‘‘ကိုယ်ဝန်ဆောင်မေမေများ သတိပြုစရာ အချိန်မတိုင်မီ အချင်းကွာခြင်းပြဿနာ’’
ဒီနေ့မှာတော့ မမွေးခင် သွေးဆင်းခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ အချင်းစောကွာခြင်း (Abruptio placenta) အကြောင်းကို ရှင်းပြသွားပါမယ်။
???? ကိုယ်ဝန်ဆောင်စဉ်အချိန် သန္ဓေသားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အာဟာရနဲ့ အောက်ဆီဂျင်ကို အချင်း (placenta) မှတစ်ဆင့် ထောက်ပံ့ပေးပါတယ်။ ပုံမှန်အားဖြင့် အချင်းဟာ သားအိမ်နံရံမှာ ကပ်လျက်တည်ရှိပြီး သန္ဓေသားကို ချက်ကြိုးနဲ့ ဆက်သွယ်ထားပါတယ်။
အချိန်မတိုင်မီ အချင်းကွာခြင်းမှာ အချင်းဟာ သားအိမ်နံရံနဲ့ တွယ်ကပ်မှုမရှိတော့ဘဲ အကြောင်းတစ်ခုခုကြောင့် စောစီး၍ လုံးဝ (သို့မဟုတ်) တစ်ဝက်တပျက် ကွာကျလာတာဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်အားလုံးရဲ့ ၁% မှာသာ ဖြစ်လေ့ရှိပြီး အချင်းကွာခြင်းကြောင့် မိခင်ရော ကလေးပါ အသက်အန္တရာယ်ရှိနိုင်တာမို့ အရေးပေါ်ကုသမှု လိုအပ်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့ ကိုယ်ဝန်အပတ် ၂၀ ကျော်နောက်ပိုင်း သွေးဆင်းခြင်းနှင့် အောက်ပါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
– မိန်းမကိုယ်မှ သွေးဆင်းခြင်း
– သားအိမ်နေရာမှ မခံနိုင်အောင် နာခြင်း၊ ခါးနာခြင်း
– သားအိမ် စတင်ညှစ်လာခြင်း
– ပျို့အန်ခြင်း
– နှလုံးခုန်မြန်ခြင်း
– မူးဝေခြင်း၊ သတိလစ်ခြင်း
❗အချင်းစောကွာခြင်းမှာ သွေးဆင်းတဲ့ပမာဏနဲ့ပဲ ရောဂါအခြေအနေကို ဆုံးဖြတ်လို့မရပါဘူး။ တစ်ခါတစ်ရံ အချင်းကွာခြင်းဖြစ်စဥ်မှ သွေးတွေဟာ အပြင်ကိုထွက်မလာဘဲ သားအိမ်နဲ့ အချင်းကြား သွေးခဲအနေနဲ့ သွေးများခိုအောင်း နေနိုင်ပါတယ်။
ဒီလိုအခါမျိုးမှာ လူနာအနေနဲ့ အလွန်အမင်း ဗိုက်နာခြင်း၊ သန္ဓေသားလှုပ်ရှားမှု နည်းသွားခြင်းနှင့် သွေးအားနည်းလက္ခဏာများ ခံစားရနိုင်ပါတယ်။
…
…
???? အချင်းစောကွာခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကတော့…
• အရင်ကိုယ်ဝန်တွေမှာ အချင်းစောကွာမှု ရောဂါရာဇဝင် ရှိခြင်း
• ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးသုံးခြင်း
• ဝမ်းဗိုက်ထိခိုက်မိခြင်း (ချော်လဲကျခြင်း၊ အကန်ခံရခြင်း၊ မတော်တဆ တိုက်မိခြင်း)
• သွေးတိုးခြင်း
• ရေမြွှာရည် များခြင်း၊ ရေမြွှာ စောပေါက်ခြင်း
• မိခင် အသက်ကြီးခြင်း (အသက် ၃၅ နှစ်အထက် အမျိုးသမီးတွေ) စတာတွေမှာ ဖြစ်နိုင်ခြေ ပိုမြင့်ပါတယ်။
…
…
???? ရောဂါ အဖြေရှာခြင်းအတွက်
– ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် စမ်းသပ်ခြင်း
– အယ်လ်ထရာဆောင်းရိုက်ခြင်း
– သွေးစစ်ခြင်း၊ အခြားဓာတ်ခွဲစမ်းသပ်ခြင်းများ
– သန္ဓေသား ကောင်းစွာဖွံ့ဖြိုးမှု (growth) (well-being) တို့နှင့်ဆိုင်သော စစ်ဆေးမှုများ လုပ်ရပါမယ်။
…
…
????⚕️ ကုသမှု
ကုသမှုအနေနဲ့ သန္ဓေသားဖွံ့ဖြိုးမှု၊ မိခင်နှင့် ကလေးနှလုံးခုန်နှုန်း အရေးပေါ်အခြေအနေ ဟုတ်/မဟုတ်အပေါ် မူတည်ပါတယ်။
ကိုယ်ဝန် ၃၄ ပတ်အောက်၊ ကလေးနှလုံးခုန်နှုန်း ပုံမှန်ဆိုပါက ဆေးရုံတင်ပြီး စောင့်ကြည့်ရပါမယ်။ သွေးဆင်းတာရပ်သွားပြီး မိခင်ရော သန္ဓေသားပါ ကျန်းမာပါက ကလေးရဲ့ အသက်ရှုလမ်းကြောင်း ဖွံ့ဖြိုးမှုအတွက် လိုအပ်သောဆေးဝါးထိုးပေးပြီး အိမ်ပြန်အနားယူခိုင်းလို့ ရပါတယ်။ ရေဆင်း၊ သွေးဆင်း၊ ဗိုက်နာရင်တော့ ဆေးရုံချက်ချင်းပြန်လာဖို့ လိုအပ်ပါမယ်။
ကိုယ်ဝန် ၃၄ ပတ်အထက် မွေးဖွားရက်နီးချိန် အချင်းကွာပြီး သန္ဓေသားနှလုံးခုန်နှုန်း ပုံမှန်မဟုတ်ပါက အမြန်ဆုံးမီးဖွားရန် စီစဉ်ရပါမယ်။ လိုအပ်ပါက ခွဲစိတ်မွေးရနိုင်သလို သွေးသွင်းရနိုင်ခြေလည်း ရှိပါတယ်။
‼️ အချင်းစောကွာခြင်းအတွက် လိုအပ်တဲ့ကုသမှု အချိန်မီမရရှိပါက ကိုယ်ဝန်ဆောင်မိခင် သွေးလန့်ခြင်း၊ သတိလစ်သွားခြင်း၊ ကျောက်ကပ်နှင့် အခြားကိုယ်တွင်းကလီစာများ ပျက်စီးခြင်း၊ မိခင်ရော ကလေးပါ အသက်အန္တရာယ်ထိခိုက်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ပါတယ်။
…
…
???? ကြိုတင်ကာကွယ်ခြင်း အနေဖြင့်…
• ကိုယ်ဝန်ရှိချိန်မှစ၍ သွေးတိုးနှင့် ဆီးချိုရောဂါကို ထိန်းညှိပါ။
• ဆေးလိပ်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။
• ကိုယ်ဝန်ဆောင်စဉ် ဝမ်းဗိုက်ထိခိုက်မိပါက မပေါ့ဆဘဲ ဆရာဝန်နှင့် ပြသပါ။
• ယခင်က ကိုယ်ဝန်ဆောင်စဉ် အချင်းစောကွာကျဖူးပါက ကိုယ်ဝန်နုစဉ်မှစပြီး ဆရာဝန်နဲ့ ပုံမှန်ဗိုက်အပ်ဖို့ လိုအပ်ပါတယ်။
????Reference:https://www.webmd.com/baby/what-is-placental-abruption