နေ့စေ့လစေ့ ဗိုက်ကြီးသည်လူနာတစ်ယောက်က လုံးဝ ဗိုက်နာခြင်းမရှိဘဲ ကလေးလေးကို သဘာဝမွေးလမ်းကြောင်းကနေ ရိုးရိုးမွေးဖွားမယ်တဲ့။ ဖြစ်နိုင်ပါ့မလား။
ဖြစ်နိုင်ပါတယ်။
ပထမဆုံးပြောပြချင်တာကတော့ နာကျင်မှုကိုခံစားရပုံချင်းက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးဗျ။ Emotion လို့ခေါ်တဲ့ စိတ်ခံစားမှု၊ စိတ်ဓာတ်လုံခြုံမှု ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်လည်း မူတည်သလို Pain threshold မြင့်တယ်နိမ့်တယ်၊ ဒီနာကျင်မှူကိုပဲ တစ်ယောက်က အေးဆေး၊ တစ်ယောက်က ကမ္ဘာပျက်သလို စသည်ဖြင့်က တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။
လက်မကြားအပ်စိုက် တူနဲ့ထုပြီး နောက်မတွန့်သူ၊ ကျွန်တော်တို့ ပညာရပ်စကားနဲ့ ပြောရရင် pain threshhold မြင့်သူတွေကို သူရဲကောင်းအဖြစ် ရွေးချယ်ခဲ့ကြတယ်လို့ ကျွန်တော်တို့ သမိုင်းမှာသင်ခဲ့ရဖူးပါတယ်။
ကျွန်တော့်အတွေ့အကြုံအရပြောရရင် အသားဖြူသူတွေက နာကျင်မှုကို အေးအေးဆေးဆေး ခံစားနိုင်တယ်။ အသားမည်းသူတွေက အနာမခံနိုင်ကြဘူး။ ကျွန်တော်တို့ အသားဝါတွေကတော့ တချို့က အဖြူနဲ့တူ၊ တချို့က အမည်းနဲ့တူ အမျိုးမျိုးပဲဗျ။ Ethnical variation လို့ခေါ်တယ်လို့ ပြောကြတယ်။ ဒီဒဏ်ရာကိုပဲ နာတတ်သူက ပိုနာတယ်။
ခုတော်လှန်ရေးကာလမှာတော့ အချိန်တိုအတွင်း နာကျင်မှု pain threshhold ကို ခံနိုင်ရည်ရှိတာထက် ကြာရှည်ဇွဲကောင်း အနစ်နာခံနိုင်မှု sustainability က ပို အရေးကြီးတယ်လို့ ထင်လာမိပါတယ်။ (ဤကား စကားချပ်🥰🥰)
ဆက်ရရင် ကလေးရိုးရိုးမွေးဖို့ ဗိုက်နာတာကလည်း emotion, pain threshhold and sustainability သုံးခုလုံးနဲ့ သက်ဆိုင်မယ်ထင်မိတယ်ဗျ။ အနည်းဆုံး ၁၂ နာရီလောက် နာရတာလေ။ Emotion and Sustainability ကိုတစ်ခုထဲ ပေါင်းပြောရင်လည်း ရတာပဲ။ ပညာတတ်တွေလို့ သမုတ်ရမှာပေါ့။
ပညာတတ်တွေက ရိုးရိုးမွေးတာကတော့ ဒီလိုနာတတ်တယ်။ ညည်းအမေ ညည်းကိုမွေးတုန်းကလည်း ဒီလိုနာခဲ့တာပဲ။ အဲဒီလိုပြောလိုက်ရင်ကို နာကျင်မှုကို ကြိတ်ခံပြီး မွေးကြတယ်။
နာကျင်တာကို ကြိတ်မှိတ်ခံပြီး မွေးတဲ့သူရှိသလို၊ လုံးဝအနာမခံဘဲ ကြာသပတေးသားလေး လိုချင်လို့ပါဆိုပြီး အပြင်ဆေးရုံမှာ indication for LSCS on request နဲ့ ပိုက်ဆံအကုန်အကျခံပြီး ခွဲမွေးလိုက်ကြသူတွေလည်း ရှိပါတယ်။
တကယ်တမ်း OG တစ်ယောက်အနေနဲ့ ပြောရရင် ပိုက်ဆံရဖို့ ခွဲမွေးပေးရတာထက် အမေ သို့ ကလေး သို့ နှစ်ယောက်စလုံးကိုကယ်ဖို့ ခွဲမွေးပေးလိုက်တယ်ဆိုတဲ့ ခံစားမှုက ပိုမိုက်ပါတယ်ဗျ။ ကိုယ်ပိုင်ကား မစီးရလည်း ကိစ္စမရှိဘူး။ ကိုယ်ပိုင်အိမ်မရှိလည်း ကိစ္စမရှိဘူးဆိုတဲ့ ဆရာဝန်တစ်ယောက်အတွက် ထမင်းမငတ်ဖို့ကတော့ သိပ်မဲတင်းစရာမလိုပါဘူးဗျ။
အဲဒီလို တချို့မွေးလူနာတွေက အရမ်းနာပြကြတယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ တချို့ဆို ကလေးက ဖင်ဝတစ်နေပြီ။ နာရီပိုင်း၊ မိနစ်ပိုင်းအတွင်း ထွက်တော့မှာ။ စမ်းကြည့်ထားပြီ။ သိတယ်လေ။ ကျွန်တော် OG လုပ်စားလာတာ ဆယ်နှစ်ကျော်ပါပြီ။ အဲဒီအချိန်မှာ bearing down sensation နဲ့ ပိုနာတာလည်း နားလည်ပါတယ်။ Sympathy and Empathy ဆိုတဲ့ ကိုယ်ချင်းစာတရား၊ နားလည်မှုတရားတွေနဲ့ မွေးတော့မှာ သမီးရေ၊ မွေးခုတင်ပေါ်တက်တော့နော်၊ ထုံဆေးလေးထိုးပေးမယ်၊ ချိုချိုသာသာပြောပါတယ်။ အများအားဖြင့် အဆင်ပြေပါတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါးတွေလည်း ကြုံရတယ်ဗျ။ မွေးခုတင်ပေါ် ဘယ်လိုမှတင်လို့ မရဘူး။ ကြမ်းပြင်ပေါ်မှာ လူးလှိမ့်နေတာတို့၊ မွေးခန်းအပြင်ဘက် ထွက်ပြေးတာတို့၊ ခဏနေမွေးတော့မှာပါပြောတာကို ခုခွဲပေး မခံနိုင်တော့ဘူး ပြဿနာရှာတာတို့ ပြောပြရရင် သုမနကျောမှာ ဒဏ်ရာတွေနဲ့ပါ။
အဲင်္ဒီတော့ မနာမကျင်၊ မပူမစပ်ဘဲ ရိုးရိုးမွေးဖွားဖို့ ဆရာ့ဆရာ OG ကြီးတွေက စဉ်းစားလာကြတယ်။
Pain threshhold အမျိုးမျိုး၊ emotion အမျိုးမျိုး၊ sustainability period ကြာချိန်အမျိုးမျိုး ရှိကြတော့ painless labour မနာမကျင်၊ မပူမစပ်ဘဲ ရိုးရိုးမွေးဖွားပေးဖို့ နည်းလမ်းတွေကလည်း အများကြီးပေါ့ဗျာ။
…
…
ပထမဆုံး နည်းလမ်းကတော့ sympathy, empathy and confidence စာနာမှု၊ နားလည်မှု၊ မိမိကိုယ်တိုင်နဲ့ ကုသမှုပေးမယ့် health care giver တွေအပေါ်မှာ ယုံကြည်မှု တည်ဆောက်တာပါပဲ။ နာတာတော့ နာတာပေါ့ဗျာ။ Pain threshold မြင့်နေရင် သိပ်မနာဘူးပေါ့။
အဲဒီတော့ ဗိုက်နာနေတဲ့ဗိုက်ကြီးသည်ကို သီးသန့်ခန်းထဲမှာ ထားတယ်။ သူသိပ်ချစ်ရတဲ့၊ အားကိုးမိတဲ့ တစ်ယောက်ယောက် များသောအားဖြင့်ကတော့ အမေ သို့ အမ သို့ ညီမ သို့ ယောက်ျားဖြစ်တာများတယ်။ အဲဒီထဲက သူခေါ်ချင်တဲ့သူတွေကို သူ့အနားထား၊ လက်ကလေး ကိုင်ပေးထားခိုင်းရတယ်။ ကျွန်တော်တို့တောင် စိတ်ထိခိုက်ကြေကွဲလာရင် ရင်းနှီးသူတစ်ယောက်ယောက်ကို ဖက်ငိုလိုက်ရရင် ရင်ထဲပေါ့သွားသေးတာပဲ မဟုတ်လား။
ကိုယ်တုံးလုံးချွတ် နေချင်ရင်လည်း ပေးနေလိုက်တယ်။ တွေ့ဖူးတဲ့ သားဖွားပညာကျမ်းစာအုပ်ထဲမှာတော့ ဗိုက်နာနေတဲ့ဗိုက်ကြီးသည်က ကိုယ်တုံးလုံးနဲ့ ရေစည်ပိုင်းထဲမှာ စိမ်နေပြီး ဘေးကနေ ယောက်ျားက လက်ကလေးကိုကိုင်လို့။ သီးသန့်ခန်းထဲမှာ။ ဓာတ်ပုံလေး မြင်ဖူးခဲ့တာပါ။ တော်တော်အနာသက်သာသွားမှာပဲ။ Emotionally pain threshhold မြင့်သွားမှာပဲလို့ ဓာတ်ပုံကြည့်ပြီးကို ခံစားမိပါတယ်။
ဆရာဝန်၊ ဆရာမ၊ ဆေးဝန်ထမ်းတွေကလည်း သူ့အချိန်နဲ့သူ သားအိမ်ညှစ်အား အဆင်ပြေလား၊ ကလေးနှလုံးခုန်သံ ကောင်းရဲ့လား စသည်ဖြင့် အချိန်နဲ့တပြေးညီ သွားပြီးစမ်းသပ်ရင်း sympathy and empathy ကိုပြနေမယ်ဆိုရင်လည်း လူနာအနာသက်သာနိုင်ပါတယ်တဲ့။
ဒါပေမယ့် အဲဒီလို အနိမ့်ဆုံးအဆင့်တောင် ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံကျန်းမာရေးအဆောက်အဦး၊ ကျန်းမာရေးဝန်ထမ်းအင်အားနဲ့ လုပ်နိုင်ဖို့အတော်ရုန်းကန်ရလိမ့်မယ်။
…
…
နောက်တစ်ခုက Inhalational Analgesia တဲ့။ Etonox လို့ ခေါ်တယ်တဲ့။ Nitrous oxide and oxygen ကိုရောထားတာတဲ့။ ခု ကျွန်တော်တို့ oxygen အိုးတွေမျိုးပေါ့။ သူက အပူချိန်နိမ့်နိမ့်လေးမှာ ထားရတာတဲ့။ အပူချိန်မြင့်သွားရင် အနာသက်သာစေတဲ့ Nitrous oxide ကအောက်ကိုကျသွားပြီး oxygen ချည်းရှူမိနိုင်တယ်တဲ့။ အဲဒါဆို နာတာမသက်သာတော့ဘူးတဲ့။
ကလေးမွေးဖို့ ဗိုက်နာတာက နာလိုက်၊ ပျောက်လိုက်လေ။ အမြဲတမ်း နာနေတာမဟုတ်။ နာလာတော့မယ်ဆိုလည်း ကြိုသိတယ်လေ။ အဲဒီတော့ နာလာတော့မယ် ခံစားလာရရင် အဲဒီဓာတ်ငွေ့လေး ကြိုရှူထားလိုက်ပေါ့။ မနာတော့ဘူးဆိုရင် ရပ်ထားလိုက်ပေါ့။ ကျွန်တော်တာဝန်ကျခဲ့တဲ့ ဆေးရုံတွေမှာတော့ တစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး။ စာမေးပွဲဖြေဖို့ ရေးဖြေစာမေးပွဲအတွက် စာကျက်တုန်းက စာထဲမှာပဲ ဖတ်ဖူးခဲ့တာပါ။ ဥရောပဘောလုံးပွဲတွေ စလောင်းကနေ တိုက်ရိုက်ကြည့်ရတော့ ဘောလုံးသမားတွေ ထိခိုက်ဒဏ်ရာရရင် ထမ်းစင်နဲ့ ထမ်းထုတ်ရင်း ရှူနေကြတာ အဲဒီရှူဆေးဖြစ်မလားမသိလို့တော့ စဉ်းစားမိတယ်။ သေချာတော့မသိ။ ဖြစ်နိုင်ခြေတော့များမယ်။
…
…
နောက်ထပ်နည်းလမ်းတစ်ခုက ဘိန်းကဲ့သို့သော ဆေးတွေ ဥပမာ pethadine, morphine, codine, tramadol စသည်ဖြင့်တွေကို ပေးတာတဲ့။ ကိုယ်ဝန်ဆောင် ဗိုက်နာနေတဲ့သူက နတ်ပြည်ရောက်သလို ကောင်းနေပြီး နာကျင်မှုကို မခံစားရတော့ဘူးတဲ့။ အဲဒီဆေးတွေကို အတိုင်းအဆနဲ့ချိန်ပြီး နည်းနည်းချင်း အချိန်လေးခြားခြားပြီး ပေးလို့ရပါတယ်တဲ့။ ကလေးမွေးဖို့ ဗိုက်နာနေတဲ့ မိခင်လောင်းတွေ ဗိုက်နာသက်သာအောင်လို့လေ။
ရိုးရိုးမွေးထွက်စဉ်က မွေးလမ်းကြောင်းချဲ့ထားတာကို ပြန်ချုပ်ထားတဲ့ episiotomy wound ကနေနာတဲ့ နာကျင်မှု၊ ခွဲစိတ်မွေးဖွားပြီး ဗိုက်ချုပ်ရိုးကနေနာတဲ့ နာကျင်မှု အဲဒါတွေအတွက် ပေးလို့ရတဲ့၊ တစ်နည်း ကလေးမွေးထွက်သွားပြီးရင် ပေးလို့ရတဲ့ အနာသက်သာတဲ့ဆေးတွေကတော့ အများကြီးပဲဗျ။ NSAID အုပ်စုလို့ခေါ်တယ်။ Diclofenac, ketorolec, ibuprofen စသည်ဖြင့်ပေါ့။ ဝယ်လို့လည်း လွယ်တယ်။ ဈေးလည်း တအားမကြီးဘူး။ ဒါပေမယ့် အဲဒီဆေးတွေအားလုံးက ကလေးဗိုက်ထဲက မထွက်မချင်း လုံးဝပေးလို့မရဘူး။ Pre-mature closure of ductus arteriosus လို့ခေါ်တဲ့ အချိန်မတိုင်မီ နှလုံးသွေးကြောနဲ့ အဆုတ်သွေးကြောကို ဆက်သွယ်ထားတဲ့ သွေးကြောငယ်လေးပိတ်ပြီး ကလေးသေသွားနိုင်လို့ပါ။
ဆိုတော့ ကလေးမွေးမထွက်ခင် အနာသက်သာအောင်က ပါရာစီတမောကိုအခြေခံသော narcotic မူးယစ်ဆေးတွေပဲ ပေးရမယ်တဲ့။ နည်းနည်းချင်းပဲ ပေးလို့ရတယ်တဲ့။ များသွားရင် ဆေးခြောက်ကွဲသလို လစ်သွားမယ်။
ပြီးတော့ အဲဒီဆေးတွေက ဈေးတအားကြီးတယ်။ ရှာဝယ်ရဖို့လည်း ခက်တယ်။ ရခဲ့မယ်ဆိုရင်တောင် နည်းနည်းချင်း၊ ဖြည်းဖြည်းချင်း အချိန်ခြားခြားပြီး ထိုးပေးရမှာ။ ဆေးပမာဏဘယ်လောက်ကို အချိန်ဘယ်လောက်ခြားပြီး ထိုးရမလဲဆိုတာကို သမားတော်က တွက်ပေးရတယ်။ ဖွံ့ဖြိုးပြီးတိုင်းပြည်တွေမှာတောင် အဲဒီလိုထိုးပေးဖို့က မလွယ်ဘူး။ အဲဒီတော့ သူတို့ဆီမှာ ဘာလုပ်ကြသလဲဆိုတော့တဲ့ အဲဒီထိုးဆေးပုလင်းနဲ့ လူနာကြားမှာ စက်တစ်လုံးခံထားလိုက်တယ်တဲ့။ လူနာကို ခလုပ်နှိပ်ဖို့ပေးထားတယ်တဲ့။ နာလာရင် ဒီခလုပ်ကိုနှိပ်လိုက်ပါ။ အနာသက်သာစေလောက်ရုံ ဆေးပမာဏနည်းနည်းလေး ဝင်သွားမယ်။ လူနာက နတ်ပြည်ရောက် ကောင်းသွားပြီး အနာသက်သာသွားရောတဲ့။ ဒါပေမယ့် လောဘကြီးပြီး ပိုကောင်းချင်လို့ အချိန်မတိုင်မီ ခလုပ်ကိုထပ်နှိပ်လည်း ဆေးတွေထပ်မဝင်သွားအောင် စက်ကိုချိန်ထားတယ်တဲ့။
ကျွန်တော်တို့သုံးနေတဲ့ စက်နဲ့အလိုအလျောက် ချိန်ညှိပြီး ဆေးသွင်းပေးနေတဲ့ ဆေးထိုးပြွန် (syrinage pump) တို့ (flow meter) တို့ထက် ပိုအဆင့်မြင့်မယ်ထင်တယ်။ Syrinage pump တစ်ခုတောင် သိန်းဆယ်ဂဏန်းကြီးကြီးရှိတယ်ထင်တယ်။ အဲဒီစက်ဆို ဘယ်လောက်တန်မလဲ ကျွန်တော်မသိဘူးဗျ။ ဝယ်ရခက်တဲ့၊ ဈေးကြီးတဲ့ ဆေးဖိုးမပါသေးဘူးနော်။
သဘောကတော့ဗျာ အရက်သမားတွေ ပလပ်ကျွတ်အောင်မသောက်ဘဲ နေလို့ကောင်းနေရုံ၊ စကားပြောကောင်းရုံလေး ထိန်းသောက်နိုင်အောင် လုပ်ပေးတဲ့ စက်ပေါ့။ ဥပမာပြောတာပါ။
ဒီတော့ ဗိုက်နာနေတဲ့ မွေးလူနာဗိုက်ကြီးသည်က နာတာလည်း သက်သာမယ်။ မူးယစ်ဆေးလွန်လို့ဖြစ်မယ့် နံပါတ်ဖိုးရှော့ပြဿနာလည်းမရှိအောင် နည်းပညာနဲ့ထိန်းထားတာပေါ့။
ဒါပေမယ့် ပြဿနာတစ်ခုက ဗိုက်ထဲက ကလေးကလည်း ဒီဆေးတွေရဲ့ဆိုးကျိုးကို ခံစားရတတ်တယ်။ ဗိုက်ကြီးသည်အမေ လူကြီးတစ်ယောက်အတွက် အနာသက်သာရုံ၊ ကောင်းနေရုံလေး နည်းနည်းလေးပဲ ပေးတဲ့ဆေးပမာဏက ကလေးသေးသေးလေးအတွက်တော့ ဆင်ကြီးကတော့ သေးပေါက်ချလိုက်တာပဲ။ ပုရွက်ဆိတ်လေးမှာတော့ ပင်လယ်တွေဝေလို့။ အဲဒီလိုဖြစ်သွားတတ်တယ်။
ကလေးလေးက မွေးထွက်လာတဲ့အခါမှာ ဒီဆေးတွေကြောင့် အကောင်းလွန်ပြီး အသက်မရှူတာတွေ ဖြစ်တတ်တယ်။ အဲဒါကြောင့် မွေးအမေဗိုက်မနာဖို့ ဒီဆေးတွေသုံးတော့မယ်ဆိုရင် ထွက်လာမယ့် တအားမှိန်းနေမယ့်ကလေးကို ပြန်နှိုးဖို့ရန်အတွက် ကလေးအထူးကုဆရာဝန်ကို ကြိုခေါ်ထားရတာတို့၊ ဖြေဆေး Naloxone ဆောင်ထားရတာတို့ ကြိုလုပ်ထားရမယ်တဲ့။ စာထဲဖတ်ဖူးတာတွေ ပြောပြနေတာပါ။ ကျွန်တော့်လူနာတွေအပေါ်မှာ ဒီလိုတွေ တစ်ခါမှမလုပ်ဖူးပါဘူး။
တကယ်တမ်း ဒီနည်းကိုသုံးမယ်ဆိုရင်လည်း ကျွန်တော့်ရဲ့ ဒီနည်းအပေါ်မှာ ကျွမ်းကျင်မှုမရှိသေးတာရယ်၊ ပစ္စည်းကိရိယာလိုအပ်ချက် မပြည့်စုံတာရယ်၊ ကုန်ကျစရိတ်ပိုများမှာရယ်၊ သမားတော်တို့ ကလေးဆရာဝန်တို့ အကူအညီပေးဖို့ သူတို့ အချိန်ပေးနိုင်မလား ဆိုတာရယ် (တကယ်တမ်းက သူတို့က ကျွန်တော့်ထက်တောင် ပိုမအားကြပါသေးတယ်) အကြောင်းကြောင်းကို ထည့်တွက်လိုက်တော့ ဗိုက်မနာချင်ရင် ခွဲမွေးလိုက်ကြတော့လို့ ဖြစ်သွားတာ။
ပညာရပ်တွေကို အပြည့်အဝအသုံးချခွင့်မရဘူး ဖြစ်သွားတာ။
ဂျပေါင်ကု လက်အောက်ကလွတ်ရင် OG တွေ၊ သမားတော်တွေ၊ ကလေးအထူးကု ဆရာဝန်တွေ အများကြီးမွေးထုတ်ကြမယ်။ ကမ္ဘာ့အဆင့်နဲ့တပြေးညီ ဆေးပစ္စည်းကိရိယာတွေ ဖြည့်တင်းကြမယ်။
ဗိုက်ခွဲစရာမလိုဘဲ၊ မနာမကျင် မပူမစပ်ဘဲ ကလေးတွေကို ရိုးရိုးမွေးဖွားကြမယ်။
စိတ်ကူးယဉ်အိပ်မက် မဟုတ်ပါဘူးနော်။ သူများတွေ တကယ်လုပ်ပြီးသား အလုပ်တွေပါ။ ကျွန်တော်တို့လည်း ဘာကြောင့်လိုက်မလုပ်နိုင်ရမှာလဲ။ မကြာခင်မှာ ဖြစ်ကိုဖြစ်လာစေရမယ်….။
ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.