“ Suicide is not an Escape …”

ကျွန်မ ဒီရက်အနည်းငယ်အတွင်းမှာတင် ကိုယ်နဲ့ သိကျွမ်းသူလူငယ်နှစ်ဦး အဆုံးစီရင်သွားတယ်ဆိုတဲ့ သတင်းတွေကို ရှေ့ဆင့်နောက်ဆင့်ကြားသိရတယ်။

အရင်းစစ်ရင်တော့ အမြစ်မြေက အာဏာရူးတစ်သိုက်ကြောင့်ဖြစ်မှာ မလွဲမသွေပါ။

ခံပြင်းရတာတွေ၊ ဝမ်းနည်းရတာတွေကိုတော့ စာရှည်မှာစိုးလို့ ထည့်မရေးတော့ပါဘူး။

အဲဒီမှာ ကျွန်မ ဘာကိုသွားပြီး သတိထားမိသလဲဆိုတော့ အပြင်မှာရော social media မှာပါ ဝမ်းနည်းကြောင်းပြောကြသူတွေမှာ တူညီတာတစ်ခုက “ မထင်ရဘူး” “ မထင်ထားဘူး” ဆိုတဲ့စကားလုံးကို မှတ်ချက်ပေးကြတာပါပဲ။

  • ကာယကံရှင်ဟာ သာမန်လူငယ်တစ်ယောက်ပဲ ဖြစ်မယ်။
  • ပုံမှန်လိုပဲ လှုပ်ရှားသွားလာနေမယ်။
  • စကားတွေပြောနေမယ်။
  • ပြုံးနေ ပျော်နေသလို ထင်ရမယ်။
  • ထွေထွေထူးထူးပူပန်စရာမရှ်ိနေသလို
  • ဒီလိုနည်းနဲ့ နှုတ်ဆက်ထွက်ခွာသွားမယ်လို့ မထင်ရက်စရာ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။

ဆိုလိုတာက အပြင်ပန်းမှာ မသိသာပေမယ့် စိတ်ကျရောဂါဆိုတာ အဲဒီလို ပုံမှန်ပဲလို့ထင်ရတဲ့သူတွေဆီမှာလည်း ခံစားနေရတတ်တယ်ဆိုတာပါပဲ။

အချိန်မီ သတိမထားမိဘူး မကုသမိဘူးဆိုရင် နောက်ဆုံးမှာ လွတ်မြောက်ရာလမ်း သို့မဟုတ် ထွက်ပေါက်တစ်ခုလို့ယူဆမိပြီး ဒီနည်းလမ်းကို ရွေးမိသွားတတ်ကြပါတယ်။

ဒါကို ဒီလူဟာ စိတ်ဓာတ်ပျော့ညံ့လို့ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အပြစ်မတင်မိကြဖို့လည်း လိုပါတယ် ။

Suicide ကိုဖြစ်စေတဲ့ အကြောင်းများစွာ ရှိပါတယ်။

အဲဒီထဲကမှ Suicidal risk ရှိတဲ့ ပြင်းထန်စိတ်ကျရောဂါ (Severe Depression) ဟာ အလွန်ကိုမှ သိမ်မွေ့စွာနဲ့ အန္တရာယ်များပါတယ်။

ဒီအဆင့်ထိမရောက်ဖို့အတွက် အဆုံးစီရင်ခြင်းကို ကာကွယ်နိုင်သလားလို့မေးရင် “ ဟုတ်ကဲ့ ကာကွယ်တားဆီးလို့ ရနိုင်ပါတယ်” လို့ပဲ ကျွန်မဖြေရပါလိမ့်မယ်။

အပေါ်မှာပြောခဲ့သလို အပြင်ပန်းကြည့်ရင် မထင်ရပေမယ့် သူတို့ရဲ့အပြုအမူ၊ အပြောအဆို၊ စကားလုံးတွေကို သေချာသတိထားကြည့်မိမယ်ဆိုရင် ရှေ့ပြေးလက္ခဏာလေးတွေ ရှိနေတတ်ပါတယ်။ ဒါကို ကျွန်မတို့ အနေနဲ့ သတိလေးထားပြီး ဂရုပြုမိဖို့လိုပါတယ်။
.

◾️စကားလုံးတွေ

ဥပမာ။ ငါမရှိတော့ရင်ကောင်းမှာပဲ၊ လောကကြီးကနေ ပျောက်ကွယ်သွားချင်လိုက်တာ၊ ငါမရှိရင် နင်ဘယ်လိုနေမလဲ စသဖြင့် အတည်ပြောတာဖြစ်စေ ပြောင်သလိုနောက်သလိုနဲ့ဖြစ်စေ ခဏခဏပြောလာမယ်။

ပြောနေကျမဟုတ်တဲ့ စကားတွေပြောမယ်။ (နှုတ်ဆက်စကားကဲ့သို့ ချစ်ကြောင်းပြောတာ စသဖြင့်)
.

◾️အပြုအမူတွေ

ရုတ်တရက်အနေအေးသွားတာ၊ စကားနည်းလာတာ၊ တချို့မှာ အရက်သေစာ မူးယစ်ဆေးသုံးစွဲတတ်လာတာ၊ မိမိကိုယ်ကိုယ် ဂရုမစိုက်တော့တာ၊ ကိုယ်ပိုင်ပစ္စည်းတွေကို အခြားသူတွေကို ပေးပစ်တာမျိုးတွေ။

◾️ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ

နွမ်းလျနေပုံပေါ်တာ၊ အိပ်မပျော်တာ သို့ အအိပ်လွန်တာ၊ အစားအသောက်နည်းလာတာ သို့မဟုတ် အလွန်အမင်းစားတာ၊ အာရုံစိုက်မှုနည်းလာတာ၊ စိတ်အတက်အကျမြန်လာတာ။

ဒါတွေဟာ သိသိသာသာသော်လည်းကောင်း၊ မသိမသာသော်လည်းကောင်း ပြတတ်တဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ အတူနေမိသားစုတွေတောင်မှ သတိမထားမိတာမျိုးလည်း ရှိတတ်တာပေါ့။

ဒါတွေအပြင် တွေ့ရများတဲ့အခြေအနေကတော့ မိဘဆွေမျိုးတွေရဲ့ အဝေးမှာနေရသူတွေ၊ အထီးကျန်သူတွေ၊ ဘဝက အဓိပ္ပါယ်မရှိတော့ဘူးလို့ ခံစားနေရသူတွေ၊ မိမိကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားနေရသူတွေ၊ လတ်တလော စိတ်ဖိစီးစရာအခက်အခဲများ ကြုံနေရသူတွေ၊ စိတ်ဒဏ်ရာရှိနေသူတွေ၊ စိတ်ခံစားချက်ကို ကိုင်တွယ်ထိန်းကျောင်းရမယ့်နည်းလမ်းကို မသိသူတွေမှာ ဖြစ်လေ့ရှိတတ်ပါတယ်။

ဒါဆိုရင် ကျွန်မတို့ ဘာလုပ်ကြမလဲ။

🔹ဂရုစိုက်ပါ

ကျွန်မတို့ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို ဂရုစိုက်ပါ။ အပေါ်မှာပြောထားတဲ့ လက္ခဏာလေးတွေကို သတိထားကြည့်ပါ။
.

🔹စိတ်ဝင်တစား ‌နားထောင်ပေးပါ

တစ်ယောက်ယောက်က ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်လာပြီဆိုရင် စိတ်ဝင်တစား ဂရုတစိုက်နားထောင်ပေးပါ။
.

🔹မဝေဖန်ပါနဲ့

ဒီလောက်လေးနဲ့ ခုလိုဖြစ်နေရသလားလို့ တစ်ဖက်လူကို မပြောမိပါစေနဲ့။
.

🔹အပြစ်မတင်ပါနဲ့

မင်းတစ်ယောက်တည်းဖြစ်နေတာ၊ ခံစားနေရတာ မဟုတ်ဘူးဆိုတာမျိုးလည်း မပြောမိပါစေနဲ့။
.

🔹အသိပေးဆက်သွယ်ပါ

တစ်ခုခုဖြစ်နေပြီလို့ သံသယရှိရင် မိသားစုနဲ့မိတ်ဆွေများကို အသိပေးပြီး စောင့်ကြည့်စေပါ။
.

🔹အတတ်နိုင်ဆုံး တစ်ယောက်တည်း မထားပါနဲ့

စိတ်ကျန်းမာရေးပညာရှင်များ၊ ဆရာဝန်များနဲ့ တိုင်ပင်ပါ။ ဆွေးနွေးကုသမှု ခံယူစေပါ။
.

❗️အရေးပေါ်အခြေအနေ

လိုအပ်ပါက အရေးပေါ်အကူအညီရယူနိုင်ရန် ကြိုတင်ပြင်ဆင်ထားပါ။ (ဆေးရုံ/ အဖွဲ့အစည်းဖုန်းနံပါတ်စသည်)

မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းဟာ တစ်ကိုယ်စာ နာကျင်မှုတွေကို အဆုံးသတ်ပေးသယောင် ထင်ရပေမယ့် ကျန်ရစ်သူတွေအတွက်တော့ သေရာပါစိတ်ဒဏ်ရာတွေကို ရစေတတ်ပါတယ်။

ဟုတ်ပါတယ်။

ကျွန်မတို့ရင်ဆိုင်နေရတဲ့ ပြဿာနာတွေဟာ ယာယီမျှသာဖြစ်ပြီး ဖြေရှင်းလို့ရနိုင်တဲ့ အရာတွေသာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်က မူမမှန်တော့ဘူးလို့ ခံစားမိတဲ့အခါ အကူအညီပေးနိုင်သူတွေ၊ အကူအညီတောင်းခံနိုင်တဲ့နေရာတွေကို ဆက်သွယ်ပါ။ (လိုအပ်တဲ့ အကူအညီကိုရှာဖွေခြင်းဟာ ပျော့ညံ့ခြင်းမဟုတ်ပါ)

ထပ်ပြောရရင်

မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းဟာ ကာကွယ်နိုင်သောပြဿနာတစ်ခု ဖြစ်ပါတယ်။

သူ့ရဲ့ရှေ့ပြေးလက္ခဏာတွေကို သတိပြုမိပြီး ကျွန်မတို့အနေနဲ့ ဒါတွေကို နားလည်သိရှိထားခြင်းအားဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ချစ်ရခင်ရသူ သူငယ်ချင်းမိတ်‌ဆွေတွေကိုပါ စောစီးစွာ အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်ရှင်….။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
(စိတ်ပညာလေ့လာလိုက်စားသူ ဆရာဝန်တစ်ဦး)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here