ဝက်ခြံပေါက်တာဟာ ဟော်မုန်းအပြောင်းအလဲစဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်မှာ အဖြစ်များပါတယ်။ လူပျို၊ အပျိုဖော်ဝင်ချိန်မှာ ကျားဟော်မုန်း (Androgen) များလာတာနဲ့ ဆက်စပ်ပါတယ်။
ယောက်ျားလေးတွေမှာ အသက် (၁၃) နှစ်ကနေ (၁၈) နှစ်အတွင်းအရွယ်မှာ ဝက်ခြံစထွက်တတ်ပြီး အသက် (၁၈-၁၉) နှစ် အရွယ်လေးတွေမှာ ပိုပေါက်တတ်ပါတယ်။ မိန်းကလေးတွေမှာတော့ အသက် (၁၄) နှစ် ပတ်ချာလည် ရာသီသွေးစပေါ်ချိန်ဟာ ဝက်ခြံအထွက်အများဆုံးအချိန်ပါ။ ဝက်ခြံပေါက်တတ်တဲ့ မျိုးရိုးရှိရင် ကိုယ်တိုင်လည်း ဝက်ခြံထွက်ဖို့ရာ ရာခိုင်နှုန်းများပါတယ်။
.
???? ဝက်ခြံဘာလို့ဖြစ်ရတာလဲ ?
အရေပြားရဲ့ အဆီထုတ်ဂလင်းတွေမှာ အဆီတွေ၊ ဖုန်မှုန့်တွေ၊ ဆဲလ်သေတွေနဲ့ ပိတ်ဆို့သွားတဲ့အခါ အရေပြားမှာကပ်တွယ်နေတဲ့ ဘက်တီးရီးယားပိုးတွေဟာ ပွားများပေါက်ပွားလာပြီး ဝက်ခြံပေါက်လာပါတယ်။ ဒါ့အပြင် ဘတ်တီးရီးယားပိုးတွေက ထုတ်တဲ့ ဓာတုဓာတ်ပစ္စည်းတွေကြောင့် မျက်နှာအရေပြားကို ရောင်ရမ်းစေပြီး ဝက်ခြံကိုပိုဆိုးစေပါတယ်။
.
???? ဝက်ခြံမဖြစ်အောင် ဘယ်လို ကာကွယ်လို့ရလဲ ?
✅ မျက်နှာသေချာသစ်ပါ။
ဝက်ခြံအတွက် ကိုယ့်မျက်နှာအရေပြားနဲ့ တည့်တဲ့ ဆပ်ပြာပျော့ပျော့ (ဒါမှမဟုတ်) မျက်နှာသန့်စင်ဆေးရည်သုံးပြီး တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ် မျက်နှာသန့်စင်ပေးပါ။ မျက်နှာသစ်တဲ့အခါ အကြမ်းပွတ်တိုက်တာ၊ ကုတ်ဖဲ့သန့်စင်တာကို ရှောင်ပါ။ ခဏခဏမျက်နှာသစ်တာကို ရှောင်ရှားပါ။
.
✅ အလှကုန်တွေရွေးချယ်သုံးပါ။
ဝက်ခြံထွက်လွယ်သူတွေအနေနဲ့ အဆီပြန်စေတဲ့ အဆီများတဲ့အလှကုန်ပစ္စည်းတွေ၊ မျက်နှာအစိုဓာတ်ထိန်းဆေး (Moisturisers) တွေကို မသုံးစွဲသင့်ပါဘူး။ အဆီပါတဲ့ အလှကုန်တွေထက် ရေဓာတ်ပါဝင်တဲ့အလှကုန်ပစ္စည်း (water-based cosmetics) တွေကို ရွေးချယ်သုံးပါ။ ညအိပ်ရာမဝင်ခင် မိတ်ကပ်ဖျက်ပြီးမှ အိပ်စက်ပါ။
.
✅ ဆံပင်ကို မျက်နှာနဲ့ ခဏခဏ ထိတွေ့တာမျိုးရှောင်ကြဉ်ပါ။
တစ်ခါတစ်ရံ ဆံပင်ရှည်က မျက်နှာကို ထိအုပ်နေတဲ့အခါ ဆံပင်က အဆီကြောင့် မျက်နှာအရေပြားတစ်ဝိုက် ဝက်ခြံထွက်တတ်ပါတယ်။ ( ဥပမာ- ဆံမြိတ်ချတဲ့အခါ နဖူးမှာ ဝက်ခြံထွက်တတ်တာမျိုး )
ဒါ့ကြောင် ခေါင်းပုံမှန်လျှော်ပေးပါ။ ဆံကေသာကို သန့်ရှင်းစွာထားပါ။
.
✅ လေ့ကျင့်ခန်းလုပ်ပါ၊ စိတ်ဖိစီးမှုကိုလျှော့ချပါ။
စိတ်ဖိစီးမှုများချိန် (စာမေးပွဲကာလ၊ သမီးရည်းစားပြဿနာတွေနဲ့ ခုလိုအကျပ်အတည်းကာလမျိုး)တွေမှာ ဝက်ခြံပိုထွက်တတ်ပါတယ်။
.
✅ ဝက်ခြံ ပေါက်လာရင် မညှစ်မိပါစေနဲ့။
ဝက်ခြံတွေ၊ ဝက်ခြံပုန်းတွေ၊ ဆားဝက်ခြံတွေ ဘယ်လို ဝက်ခြံမျိုးကိုမဆို မညှစ်ပါနဲ့။ ညှစ်လိုက်လို့ ပြည်တည်နာပေါက်လာရင် အမာရွတ်ပါကျန်စေတတ်လို့ ရှောင်ကြဉ် ကြရပါမယ်။
.
✅ ခရမ်းလွန်ရောင်ခြည်ကိုရှောင်ပါ။
မနက်ခင်းရဲ့ နေရောင်ခြည်နုနုဟာ မျက်နှာပေါ်က ဝက်ခြံလေးတွေအတွက် ကောင်းမွန်နိုင်ပေမယ့် ပူပြင်းတဲ့နေရောင်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကတော့ မျက်နှာအရေပြားကျန်းမာရေးကို ဆိုးစေတဲ့အပြင် ဝက်ခြံကို ပိုလို့ဆိုးစေပါတယ်။ ဒါ့ကြောင့် အပြင်ထွက်တဲ့အခါ နေပူခံအောင် ဥိီးထုပ် (ဒါမှမဟုတ်) ထီးဆောင်းပါ။ နေမလောင်အောင် နေရောင်ခံ ခရင်မ် ( Suncream) တွေ အသုံးပြုပါ။
.
✅ အစားအသောက်ဆင်ခြင်ပါ။
ပုံမှန်အားဖြင့် ဝက်ခြံနဲ့ အစားအသောက် ဆက်စပ်မှုမရှိလှဘူးလို့ ဆိုပါတယ်။ ခိုင်လုံတဲ့အထောက်အထားအများကြီး မရှိပေမယ့် နေ့စဥ်စားသောက်နေတဲ့ အစားအသောက်အချို့ဖြစ်တဲ့ သကြားဓာတ်ပါဝင်မှုများတဲ့အစားအစာတွေ၊ အဆီအအိမ့်များတာတွေ၊ အစပ်နဲ့ အငံဓာတ်ပါဝင်မှုများတဲ့ အစားတွေဟာ ဝက်ခြံပေါက်တာကို အားပေးတယ်လို့ ဆိုပါတယ်။
.
✅ တချို့ သောက်ဆေး၊ လိမ်းဆေးတွေ (ဥပမာ- ကိုယ်ဝန်တားဆေးမှာ ပါဝင်တဲ့ မဟော်မုန်း အီစထရိုဂျင် (Oestrogen) ) ကြောင့် သောက်သုံးသူအမျိုးသမီးတွေရဲ့ ဝက်ခြံတွေသက်သာစေတယ်လို့ စစ်တမ်းတွေကဆိုပါတယ်။
.
.
ကိုယ့်မျက်နှာလေးပေါ်မှာ ဝက်ခြံတွေအများကြီး ထွက်လာပြီဆိုရင် အရေပြားဆရာဝန်နဲ့ စနစ်တကျပြသပြီး ကုသမှုခံယူပါ။
ဆရာဝန်က ကိုယ့်အရေပြား၊ ဝက်ခြံအနေအထားနဲ့သင့်တော်မယ့် လိမ်းဆေး၊ သောက်ဆေးတွေကို လိုအပ်သလို ပေးပါလိမ့်မယ်။
.
ဝက်ခြံထွက်တာဟာ ရှက်စရာမဟုတ်ပါဘူး။ တစ်ယောက်ကနေတစ်ယောက် ကူးစက်တတ်တဲ့ အရေပြားအခြေအနေတစ်ခုလည်း မဟုတ်တဲ့အပြင် လူပျို၊ အပျိုဝင်ခါစမှာလည်း သဘာဝအရ ကြုံရနိုင်တယ်ဆိုတာကို လက်ခံပေးကြပါနော်။
” ဝက်ခြံကင်းလို့ စိတ်ပျော်ရွှင်ကြပါစေ ???? “
References ????
????John’s Murtagh’s Patient Education, Sixth Edition: Acne pg-70
????Mayo Clinic | Acne
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.