နိဒါန်း
အလုပ်တစ်ခု အောင်မြင်ပြီးမြောက်မှုရှိသလား ဆိုတာသိရဖို့က လုပ်ငန်းဆောင်ရွက်ခဲ့မှုကိုဖော်ပြတဲ့ အချက်အလက်/ဒေတာ (data) တွေရှိဖို့ လိုအပ်ပါတယ်။ ဒီ data တွေပေါ်မူတည်ပြီး နောက်ထပ်လုပ်ရမယ့် လုပ်ငန်းတွေအတွက် စာရင်းဇယားတွေကနေ ထွက်ပေါ်လာတဲ့ သတင်းစကားတွေ အကြံပြုချက်တွေ ထွက်ပေါ်လာရမှာပါ။
ဒါ့အပြင်…
ရရှိလာတဲ့ အချက်အလက်တွေဟာ ဘယ်လောက်အထိ တိကျမှုရှိလဲ၊ လုပ်ဆောင်မှုတွေကို ထင်ဟပ်စေနိုင်သလား၊ ဘယ်လောက်ထိရောက်စွာ လုပ်ခဲ့သလဲဆိုတာ ဖော်ပြနိုင်သလား… စတာတွေလည်း မေးခွန်းထုတ်ရမှာပါ။ သတင်းအချက်အလက် (data) တွေ တိကျမှန်ကန်နေဖို့ အမြဲအရေးကြီးပါတယ်။
အနာဂတ်ကိုပုံဖော်ဖို့နဲ့ သမိုင်းကိုပြောပြဖို့အတွက် သတင်းအချက်အလက်တွေဟာ အရေးပါကြောင်း ပညာရှင်တော်တော်များများ သိကြပါတယ်။
ဒါပေမယ့် ဒီသတင်းအချက်အလက်များ မှန်ကန်ပါ၏လောဆိုတာကို မှတ်ကျောက်တင်ဖို့လည်း လိုအပ်ပါတယ်။ အာမခံနိုင်ဖို့လည်း လိုအပ်ပါတယ်။ အသုံးချတတ်ဖို့လည်း လိုအပ်ပါတယ်။ သတင်းမှန်ကို တန်ဖိုးထားတတ်ဖို့လည်း လိုအပ်လှပါတယ်။
ကျွန်မတို့နိုင်ငံက သတင်းတွေကရော မှန်ကန်ခဲ့ပါသလား။
…
…
အများကြီးတော့ ကျွန်မမသိပါ။ ကျွန်မတို့ကျန်းမာရေးလောကရဲ့ သတင်းအချက်အလက်တွေအကြောင်း ပြောပြပါရစေ။ အတင်းတုပ်တာတော့ မဟုတ်ပါ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာပဲ ဆိုချင်ဆိုပါ… မမှန်မကန်ခဲ့တာလေးတွေကို တာဝန်ရှိပါဝင်ခဲ့သူတစ်ဦးအနေနဲ့ လိပ်ပြာတော့မလုံခဲ့ပါ။ ဒီစနစ်ကိုမကြိုက်၍ တော်လှန်ခဲ့သူတစ်ဦးအနေနဲ့ နောင်မဖြစ်စေချင်တော့တဲ့ ဆန္ဒသက်သက်ရယ်ပါ။
…
…
တိုင်းပြည်တစ်ပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကို ထင်ဟပ်စေမည့် အချက်အလက်များ (Health Impact Indicators) ဆိုတာ ရှိပါတယ်။
၎င်းတို့ကို တိုင်းတာမည်ဆိုပါက
- မိခင်သေဆုံးမှုနှုန်း (maternal mortality ratio)
- အသက်တစ်နှစ်အောက် ကလေးသေဆုံးမှုနှုန်း (Infant mortality rate)
- အသက် ၅ နှစ်အောက် ကလေးသေဆုံးမှုနှုန်း (under 5 children mortality rate)
- အသက် ၁ နှစ်အောက် ကလေးများ၏ ကာကွယ်ဆေးလွှမ်းခြုံမှု ရာခိုင်နှုန်း (immunization coverage of under one year old children) စသည်စသည်ဖြင့် ရှိကြသည်။
တိုင်းပြည်တစ်ပြည်၏ တိုးတက်ဆုတ်ယုတ်မှုများတိုင်းတာခြင်းတွင် ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများသည်လည်း အရေးပါလှသည်။ သို့သော် ထိုသတင်းအချက်အလက်မှန်များ ရခဲ့ကြပါသလား။
ညီညီညာညာ ဝိုင်းဝန်း၍ ညာပေးခဲ့ကြဖူးသည်။ အခြား နိုင်ငံတကာအဖွဲ့အစည်းများ၏ တိုင်းတာတွက်ချက်မှုများ ထွက်ရှိလာသောအခါ ကွာခြားမှုများ ရှိခဲ့ကြသော်လည်း ရပ်တည်မှုများ လုပ်ဆောင်ချက်များ သိသာစွာပြောင်းလဲခြင်းမရှိခဲ့ပေ။ ခပ်တည်တည်နှင့်ပင် ထိုအဖွဲ့အစည်းများက ကိုယ့်နိုင်ငံကိုထိုးနှက်ချင်လို့ သတင်းတွေကို အတုလုပ်သယောင်ယောင်၊ သူတို့ဒေတာတွေကပဲ မတိကျသယောင်ယောင် အထက်အဆင့်လူကြီးများက မျက်နှာပြောင်တိုက်ခဲ့ကြသလို အလယ်အလတ်အဆင့်လူကြီးများကလည်း ဘာမှမဆိုင်သလို နေခဲ့ဖူးကြသည်။ ဒေတာပိုင်ရှင် လုပ်ငန်းဆောင်ရွက်နေရသော မြေပြင်မှသူများကလည်း ကျန်းမာသော နိုင်ငံတော်ကြီးဖြစ်အောင် မမှန်ကန်သော သတင်းအချက်အလက်များ ပေးပို့မြဲပေးပို့ခဲ့ကြဖူးပါသည်။
…
…
“ ပုံမှန်အားဖြင့် လုပ်ဆောင်ရသည့် အချက်များ”
(သာမန်ပြည်သူလူထုအနေဖြင့် ယခုခေါင်းစဥ်အောက်တွင် ဖော်ပြထားသည့်အချက်များကို ကျော်လွန်၍ အောက်တွင်ဖော်ပြထားသည့် လက်တွေ့ကြုံတွေ့ခဲ့ရသည့် လိမ်ညာမှုများကိုသာ ကျော်၍ဖတ်ရှုသင့်ပါသည်။ စိတ်ဝင်စားသူများအနေဖြင့်မူ ဆက်လက်လေ့လာ ဖတ်ရှုသင့်ပါသည်)
အမေသေဆုံးမှုများနေခြင်းသည် တိုင်းပြည်၏ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းကို ဖော်ပြသကဲ့သို့ ပညာရေး၊ လူမှုစီးပွားရေး အထွေထွေဆုတ်ယုတ်မှုများကို ဖော်ပြနေသည်။ ဖြစ်ပွားစေသည့် နောက်ခံအကြောင်းရင်းမြစ်များကို ဖော်ထုတ်ကြည့်ပါက တိုင်းပြည်၏အဘက်ဘက် (ကျန်းမာရေး၊ပညာရေး၊ လူမှုရေး၊ စီးပွားရေး စသည်) တို့ ခြွတ်ခြုံကျမှုများကို သုံးသပ်နိုင်သည်။
မိခင်သေဆုံးမှုဆိုသည်မှာ အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နှင့် မွေးပြီး ၄၂ ရက်အတွင်း မည်သည့်အကြောင်းကြောင့် သေဆုံးသည်ဖြစ်စေ မိခင်သေဆုံးမှုစာရင်းတွင် ထည့်သွင်းဖော်ပြရသည်။ ကိုယ်ဝန်ပျက်ကျ၍ သေဆုံးခြင်းလည်း ပါဝင်သည်။
ကျန်းမာရေးဌာနများအနေဖြင့် မိခင်သေဆုံးမှု၏ အရင်းအမြစ်များကို လေ့လာဆန်းစစ်မှုများ (Maternal Death Surveillance and Response-MDSR) ပြုလုပ်ရန် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ကြသည်။ လိုအပ်သောထောက်ပံ့မှုများ ပေးကြသည်။ သေဆုံးမှုများဖြစ်စေသော နှောင့်နှေးကြန့်ကြာမှုများကို အဆင့် ၃ ဆင့် (3 Delays) ခွဲ၍ အားနည်းချက်ရှိသောနေရာများကိုဖော်ထုတ်ကာ ပိုမိုကောင်းမွန်သော အခြေအနေဖြစ်အောင် ဆောင်ရွက်ရန်ကြိုးစားခဲ့ကြဖူးသည်။
ကလေးမွေးဖွားမှုတိုင်းသည် အန္တရာယ်ကင်းသောမွေးဖွားမှုများ (Safe delivery) ဖြစ်ရမည်။ ကျွမ်းကျင်သူနှင့် မွေးဖွားနိုင်ရမည်။ ပြည့်စုံကောင်းမွန်သော မွေးခန်းများ တိုးချဲ့ကြသည်။ ပိုးသတ်သန့်စင်ထားပြီး မွေးဖွားရာတွင် မရှိမဖြစ်လိုအပ်သောပစ္စည်းများ ဖြန့်ဝေပေးသည်။ အန္တရာယ်ရှိသောမိခင်များအား ညွှန်းပို့ရန် တတ်ကျွမ်းသော ဆရာဝန်များရှိသော ဆေးရုံ ဆေးခန်းများရှိရမည်။ လိုအပ်သော အကြံဉာဏ်များပေးရန် ပညာရှင်အဖွဲ့များ ဖွဲ့စည်းထားကြသည်။
၁ နှစ်အောက်ကလေးသေဆုံးမှု လျော့နည်းအောင် ကလေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုသည်။ နိုင်ငံတော်အဆင့် စီမံချက်တွေရေးဆွဲပြီး ကမ္ဘာ့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၏ ထောက်ပံ့မှုဖြင့် တစ်နိုင်ငံလုံး ကာကွယ်ဆေးလွှမ်းခြုံမှုရအောင် အစီအစဉ်ရေးဆွဲ အကောင်အထည်ဖော်ခဲ့ကြသည်။
ဝက်သက်ရောဂါ ကာကွယ်ဆေးကို ဆေးထိုးရမည့်ကလေးများ၏ ၈၅ ရာနှုန်းပြည့်မီပါက ကာကွယ်ဆေးထိုးလုပ်ငန်းများ၏ အောင်မြင်မှုကို ပြလို့ရသည်။ ကာကွယ်ဆေးများ၏ အအေးခန်းကာကွယ်ထိန်းသိမ်းမှု၊ ပို့ဆောင်မှု၊ ဆေးထိုးသည့်ပုံစံ၊ ဆေးထိုးရာနှုန်း အားလုံးပြည့်စုံဖို့လိုသည်။
ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများဖြစ်ပါက ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှု့ခြင်း၊ သတင်းပို့ခြင်း၊ ရောဂါအတည်ပြုခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ရန် အဆင်သင့်ထားရှိရသည်။ ကလေးသေဆုံးမှု ရှိလာသည်နှင့် ဆန်းစစ်ခြင်းများ (Child Death Surveillance and Response-CDSR) ပြုလုပ်၍ လိုအပ်သည်များ ပြုပြင်ရမည်။ ပြည့်စုံကောင်းမွန်သော ကလေးစောင့်ရှောက်မှုများ မြေပြင်ထိရောက်အောင် သင်တန်းများပေးခြင်း၊ ဆေးဝါးပစ္စည်းများ ဖြန့်ဝေခြင်း၊ ညွှန်းပို့ရန်ဆောင်ရွက်စေခြင်း၊ ဆေးပညာရှင်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အခြားအကြောင်းများလည်း ရှိသေးသော်လည်း ဒီနှစ်ခု (အမေနှင့်ကလေး) အကြောင်းက အရေးကြီးသည်။ အမေနှင့်ကလေး၏ အချက်အလက်များသည် တိုင်းပြည်တစ်ပြည်၏ ကျန်းမာရေးအခြေအနေကို အများကြီးထင်ဟပ်စေသည်။
ရည်မှန်းချက်များ ရည်ရွယ်ချက်များကောင်းကောင်းထား၍ ဆောင်ရွက်ခဲ့ကြပါသည်။
…
…
မိခင်နှင့်ကလေးဌာနသည် မြန်မာနိုင်ငံ၏ မြိုနယ်တိုင်းတွင်ရှိသည်။ ကျေးလက်ကျန်းမာရေးဌာနခွဲ (sub-RHC/Subcenter) တစ်ခုတွင် သားဖွားဆရာမ တစ်ဦးထား၍ ရွာ ၁ ရွာ/၂ ရွာမှစ ၁၀ ရွာလောက်ထိကျန်းမာရေးစောင့်ရှောက်မှု ပေးရသည်။ သားဖွားဆရာမ၏ အဓိကတာဝန်မှာ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအတွက်ဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်ပေးခြင်း၊ မွေးဖွားခြင်းမှ ကလေးကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများသည် အဓိကဖြစ်သည်။ ထိုထဲမှ လုပ်ငန်းများ ခဏခဏထပ်ပေါင်းခြင်းဖြင့် ထိုသားဖွားဆရာမများခမျာမှာလည်း ရှေ့တွင် ဘက်စုံတပ်ခါ လုပ်ငန်းပေါင်းစုံ လုပ်ရသည့် အခြေအနေရောက်ရသည် (ထိုအကြောင်း နောက်မှ ရေးပါဦးမည်)။ ထိုကျေးလက်ကျန်းမာရေးဌာနခွဲများ ၄/၅ ခုပေါင်း၍ ကျေးလက်ကျန်းမာရေးဌာနများ( Rural Health Center=RHC) များတွင် ကျန်းမာရေးမှူး၊ ကျန်းမာရေးဆရာမ၊ ကျန်းမာရေးကြီးကြပ် ၁/၂ စသည်ဖြင့် ဖွဲ့စည်းထားသည်။ မြို့နယ်တစ်ခုတွင် ကျေးလက်ကျန်းမာရေးဌာန ၄/၅ ခုမှ ၁၀ ခုကျော်အထိလည်းရှိသည်။ မြို့နယ်တွင် မြို့မ မိခင်နှင့်ကလေးဌာနနှင့် ဒေသန္တရကျန်းမာရေးဌာန၊ မြို့နယ် ဆေးရုံ စသည်ဖြင့်ရှိသည်။
…
…
“ လက်တွေ့ကြုံခဲ့ရသော လိမ်ညာမှုများ”
ကျွန်မတို့ ဆရာဝန်ဖြစ်ခါစမှာ ပြည်သူ့ကျန်းမာရေးနှင့်မရင်းနှီးခဲ့။ ဆေးကျောင်းနောက်ဆုံးနှစ် အပိုင်း (က) တွင် ကွင်းဆင်းလေ့လာဖူးတာပဲ ရှိသည်။ ဆေးရုံဆရာမတွေနှင့် ပြည်သူ့ကျန်းမာကဆရာမများ လုပ်ငန်းများမတူတာလောက်ပဲ သိခဲ့သည်။
မိခင်နှင့်ကလေးဆရာဝန်စဖြစ်တော့ ကာကွယ်ဆေးတွေ ဘယ်လိုထိုးမှန်းမသိတော့ ဆရာမများလုပ်တာကို ခိုးသင်ရသည်။ ကိုယ်ကကြီးကြပ်ရမှာဖြစ်နေတော့ မသိလို့ကမဖြစ်။ သင်တန်းတွေ တောင်းပြီးတတ်ရသည်။ စာတွေလိုက်ဖတ်ရုံနှင့် မရ။ ကိုယ့်ဒေသ ကိုယ့် တိုင်းပြည်အနေနဲ့ လုပ်နေရတာတွေ အတော်လေ့လာရသည်။ အဲဒါကတော့ တစ်လလောက်နှင့်ရသည်။ မရတာကတော့ အဲဒီဒေတာတွေပါပဲ။
အဲဒီခေတ်က နိုင်ငံကြီးထဲပါချင်တဲ့ရောဂါရနေတဲ့အချိန်ဖြစ်တော့ မြန်မာနိုင်ငံ၏ လူဦးရေသည် သန်း ၆၀ ဖြစ်သည်။ မရှိသောလူဦးရေများကို တိုးထားခြင်းကြောင့် ကျွန်မတို့၏ ကာကွယ်ဆေးထိုးရမည့် ရည်မှန်းကလေးဦးရေ (Target of under one children) ကများနေသည်။ ဆေးထိုးရမည့်ကလေးက မရှိသည့်အထဲ ကာကွယ်ဆေးထိုးအောင်မြင်မှုနှုန်းက ၉၀ ရာနှုန်းကျော်ရမည်။ မကျော်လို့မဖြစ် ကိုယ့်တစ်မြို့နယ်မကျော်လျှင် ကိုယ့်တိုင်းရည်မှန်းချက် မပြည့်တော့ပေ။ တိုင်းပြည်ရည်မှန်းချက် မပြည့်လျှင် ရှက်ဖို့ကောင်းသည်။ မပြည့်ပြည့်အောင် ထည့်ပေးရမည်… တိုင်းဦးစီးမှူးအမိန့်၊ မြို့နယ်ဆရာဝန်အမိန့်။
မရှိသည့်ကလေး ဘယ်လိုမွေး ဘယ်လိုထည့်ကြမလဲ။ မြို့နယ်ကတာဝန်ခံ စာရင်းအချက်အလက်များထည့်ပေးသည့်ဆရာများက သိပ်တော်သည်။ တို့မြို့နယ် မျှော်မှန်းထားသည်က လတိုင်း ရည်မှန်းချက်အမြဲ ပြည့်မီရမည်။ နှစ်ကုန်လျှင် စွမ်းဆောင်ရည်အကောင်းဆုံးမြို့နယ်ဆု ရရမည်။ အဲဒီဆရာ ဘယ်လိုလုပ်လဲ လေ့လာရသည်။ စာရင်းတွေကို မိခင်/ကလေးဆရာဝန်၊ မြို့နယ်ဆရာဝန် စစ်စရာမလို။ လက်မှတ်လေးထိုးပေးရုံပဲ။ စာရင်းလှလှလေး ထွက်သွားမည်။ ဟယ်…အဲလိုတော်အောင် ဘယ်လိုများလုပ်သလဲ အတော်အံ့ဩသွားရသည်။
တစ်မြို့နယ်လုံးကဒေတာ သူပဲဖြည့်ပေးသည်။ အပေါ်ကလိုချင်သည့် ကိန်းဂဏန်းသာပြော သူကိုက်အောင်ထည့်ပေးသည်။ လူဦးရေ မပြည့်ပြည့်အောင် ထည့်ပေးသည်။ ဆရာမလေးတွေ၏ စာအုပ်ထဲမှာလည်း တိုက်စစ်လျှင်ရအောင် မရှိသော အဖေအမေနာမည်များနှင့် ကလေးများ နှစ်စဉ်မွေးပေးခဲ့ကြသည်။ ကာကွယ်ဆေးထိုးပြီးသော ကလေးပေါင်းကလည်း အမြဲတမ်း ရာနှုန်းပြည့်ဖြစ်နေရမည်။
ပထမအကြိမ် ကာကွယ်ဆေးထိုးထားသော ကလေးများ/ ကိုယ်ဝန်ဆောင်များသည်လည်း နောက်ဆုံးကာကွယ်ဆေးထိ အကုန်ထိုးရမည်။ ဆေးထိုးပျက်ကွက်မှုများ (Drop out) မဖြစ်စေရ။ ဆေးတွေကလဲ ရည်မှန်းကလေးတင်သည့်အတိုင်း ထုတ်ပေးသည်။ ဆရာမများလက်ထဲ ထည့်ပေးသည်။ ကုန်သွားလျှင်ပြီးတာပါပဲ။ ကလေးတွေစာရင်းကို Random ကောက်ပြီးလာစစ်ရင်တော့ တွေ့မှာပေါ့ဆရာရဲ့။ ကျွန်တော်တို့ကို အဲဒီလိုလာစစ်တာ တစ်ယောက်မှမရှိဘူး။ ရှိလည်း အမေတွေ ကလေးတွေ အခြားနေရာပြောင်းသွားကြပြီ ပြောလိုက်ရုံပါ။
ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်ပေးသည့်အကြိမ်ပေါင်း၊ မီးဖွားပေးသူပေါင်း၊ မီးတွင်းစောင့်ရှောက်ပေးသူပေါင်း၊ လိုအပ်သောဆေးဝါးများ တိုက်ကျွေးသူပေါင်း အားလုံးပြည့်မီအောင် ဆောင်ရွက်နိုင်ပါသည်ပေါ့။
ဒေါက်တာမို့ အဲဒါတွေသိချင်လို့ လာမေးနေတာ။ အရင်ဆရာဝန်ဆို လစာထုတ်တဲ့ရက်ပဲ တွေ့ရတာ။ ဒါတွေစိတ်မဝင်စားပါတဲ့။ ဟင်…..
(ဒေတာအကြောင်းပဲ ပြောချင်လို့ အခြားအကြောင်းများ ချန်ထားဦးမည်)
မြို့နယ်ဆရာဝန်ကိုယ်စား တိုင်းမှာအစည်းအဝေးသွားတက်တော့ လချုပ်နှစ်ချုပ်တွေ ဆွေးနွေးတင်ပြကြတော့ မြို့နယ်အားလုံးက ကိုယ့်တွေလိုပဲ အားလုံးကောင်းနေသည်။ ကိုယ့်ဒေတာသာ ကိုယ်မယုံတာ အားလုံးကယုံနေကြ၍ အံ့ဩမိသည်။ အေးဟ…ဟုတ်နေကြတာပဲ။
ဆေးရုံကရတဲ့ ဒေတာတွေကရော သေချာလား။ တာဝန်ခံဖြည့်ပေးတဲ့သူက မပေးရင် အချက်အလက်အစုံ မရနိုင်ကြောင်းတွေ့ရသည်။
ထပ်ဂွကျတာက အမေတွေ ကလေးတွေ သေဆုံးမှုနှုန်း ဒေတာတွေ ဖြည့်သည့်အခါတွင် ထပ်တွေ့ရပြန်ပါသည်။
ကျွန်မတာဝန်ကျဖူးတဲ့နေရာတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေ များသည်။ အလုပ်ကောင်းတဲ့နေရာမှာ မိသားစုလိုက်နေကြသည်။ အဲဒီလိုလာနေသူတွေများရင် ကိုယ့်ဆရာဆရာမတွေ သိပ်ပျော်သည်။ သူတို့ ရည်မှန်းထားသော မိခင်ဦးရေ၊ ကာကွယ်ဆေးထိုးမည့် ကလေးဦးရေ ပြည့်မီမည်။ ဆေးထိုးပျက်ကွက်သည့်ဦးရေသည်အရေးမကြီး၊ ကြုံရာလူ ထိုးပေးလိုက်သည်။
သို့သော် ထိုလူစုထဲမှ အမေတစ်ယောက်၊ ကလေးတစ်ယောက်သေသည်ဟု သတင်းကြားသည်ဆိုပါက ကိုယ်ရဲ့ လူဦးရေစာရင်းထဲ မပါနေသဖြင့် မထည့်လို။ သူလာရာနေရာကို ပြန်လည်ညွှန်းပို့လိုကြသည်။ သို့နှင့် ထိုသေဆုံးသွားသော ကလေး/အမေနာမည် ဘယ်စာရင်းထဲမှာမှ ပါမလာတော့။ ပိုဆိုးသည်က ကိုယ်ဝန်ဖျက်ချ၍ သေသည့်လူနာဆိုလျှင် ကိုယ်ဝန်ဆောင်စာရင်းမှာရော၊ မိခင်သေဆုံးမှုစာရင်းမှာရော ဘယ်မှာမှမပါ။ ထိုစာရင်းဖျောက်ဖျက်မှုများကို ရဲရဲဝံ့ဝံ့ဆောင်ရွက်ခဲ့ကြသည်။
ကိုယ့်ကိုကိုယ်လည်း အံ့ဩလာမိသည်။ ပြည်သူ့ကျန်းမာရေးဆရာဝန်အနေနဲ့ နေတာကြာလာတော့ မထူးဆန်းတော့။ ဒီကိန်းဂဏန်းတွေနဲ့ နေသားကျလာသည်။ သို့သော် ကိုယ့်လိပ်ပြာကိုယ်မလုံတာ သိနေသည်။
စာရင်းအမှန်တင်ပြချင်သူများရှိသလို စာရင်းတွေဖုံးချင်သူတွေလည်း ရှိကြသည်။ ပညာတတ်သူတိုင်း၊ ပြည်သူ့ကျန်းမာရေးကို တိုးတက်ချင်သူတိုင်း စာရင်းဇယားများက အရေးကြီးကြောင်းသိမြင်ကြ၏။ ပြည်သူ့အစိုးရလက်ထက်တွင် အစဉ်အလာတစ်ခုလိုဖြစ်နေသော စာရင်းလိမ်ညာမှုများကို မည်သို့ဖြေရှင်းရမည်ကို နည်းလမ်းရှာဖွေဆဲ ဖြစ်သည်။ ဘယ်လိုလွတ်မြောက်အောင် လုပ်ရမလဲ အဖြေရှာမရသေးခင် တစ်စုံတစ်ယောက်က လုပ်ပေးလိုက်၍ ကျွန်မ အဲဒီဘဝက လွတ်မြောက်လာခဲ့သည် ထင်သည်။
ကမ္ဘာကြီးက သတင်းတွေ အားလုံးသိနိုင်လာကြတဲ့ ခေတ်ကြီးမှာ ဒေတာထိန်ချန်မှုများက အလုပ်မဖြစ်တော့ကြောင်း အားလုံးသိမြင်လာသော်လည်း ကျွန်မတို့တိုင်းပြည်ကြီးမှာ ဒါမျိုးလေးတွေ ရှိခဲ့ဖူးသည်။
အဲဒီစာရင်းတွေ ဘာတွေဆက်ဖြစ်နေပြီလဲ။ ဖြစ်နိုင်တာက ပြန်လည်တည့်မတ်စပြုလာပြီဖြစ်သော ပြည်သူ့ကျန်းမာရေးသတင်းအချက်အလက်များ နဂိုပုံမှန်အတိုင်း စာရင်းများလှပအောင် ညီညီညာညာ ဝိုင်းညာကြမည်ဆိုနေတာ သေချာနေပါသည်လေ…။
Dr Su
ပြည်သူ့ကျန်းမာရေးဆရာဝန်တစ်ဦး