သစ္စာရှိတဲ့ အရက်….. 🍾

ဟုတ်ပါတယ် အရက်က သစ္စာရှိပါတယ်… ကျန်းမာရေးကို ဒုက္ခပေးဖို့အတွက် ဆိုရင်ပေါ့ 🤔

“ အရက်သောက်ခြင်းသည် သင်၏ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်”
“ အရက်သောက်ရင် ဘေးဥပါဒ်ဖြစ်တယ်”
“ အရက်ဆိုတာ မကောင်းဘူး” စတာတွေက လူတိုင်း သိဖူးကြားဖူးနေကျ စကားတွေပါပဲ။

ကျွန်တော်ပြောပြမှာကလည်း အရက်ကြောင့် ကျန်းမာရေးထိခိုက်စေတဲ့ထဲက တစ်ခုဖြစ်တဲ့ အရက်ကြောင့်အသည်းရောင်ခြင်း (Alcoholic Hepatitis) အကြောင်းပဲ ဖြစ်ပါတယ်။ 

အရက်က လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ အသည်းကို ထိခိုက်စေတာ အတော်အများ သိကြမှာပါ။ အရက်ကြောင့် လူတိုင်း အသည်းရောဂါမရနိုင်ပေမယ့် အသည်းရောဂါရတဲ့ လူဦးရေအများစုကတော့ အရက်ကြောင့်ပဲ ဖြစ်ပါတယ်။ 

အသည်းကို ဘယ်လိုထိခိုက်စေတာလဲဆိုတော့….

အရက်သောက်လိုက်တဲ့အခါ အရက်ထဲမှာ ပါတဲ့ Ethanol (CH3CH2OH) က အသည်းမှာရှိတဲ့ ဆဲလ်တွေထဲကို အဆင့်ဆင့်ရောက်ရှိသွားပြီး အသည်းရဲ့ဆဲလ်တွေကို ဖျက်ဆီးပစ်ပါတယ်။ 

တစ်ခုခုထိခိုက်မိတဲ့အခါ အမာရွတ်ကျန်ခဲ့သလိုပဲ အသည်းရဲ့ဆဲလ်တွေ ပျက်စီးသွားတဲ့အခါမှာလည်း အသည်းမှာ အမာရွတ်တွေကျန်ခဲ့ပါတယ်။ အမာရွတ်တွေကနေ ကောင်းမွန်တဲ့ဆဲလ်တွေနေရာဆီကိုပါ တဖြည်းဖြည်း ရောက်ရှိလာပါတယ်။​ အဲဒီလိုနဲ့ အသည်းလည်း ကောင်းမွန်စွာမလုပ်ဆောင်နိုင်တော့ဘဲ အသည်းက ရောင်ရမ်းလာပါတော့တယ်။ 
.

အသည်းရောင်ရင် ဘာတွေ ခံစားရမလဲ….

  • အစာစားချင်စိတ် ပျောက်လာမယ်
  • ရင်ပြည့်ခြင်း၊ အော့အန်ခြင်းတွေ ဖြစ်မယ်
  • ဗိုက်ကြီးတင်းပြီး နာလာမယ်
  • တစ်ခါတစ်ရံ ဖျားနာတာမျိုး ဖြစ်မယ်
  • နောက်ပိုင်း ပိုဆိုးလာရင် အသားဝါတာမျိုး၊ ဗိုက်ပူလာတာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။ 

အဲဒါကိုမှ ဆက်ပြီးသောက်နေဦးမယ်ဆိုရင် တဖြည်းဖြည်းနဲ့ အသည်းကြွပ်ခြင်း၊ အသည်းခြောက်ခြင်းမှတစ်ဆင့် အသည်းကင်ဆာအထိပါ ဖြစ်စေနိုင်ပါတယ်။

အသည်းတစ်ခုတည်းပဲ ထိခိုက်တာလားဆိုရင်တော့ မဟုတ်ပါဘူး။ အသည်းထိခိုက်မိတာကနေပဲ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့…

(၁) သွေးကြောတွေ ဖောင်းလာမယ်။ သွေးကြောနံရံတွေ ပါးလွှားနိုင်ပြီး အချိန်မရွေး ပေါက်ထွက်နိုင်လို့ ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်တာတွေ ဖြစ်လာမယ်။ သွေးထွက်လွန်လာရင်တော့ အသက်အန္တရာယ်ပါ ရှိလာနိုင်ပါတယ်။ 

(၂) ဗိုက်ပူလာမယ်။ တစ်နည်းအားဖြင့် ဗိုက်ရွှဲလာမယ်။ အသည်းက ကောင်းမွန်စွာ အလုပ်မလုပ်တော့တဲ့အခါ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အရည်တွေက ဝမ်းဗိုက်တွင်း စုလာပြီး ဖောင်းကားလာတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ 

(၃) ဦးနှောက်ချို့ယွင်းလာမယ်။ ပုံမှန်အားဖြင့် အသည်းက အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးနေကျ ဖြစ်ပါတယ်။ သို့ပေမယ့့် အသည်းချို့ယွင်းလာတဲ့အခါ အဆိပ်တွေကို မစွန့်နိုင်ဘဲ ထိုအဆိပ်တွေက ဦးနှောက်မှာရှိတဲ့ ဆဲလ်တွေကို ထိခိုက်စေပြီး ဦးနှောက်ကို ချို့ယွင်းလာစေနိုင်ပါတယ်။ 

(၄) ကျောက်ကပ်လည်း ထိခိုက်နိုင်ပါတယ်။ အသည်းကြောင့် ကျောက်ကပ်ကိုသွားတဲ့ သွေးလည်ပတ်မှုတွေကိုပါ ထိခိုက်စေနိုင်ပြီး ကျောက်ကပ်ကိုပါ ချို့ယွင်းစေနိုင်ပါတယ်။​

ဘယ်လိုကာကွယ်ကြမလဲဆိုရင်တော့…..

▪️အကောင်းဆုံးကတော့ အရက်သေစာ သောက်စားခြင်းကနေ လုံးဝရှောင်ကြဥ်တာပါပဲ။ 

▪️လုံးဝမရှောင်နိုင်ဘူးဆိုရင်တောင် တဖြည်းဖြည်းနဲ့ လျှော့သောက်ပေးဖို့ လိုပါတယ်။ 

▪️အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ရှိနေပြီးသားလူဆိုရင် လုံးဝမသောက်ဖို့ အရေးကြီးပါတယ်။ 

▪️မရှိသေးတဲ့သူဆိုရင်လည်း မကူးစက်အောင် သတိပြုနေထိုင်ပါ။ ကာကွယ်ဆေး မထိုးရသေးရင်လည်း ထိုးပေးပါ။

▪️ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကိုသာ သုံးဆောင်ပေးပါ။ 

▪️လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ ခန္ဓာကိုယ်အလေးချိန်ကို မဝအောင် ထိန်းသိမ်းပေးပါ။

▪️ရောဂါအခြေအနေတွေထဲက တစ်ခုခုဖြစ်လာပြီဆိုရင်လည်း နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ပြသပေးပါ။

အားလုံးပဲ သေရည်အရက်ကို စွန့်လွှတ်ပြီး ကျန်းမာစွာ နေထိုင်နိုင်ကြပါစေလို့ တယ်လီကျန်းမာမှ မေတ္တာပို့သလိုက်ပါတယ်…။ 

Reference: 📖
https: // www . Mayoclinic. org / diseases-conditions /alcoholic-hepatitis /symptoms-causes / syc-20351388

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here