ကဲ… ဒီတစ်ခါတော့ ကိုယ်ခန္ဓာပေါ်က အကြောပြတ်ရာတွေအကြောင်း ရှင်းပြချင်ပါတယ်ဗျာ။
ဒီစာလေးဖတ်ပြီးသွားတဲ့နောက် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ အကြောပြတ်ရာတွေတွေ့တိုင်း မဟုတ်တမ်းတွေ လျှောက်မပြောကြဖို့တော့ မျှော်လင့်မိပါတယ်။
…
…
အရေပြားပေါ်မှာတွေ့ရတဲ့ အကြောပြတ်ရာတွေဆိုတာတွေက အမာရွတ်ပုံစံတစ်မျိုးပဲတဲ့ဗျ။ အရေပြားဆိုတဲ့အရာကလည်း ဆန့်လိုက်ကျုံ့လိုက်နဲ့ဆိုတော့ ကြာတော့လည်း အရာထင်လာတဲ့သဘောပေါ့လေ။
များသောအားဖြင့်တော့ အကြောပြတ်ရာတွေကို အရေပြားပေါ်မှာ အမာရွတ်ပုံစံနဲ့ အမြောင်းလိုက်လေးတွေ တွေ့ရတတ်တာပေါ့။ အရောင်အားဖြင့်တော့ အစုံတွေ့ရတတ်ပြီး တစ်ခါတလေကျ နေလောင်ရာလို ညိုညိုလေးတွေ ဖြစ်နေတတ်ပါတယ်။
ဘယ်နေရာတွေမှာ အကြောပြတ်ရာတွေရှိတတ်လည်း ဆိုတော့ ဝမ်းဗိုက်၊ ပေါင်၊ တင်ပါးဆုံ၊ ရင်သား၊ လက်မောင်းနဲ့ နောက်ကျောဘက်ခြမ်း ပြီးတော့ တင်သား စတဲ့နေရာတွေမှာ အဖြစ်များတတ်သတဲ့ဗျာ။
…
…
လူမှန်ရင် အချစ်ကမ္ဘာကို ရှာစမြဲပေါ့လေ….
အဲ ရောကုန်ပြီ
လူမှန်ရင် အကြောပြတ်ရာရှိစမြဲလို့ ပြောချင်တာပါ။
ဒါပေမယ့် ဘယ်သူတွေမှာ ပိုဖြစ်တတ်သလဲဆိုတော့ မီးဖွားမယ့်မေမေတွေဆို မြေကြီးလက်ခတ်မလွဲ ဖြစ်နိုင်ပါသတဲ့။ ဒါ့အပြင် တချို့လူတွေမှာ ကိုယ်အလေးချိန် ရုတ်တရက်ကျသွားတက်သွားရင်လည်း ဖြစ်တတ်ပါသတဲ့။ အလေးမပြီး ကြွက်သားတွေ အရမ်းကြီးလာရင်လည်း ဖြစ်သတဲ့။
ကြီးကောင်စဝင်ချိန် လူငယ်တွေမှာလည်း တွေ့နိုင်သတဲ့။ မိသားစုထဲ အကြောပြတ်ရာရှိတဲ့သူပါရင်လည်း မျိုးရိုးလိုက်သတဲ့။ အချို့သော ဟော်မုန်းရောဂါတွေဖြစ်ရင်လည်း တွေ့ရသတဲ့ (ဥပမာ Cushing’s syndrome)။ Prednisone လို steroid ဆေးတွေ ရေရှည်စွဲသောက်နေရရင်လည်း ဖြစ်တတ်ပါသတဲ့။
ဆိုတော့ လူတိုင်းဖြစ်နိုင်တာပေါ့လေ။ ၅၀ ကနေ ၉၀ ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်မေမေတွေမှာဆို ပိုတောင်တွေ့ရပါသေးတယ်။
…
…
အကြောပြတ်ရာတွေဟာ လူကို နာကျင်မှုနဲ့ဘေးဥပါဒ်တော့ မဖြစ်စေပေမယ့် စိတ်ထဲမှာတော့ ဘဝင်မကျဖြစ်စေနိုင်ပါတယ်။ အကြောပြတ်ရာရှိလို့ သူများတွေ ကိုယ့်အပေါ်မှာ ဘယ်လိုမြင်မလဲဆိုတဲ့ အတွေးတွေဝင်လာတာကြောင့် ကိုယ့်ရဲ့စိတ်ကျန်းမာရေးနဲ့ အမူအကျင့်တွေကို သက်ရောက်မှုရှိလာစေနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ စိတ်ဖိစီးမှုတွေ စိတ်စိုးရိမ်ကြောင့်ကြမှုတွေနဲ့ စိတ်ဓာတ်ကျတာတွေတော့ ကြုံကောင်းကြုံရနိုင်ပါတယ်။
…
…
ဆိုတော့ အကြောပြတ်ရာပုံစံတွေအကြောင်း ပြန်ဆက်ရရင် သူတို့ကို ဘယ်လိုတွေ့ရမလဲဆိုတော့ နေလောင်ဒဏ်ရာတွေလို အကြောင်းလိုက်တွေ့ရတတ်တယ်။ အရောင်မျိုးစုံနဲ့ ဖြစ်နိုင်တယ်။ အကြောပြတ်ရာဖြစ်နေတဲ့ အရေပြားဟာ ပြောင်ချောချောနဲ့ ဖြစ်နေတတ်တယ်။ အကြောပြတ်ရာရှိတဲ့ နေရာမှာ ယားယံတာလိုလို နေရခက်တာလိုလို ဖြစ်တတ်ပါတယ်။
ဒီဟာတွေ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ကျွန်တော်တို့ရဲ့အရေပြားကို အလျင်အမြန် ကြုံ့ချည်ဆန့်ချည် လှုပ်ရှားမှုတွေလုပ်ရတဲ့အခါ အရေပြားမှာပါဝင်ဖွဲ့စည်းထားတဲ့ အီလက်စတင် (elastin) နဲ့ ကော်လဂျင် (collagen) တွေ ပျက်စီးတတ်ပါတယ်။ အပေါ်က ဓာတ် ၂ ခုရဲ့တာဝန်က အရေပြားရဲ့ဖွဲ့စည်းမှု၊ ခိုင်မာမှုနဲ့ ပျော့ပျောင်းမှုတို့ကို အဓိကလုပ်ရပါတယ်။ လှုပ်ရှားမှုတွေလုပ်ရတဲ့အခါ အဆိုပါဓာတ်တွေ ပျက်စီးလို့ အကြောပြတ်ရာတွေဖြစ်လာတာပါ။ ဒါကြောင့် အကြောပြတ်ရာတွေက လူလူချင်း အရေပြားချင်းထိစပ်ပြီးတော့ ကူးစက်မှုတော့ မဖြစ်နိုင်ပါဘူး။
…
…
အကြောပြတ်ရာဖြစ်ခြင်းကို ရှာဖွေတွေ့ရှိဖို့က ဆရာဝန်တွေမလိုပါဘူး။ ကိုယ်တိုင်မျက်မြင်တွေ့နိုင်သလို တကယ်လို့ အကြောပြတ်ရာဖြစ်လို့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြသတဲ့အခါ ဆရာဝန်တွေက လိုအပ်တဲ့ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ခန္ဓာကိုယ်စစ်ဆေးစမ်းသပ်မှုပြုခြင်းများ လုပ်ပါလိမ့်မယ်။ အကယ်၍ အကြောပြတ်ရာတွေဟာ Cushing’s syndrome ရဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်နေတယ်လို့ ယူဆရင်တော့ အခြားသော စစ်ဆေးခြင်းများ ဆောင်ရွက်ပါလိမ့်မယ်။
နောက်ပြီးတော့ အကြောပြတ်ရာတွေကို ပျောက်ကင်းအောင်ကုသဖို့က မလွယ်ပါဘူး။ နည်းနည်းလျော့ပါးသွားအောင်တော့ လုပ်လို့ရတဲ့နည်းတွေ ရှိတယ်ဆိုပေမယ့် လုံးလုံးပျောက်သွားတာတော့ မဖြစ်နိုင်ပါဘူး။ ပြီးတော့ ဒီလိုနည်းလမ်းတွေဟာ အကြောပြတ်ရာစပေါ်ပေါ်ချင်းလုပ်ရင် အကောင်းဆုံးဖြစ်ပြီး ပေါ်တာကြာပြီဖြစ်တဲ့ အကြောပြတ်ရာတွေကိုတော့ ပြန်ကောင်းအောင်လုပ်ဖို့ ခက်ပါတယ်။
ကုသမှုတွေထဲက တစ်ခုကတော့ လေဆာနဲ့ အရေပြားကို ခွဲစိတ်ကုသတာပါ။ အကြောပြတ်ရာရှိတဲ့နေရာကို လေဆာနဲ့ ခွဲစိတ်ဖယ်ရှားပေးတာပါ။ လေဆာနဲ့ တိကျစွာဖယ်ရှားပေးပြီး ကော်လဂျင်အသစ်များထွက်ပေါ်လာအောင် လှုံ့ဆော်ခြင်းအားဖြင့် ချောမွေ့တဲ့ အရေပြားအလွှာအသစ်ကို ဖြစ်ပေါ်စေပါတယ်။ ကုသမှုအပြီးမှာတော့ သိသာတဲ့ကွာခြားမှုကို တွေ့နိုင်ပါတယ်။ တစ်နှစ်ကနေ နှစ်တော်တော်ကြာတဲ့အထိ ပြန်လည်ကောင်းမွန်ဖို့တော့ စောင့်ကြည့်ရနိုင်ပါတယ်။
ဒါ့အပြင် ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ အရေပြားပေါ်မှာ အညိုစွဲခြင်း၊ အဖုအပိမ့်ဖြစ်ခြင်း၊ အရေပြားအရောင်ပျက်စီးခြင်းတို့ ဖြစ်နိုင်ပါတယ်။
အရေပြားဖြတ်ထုတ်ပြီး ခွဲစိတ်တဲ့နည်းလည်း ရှိပါတယ်။ အကြောပြတ်ရာရှိတဲ့နေရာကို အထူးပြုလုပ်ထားတဲ့ ကိရိယာအသုံးပြုပြီး ဖယ်ရှားတာပါ။ အနည်းဆုံး နှစ်ပတ်လောက်စောင့်ရပြီး ပကတိအတိုင်း အရေပြားပြန်ကောင်းဖို့ဆို လနဲ့ချီကြာတတ်ပါတယ်။ ဒီနည်းလမ်းမှာတော့ အရေပြားပေါ်မှာ အဆီဖုများဖြစ်ခြင်း၊ အညိုကွက်အဖြူကွက်များပေါ်ခြင်း၊ အကျိတ်ထွက်ခြင်းနဲ့ ချွေးထွက်ပေါက်ကျယ်ခြင်းများ စတဲ့ ကုသမှုရဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
.
နောက်တစ်နည်းကတော့ အထူးပြုလုပ်ထားတဲ့ အပ်စိုက်ပြီးကုသတာပဲ ဖြစ်ပါတယ်။ အရေပြားပေါ်မှာ အပ်စိုက်ပြီး collagen နဲ့ elastin အသစ်တွေထွက်ပေါ်လာအောင် လှုံ့ဆော်ပေးခြင်းအားဖြင့် ပိုမိုထူထပ်တဲ့ အရေပြားကို ဖြစ်စေပါတယ်။ ဒီနည်းမှာတော့ ကုသမှုအောင်မြင်ဖို့ဆို ၃ ကြိမ်ကနေ ၆ ကြိမ်အထိ အပ်စိုက်ကုသဖို့လိုပါတယ်။ အချို့လူတွေမှာတော့ ၄ လကနေ ၆ လအတွင်း ကုသမှုပြီးစီးကြပေမယ့် ပိုလည်းကြာနိုင်ပါတယ်။ ဒီကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အရေပြားယားယံခြင်း၊ အရောင်ပြောင်းခြင်း၊ အကျိတ်ထွက်ခြင်းနဲ့ အရေပြားကွဲအက်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။
.
Retinol ဟာ အရေပြားအိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတဲ့ လိမ်းဆေးများမှာတွေ့ရပြီး ဆေးဆိုင်တွေမှာလည်း အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ သူ့ရဲ့အာနိသင်တွေကတော့ အရေပြားပေါ်ရှိ အရေးအကြောင်းများ၊ အရေပြားကြမ်းတမ်းခြင်းများနဲ့ ခြောက်သွေ့ခြင်းများကို ကာကွယ်ကုသတဲ့နေရာမှာ ထိရောက်မှုရှိပါတယ်။ အကြောပြတ်ရာဖြစ်ခြင်းကို သိသိသာသာ ပျောက်ကင်းဖို့ကတော့ retinol cream ကို အနည်းဆုံး ၆ လအထိလိမ်းဖို့တော့ လိုအပ်ပါတယ်။
.
သုတေသီတွေ အကြံပြုထားတဲ့အထဲမှာ တချို့သော အိမ်တွင်းဖြစ်ဆေးမြီးတိုတွေကလည်း အကြောပြတ်ရာဖြစ်ခြင်းကို ကာကွယ်ကုသနိုင်ပါတယ်တဲ့။ ရှားစောင်းလက်ပက်အဆီ၊ ဟိုင်ရာလိုရောနစ်အက်ဆစ် (Hyaluronic acid) ပါသော အသီးအနှံများနဲ့ မြင်းခွာရွက်တို့ဟာ အကြောပြတ်ရာကို ကာကွယ်ကုသတဲ့နေရာမှာ အသုံးဝင်ကြပါတယ်။ အကြောပြတ်ရာဖြစ်တဲ့နေရာပေါ်မှာ နေ့တိုင်း ညင်ညင်သာသာပွတ်လိမ်းခြင်းအားဖြင့် သိသာတဲ့ရလဒ်ကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် ရက်သတ္တပတ်ပေါင်းများစွာတော့ စောင့်ရပါမယ်။ ကိုယ်ဝန်ဆောင်မေမေတွေကတော့ ဆေးမြီးတိုတွေမသုံးခင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါ။
.
တော်တော်များများသိထားကြတဲ့ ကိုကိုးသီးနဲ့ ထောပတ်ရောစပ်လိမ်းခြင်း၊ အုန်းဆီလိမ်းခြင်း၊ သံလွင်ဆီနဲ့ ဗာသံဆီလိမ်းခြင်းအားဖြင့် အကြောပြတ်ရာပျောက်ကင်းတယ်ဆိုတာ သုတေသနစမ်းသပ်ချက်တွေအရတော့ သိသာတဲ့ထိရောက်မှုမရှိဘူးလို့ပဲ တွေ့ရှိရပါတယ်။
.
ဒါပေမယ့် အကြောပြတ်ရာတွေဟာ သူ့အလိုလိုနဲ့ လျော့သွားပြီး အရေပြားပေါ်ကနေ ပျောက်သွားတတ်ပါတယ်။ ဒါကြောင့်လည်း အကြောပြတ်ရာဖြစ်တဲ့အခါ ကုသမှုအထူးတလည် လုပ်နေစရာမလိုပါဘူး။ ယေဘူယျအားဖြင့် အကြောပြတ်ရာတွေဟာ ၆ လကနေ ၁ နှစ်အတွင်းမှာ သူ့အလိုလို မှေးမှိန်ပျောက်သွားတတ်ပါတယ်။
…
…
အကြောပြတ်ရာမဖြစ်အောင်တော့ ကာကွယ်လို့ မရပါဘူး။ ဒါပေမယ့် ဖြစ်တာကို လျော့ပါးစေနိုင်မယ့် နည်းတွေတော့ ရှိပါတယ်။ ရေဓာတ်ပြည့်ဝအောင်နေခြင်း၊ အာဟာရမျှတစွာစားသုံးခြင်းနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းအားဖြင့် အကြောပြတ်ရာတွေဖြစ်နှုန်းကို လျှော့ချလို့ရပါတယ်။
ရေဓာတ်ပြည့်ဝနေခြင်းဟာ အရေပြားရဲ့ပျော့ပျောင်းမှုကို အထောက်အကူဖြစ်စေနိုင်တဲ့အတွက် အကြောပြတ်ရာဖြစ်တာကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် ကဖိန်းဓာတ်များတဲ့သူတွေကတော့ အရေပြားအကြောပြတ်ရာဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။
အာဟာရမျှတစွာ စားသုံးခြင်းဖြင့်လည်း ကျန်းမာကောင်းမွန်တဲ့အရေပြားကို ရရှိစေနိုင်ပါတယ်။ Zinc ဓာတ်ကြွယ်ဝတဲ့ ငါးနဲ့ မြေပဲ၊ Vitamin A, C နဲ့ D ဓာတ်ကြွယ်ဝတဲ့ သစ်သီးဝလံနဲ့ နို့တွေ၊ ပရိုတင်းဓာတ်ပြည့်ဝတဲ့ ပဲနဲ့အသားများကို မျှတစွာစားပေးခြင်းအားဖြင့် အရေပြားကို ကျန်းမာကောင်းမွန်စေနိုင်ပါတယ်။
…
…
အဲဒီတော့ အရေပြားပေါ်မှာ အကြောပြတ်ရာတွေ့ပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကုသစရာမလိုပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ အရေပြားအလှအပကို ထိခိုက်စေနိုင်လောက်အောင် ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ပြီးတော့ တချို့သော အရေပြားလိမ်းဆေးတွေကြောင့် ကိုယ့်အရေပြားနဲ့ ဓာတ်မတည့်မှုတွေဖြစ်တဲ့အခါ အရေပြားကို ထိခိုက်ပျက်စီးစေနိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်းကပဲ အထူးသင့်လျော်ပါတယ်။
.
နိဂုံးအားဖြင့် အကြောပြတ်ရာတွေဆိုတာ လူတိုင်းမှာဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ အဖြစ်များတယ်ဆိုပေမယ့် ကိုယ့်ဆီမှာ အကြောပြတ်ရာတွေဖြစ်လာတာကို မနှစ်သက်ဘူးဆိုရင်တော့ ဘယ်လိုကာကွယ်ကုသရမယ်ဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ ဒါမှသာ အကောင်းဆုံးကုသမှုကို ရှာဖွေရွေးချယ်နိုင်မှာဖြစ်ပါတယ်။
ကဲ… ဒါဆိုရင် အကြောပြတ်ရာနဲ့ပတ်သက်ပြီး ဗဟုသုတတွေလည်းရသလို လူတိုင်းမှာ ရှိတတ်ဖြစ်တတ်တာကို သဘောပေါက်သွားရင် စနောက်စရာမဟုတ်ဘူးဆိုတာမှန်း သိသွားကြဖို့ မျှော်လင့်ပါတယ်ဗျာ…။
Reference : 📚
https:// my. clevelandclinic. org / health/diseases/10785-stretch-marks
https:// www. webmd. com / beauty/ss/slideshow-stretch-marks
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.
.