“ အသက်ရှူဖို့တောင်မေ့နေတယ်” ဆိုပြီး ကျွန်တော်တို့ ညည်းတွားပြောဆိုတတ်ကြတယ်။

တကယ်ကိုပဲ ကျွန်တော်တို့ ဖြစ်တတ်ကြပါတယ်။

ပြင်းထန်တဲ့ စိတ်ခံစားချက်တွေ၊ အာရုံစူးစိုက်မှုတွေ၊စိတ်ဖိစီးမှုတွေ၊ အစိုးရိမ်လွန်တာတွေ၊ အတွေးလွန်တာတွေ၊ အလွန်အမင်း အံ့အားသင့်မှုတွေ၊ အလုပ်ဖိစီးမှုတွေကြောင့် ခဏတာမျှ အသက်ရှူနှုန်းမမှန်တာ ဒါမှမဟုတ် အသက်ရှူဖို့ သတိမေ့သွားသလို ခံစားရတာကို တင်စားပြီး ပြောတဲ့စကားဖြစ်ပါတယ်။

စိတ်ဖိစီးတာတွေ၊ လုပ်ငန်းခွင်မှာ ဖိစီးတာတွေကြောင့် ရင်ထဲမှာ မွန်းကျပ်လာပြီး တစ်ခါတစ်ခါ အသက်ရှူဖို့တောင် မေ့သွားတဲ့အထိ ဖြစ်တတ်ကြပါတယ်။

ဒါကြောင့် ကျွန်တော်တို့တွေ အသက်ရှူဖို့ မေ့မသွားဖို့ သတိနဲ့အသိကို ကပ်ပြီးနေပေးဖို့ လိုပါတယ်။

အခုလို သဘာဝဘေးအန္တရယ်ကြုံတွေ့ကြပြီး စစ်မီးတောက်နေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်သူတွေမှာ စိတ်ဖိစီးမှုများစွာ ခံစားနေကြရတယ်။ စိတ်ရောကိုယ်ပါ လုံခြုံမှုမရှိကြတော့ ပိုလို့တောင် စိတ်ပင်ပန်းကြရတယ်။ ကြေကွဲစရာတွေများစွာ၊ စိတ်ဒဏ်ရာတွေများစွာနဲ့ နေ့စဉ်ကျော်ဖြတ်နေကြရတယ်။

အဲဒီတော့ အသက်ရှူမဝကြဘူး။ ရင်ဘတ်တွေအောင့်တယ်။ အသက်ရှူနှုန်း၊ နှလုံးခုံနှုန်းတွေ မြန်လာတယ်။ အစာအိမ်နာလာတယ်။ ခေါင်းကိုက်လာတယ်။ အစားအသောက်ပျက်တယ်။ အိပ်မပျော်ဖြစ်လာတယ်။ အဲဒါတွေအားလုံးဟာ စိတ်မပျော်ရွှင်လို့၊ စိတ်တွေဖိစီးလို့ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာတွေပါ။

ငလျင်သတင်းတွေဖတ်ရ၊ ဗုံးကြဲခံရလို့ ထိခိုက်သေဆုံးကြရတဲ့ သတင်းတွေကြည့်ရလို့ ကျွန်တော်တို့တွေ စိတ်ကျန်းမာရေးထိခိုက်လာကြရတာကို သတိပြုမိဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့တွေ စိတ်ကျန်းမာရေး (Mental Health) နဲ့ ပတ်သက်ပြီး ပိုပြီးသိရှိ၊ နားလည်ထားရင် ပိုကောင်းပါတယ်။ တစ်ဦးချင်းစီက စိတ်ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် (Individual healing) မိမိကိုယ်ကိုယ် စိတ်ကိုကုသနိုင်သလို လူအများ (Community healing) ကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။

တစ်ဦးချင်းစီရဲ့ စိတ်ကျန်းမာရေးကောင်းမှ လူ့အဖွဲ့အစည်းပါ ပိုကောင်းလာမှာပါ။

အသက်ရှူဖို့မမေ့ရအောင် စိတ်ဖိစီးမှုတွေများလာတဲ့အခါတိုင်း၊ မွန်းကျပ်တဲ့အခါတိုင်း၊ အလုပ်တွေဖိစီးတဲ့အခါတိုင်း ​ဖြည်းဖြည်းချင်း အသက်ရှူသွင်းရှူထုတ်တဲ့ လေ့ကျင့်ခန်းလေးကို သတိနဲ့ကပ်ပြီး လုပ်ပေးဖို့ တိုက်တွန်းပါရစေ….။

ဒေါက်တာနွေဦး
၈.၄.၂၀၂၅

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here