖြည်း နည်းနည်းလာရုံတင်မကဘဲ လေထဲမှာ အောက်ဆီဂျင်ပါဝင်မှုလည်း ကျဆင်းလာတယ်ဆိုတာကိုတော့ အများစုက သိပြီးသားဖြစ်ကြမှာပါ။
မြေပြန့်ကနေ အလွန်မြင့်တဲ့ ပတ်ဝန်းကျင်ကို ရုတ်တရက် ပြောင်းလဲရောက်ရှိသွားတဲ့အခါ ခန္ဓာကိုယ်က အဲဒီလို လေထုပါး၊ ဖိအားနည်းပြီး အောက်ဆီဂျင်နည်းတဲ့ ပတ်ဝန်းကျင်မှာ ပုံမှန်လုပ်ငန်းတွေကို လုပ်ဆောင်နိုင်စွမ်းမရှိတော့ဘဲ နေထိုင်မကောင်းဖြစ်တာကို Altitude sickness syndrome လို့ ခေါ်ပါတယ်။အဲဒီထဲမှာ Acute Mountain sickness ဆိုတဲ့ သိပ်မဆိုးတဲ့လက္ခဏာတွေကနေ HACE လို့ခေါ်တဲ့ မြင့်မားတဲ့ဒေသမှာဖြစ်တဲ့ ဦးနှောက်ရောင်ခြင်းနဲ့ HAPE လို့ခေါ်တဲ့ မြင့်မားတဲ့ဒေသမှာဖြစ်တဲ့ အဆုတ်ရောင်ခြင်းအထိ ဖြစ်လာနိုင်ပြီး အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်ပါတယ်။
တောင်ပေါ်ဒေသတွေကို သာမန်သွားရုံနဲ့တော့ ဒီ Altitude sickness syndrome ကို မရနိုင်ပါဘူး။ အမြင့်ပေ ၈၀၀၀ ကျော်ကို အချိန်တိုအတွင်းမှာ တက်ရောက်တဲ့သူတွေ၊ ရေခဲပြင်စကိတ်စီးဖို့ သွားကြသူတွေ၊ တောင်တက်သမားတွေမှာ ဒီလိုကြုံရတတ်ပါတယ်။ တစ်ခါဖြစ်ဖူးရင် နောက်ကိုလည်း ထပ်ဖြစ်နိုင်ပါတယ်နော်။
ဟိမဝန္တာတောင်တန်း၊ အဲလ်ပ်တောင်တန်းကတောင်တွေ၊ အာဖရိကက ကီလီမန်ဂျာရိုးတောင်၊ အာရှမှာ ဂျပန်က ဖူဂျီတောင်၊ ထိုင်ဝမ်က ယူရှန်းတောင်၊ မလေးရှားက ကင်နာဘာလူးတောင်တွေဟာ ပေတစ်သောင်းကျော်မြင့်တဲ့အတွက် အဲဒီတောင်တွေကို တက်သူတွေဟာ Altitude sickness syndrome ကို ခံစားရတတ်ပါတယ်။
မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်က တောင်ပေါ်ဒေသတချို့ဟာ အမြင့်ပေ ၈၀၀၀ ကျော်မှာရှိကြတာကြောင့် အဲဒီဒေသတွေဆီကို မြေပြန့်ကနေ နေ့ချင်းရောက်တဲ့ခရီးမျိုးသွားတဲ့အခါ Altitude sickness syndrome ကို ခံစားကြရမှာပါ။ အဲဒီနေရာတွေအပြင် ချင်းပြည်နယ်က နတ်မတောင် ခေါ် ဝိတိုရိယတောင်၊ ပူတာအိုက ဖုန်ကန်ရာဇီတောင် စတဲ့ ပေတစ်သောင်းကျော်မြင့်တဲ့ တောင်တွေကိုတက်တဲ့အခါမှာလည်း ဒီလိုပြဿနာမျိုးတွေကို ကြုံနိုင်ပါတယ်နော်။
ဥပမာပေးရရင် မြေပြန့်ဒေသတွေဖြစ်တဲ့ ချောက်တို့၊ ပုဂံတို့ကနေ အမြင့်ပေ ၈၀၀၀ လောက်မှာရှိတဲ့ Base camp (အခြေစိုက်စခန်း) ကို ကားနဲ့တက်ပြီး နေ့တွင်းချင်းမှာပဲ ဝိတိုရိယတောင်ထိပ်ကို တက်တာမျိုးမှာ Altitude sickness syndrome (အလွန်မြင့်သောပတ်ဝန်းကျင်တွင် ဖြစ်ပေါ်တတ်သည့် ရောဂါလက္ခဏာစု) လောက် မပြင်းထန်တဲ့ Acute Mountain sickness ကို ကြုံတွေ့ရနိုင်ပါတယ်။
…
…
Acute Mountain Sickness ကိုတော့ ပေ ၈၀၀၀ ကျော်မြင့်တဲ့ တောင်တွေပေါ်မှာ ညအိပ်တဲ့သူ လေးပုံတစ်ပုံလောက်ဟာ ကြုံရတယ်လို့ ဆိုပါတယ်။ ပေ ၈၀၀၀ ကျော်ပတ်ဝန်းကျင်ကိုရောက်ပြီး ၂ နာရီကနေ ၁၂ နာရီအတွင်း စတင်ခံစားရလေ့ရှိပါတယ်။
ဒါကြောင့် အများစုမှာ ရောဂါလက္ခဏာတွေဟာ ညဘက်မှ စသိသာလာတာဆိုတော့ ဆေးရှာရတာ ခက်ခဲသလို ဆေးရုံဆေးခန်း သွားပြဖို့ ပိုခက်ပါတယ်။ အဖြစ်အများဆုံး လက္ခဏာကတော့ အရက်နာကျသလို ခေါင်းကိုက်တာပါ။ သူနဲ့တွဲပြီး ခံတွင်းပျက်၊ ပျို့အန်၊ ခေါင်းမူး၊ နုံးခွေ၊ အိပ်လို့မရ ဆိုတာတွေကိုပါ ခံစားရနိုင်ပါတယ်။ အများစုက ၃ ရက်လောက်အတွင်းမှာ သူ့ဘာသာသူ ပြန်ပြီးပျောက်သွားနိုင်ပါတယ်။ ခေါင်းကိုက်တာအတွက်ကိုတော့ ပါရာစီတမောလို သာမန်အကိုက်ခဲပျောက်ဆေးကို သောက်လို့ရပါတယ်။ ဒီလိုဖြစ်လာရင် အမြင့်ကို ဆက်မတက်ဘဲ နားသင့်ပြီး ပိုဆိုးလာရင် ဒါမှမဟုတ် တစ်ရက်နားနေလို့မှ မသက်သာရင် အောက်ဆီဂျင်ရှူသင့်ပြီး မီတာ ၃၀၀ ကျော် (ပေတစ်ထောင်) ပိုနိမ့်တဲ့နေရာကို ရွှေ့သင့်ပါတယ်။
…
…
အဲဒီထက် ပိုဆိုးလာရင် ဘာတွေဖြစ်လာနိုင်လဲ….
HACE (မြင့်မားတဲ့ဒေသမှာဖြစ်တဲ့ ဦးနှောက်ရောင်ခြင်း)
စိတ်အနေအထားတွေ ပြောင်းလာမယ်။ ဇဝေဇဝါဖြစ်ပြီး ကယောင်ချောက်ချားမြင်လာမယ်။ အသံတွေကြားမယ်။ ဟန်ချက်ပျက်ပြီး မူးဝေမယ်။ အရက်မူးလွန်သလိုဖြစ်မယ်ဆိုရင်တော့ ပိုဆိုးတဲ့ ဦးနှောက်ရောင်တဲ့ လက္ခဏာတွေ စလာပါပြီနော်။
.
HAPE (မြင့်မားတဲ့ဒေသမှာဖြစ်တဲ့ အဆုတ်ရောင်ခြင်း)
အသက်ရှူကျပ်မယ်။ ချောင်းဆိုးပြီး နှုတ်ခမ်းတွေ ခြေဖျားလက်ဖျားတွေပြာလာမယ်။ သလိပ်ထဲ သွေးစပါလာမယ်ဆိုရင်တော့ အဆုတ်ပါရောင်ပြီ ဆိုတဲ့လက္ခဏာပါ။ တော်တော်ကို အရေးကြီးလာပါပြီ။ အချိန်တိုအတွင်းမှာ အခြေအနေပိုဆိုးလာပြီး သေဆုံးနိုင်ပါတယ်။
အဆုတ်ရောင်၊ ဦးနှောက်ရောင်လက္ခဏာတွေ ပြလာရင်တော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အောက်ဆီဂျင်နဲ့ ဒက်ဆာမီသာဇုန်း (Dexamethasone) ဆေးကို အသုံးပြုပြီး လက်ရှိနေရာထက် အနည်းဆုံး ပေတစ်ထောင်ကနေ ပေသုံးထောင်ကျော် ပိုနိမ့်တဲ့နေရာကို ရွှေ့ရပါမယ်။ ဖြစ်နိုင်ရင် ကျန်းမာရေးဝန်ထမ်း၊ ကယ်ဆယ်ရေးဝန်ထမ်းတွေရဲ့ အကူအညီကို ရယူဖို့သင့်ပြီး စိတ်ချရတဲ့နေရာကို ကယ်ထုတ်သင့်ပြီဖြစ်ပါတယ်။ (ပြန်ဆင်းဖို့မလွယ်၊ ကယ်ထုတ်ဖို့မလွယ်တဲ့ ဧဝရက်တောင်လို တောင်မျိုးကို တက်သူတွေ၊ တောင်တက်သမားတွေဟာ Dexamethasone ထိုးဆေးတွေကို ဆောင်သွားတတ်ပါတယ်။)
HACE နဲ့ HAPE တို့ကတော့ ပေတစ်သောင်းလေးထောင်နဲ့အထက် မြင့်တဲ့နေရာကို တက်သူတွေမှာသာ အဖြစ်များပါတယ်။
…
…
ကာကွယ်ခြင်း
• အမြင့်ပိုင်းတောင်တွေကိုတက်ရင် ဖြည်းဖြည်းချင်းတက်ပါ။
• ပေ ၈၀၀၀ မရောက်မီ ပတ်ဝန်းကျင်မှာ တစ်ရက်လောက် အချိန်ယူနေခြင်းဖြင့် ခန္ဓာကိုယ်ကို အမြင့်ပိုင်းပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင်လုပ်ပါ။
• ပေတစ်သောင်းကျော်အထက်ကိုတက်ရင် သုံးလေးရက်မှာ တစ်ရက်ကို အမြင့်ကိုဆက်မတက်ဘဲ နားပါ။
• ရေလုံလောက်အောင်သောက်ပါ။
• အမြင့်ပိုင်းခရီးမသွားခင် မိမိဆရာဝန်နှင့်တိုင်ပင်ပြီး ကာကွယ်ဆေးသောက်သင့်ရင် သောက်ပါ။
• ပေလေးထောင်အောက်ဒေသကနေ ပေတစ်သောင်းနှစ်ထောင်အထက်ဒေသကို တစ်ရက်အတွင်း ခရီးသွားခြင်းကို ရှောင်ပါ။
• အမြင့်ပေတစ်သောင်းကျော်အထက်ကိုရောက်ရင် တစ်ညနဲ့တစ်ည အိပ်တဲ့နေရာတွေကို အမြင့်ပေ ၁၆၀၀ ထက် ပိုမခြားပါစေနဲ့။
• အမြင့်ပိုင်းဒေသတွေကို ခရီးသွားချိန်မှာ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
References: 📚
– Altitude sickness – NHS (www. nhs . uk)
– High Elevation Travel & Altitude Illness | CDC Yellow Book 2024
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.