စိတ်တွေလေနေလို့ ထွေထွေထူးထူး မီးဖိုချောင်မဝင်တော့ဘဲ လူပျိုကြီးတစ်ယောက် လမ်းထိပ်ဟင်းဆိုင်က ထမင်းဟင်းပါဆယ်လေး ၂၀၀၀ ဖိုး သွားပြေးဝယ်လိုက်တယ်။ ဆိုင်ရှင်က ပူပူနွေနွေး ဘဲဥအာလူးဟင်း အနှစ်စိုစိုလေးကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ချည်ပေးလေရဲ့။ ထမင်းပူပူကိုတော့ ဖော့ဘူးလေးနဲ့ပေါ့။
ဒီကိစ္စမှာ လူပျိုကြီး သတိမထားမိတဲ့ ကျန်းမာရေးအန္တရာယ်တွေက မနည်းမနောပါလားနော်။
…
…
ဒါကြောင့် လူပျိုကြီးလိုလူတွေ ဆင်ခြင်နိုင်ဖို့ ဒီတစ်ပတ်ရဲ့အာဟာရပိုစ့်လေးမှာ အကြံပေးလိုက်ပါရစေ။
👇👇👇
ရိုးရိုးပလတ်စတစ်အိတ်တွေဟာ အပူနဲ့ထိရင်ပျော့သွားတာ သတိထားမိကြမှာပါ။ ဒီအခါ BPA လို့ခေါ်တဲ့ ဓာတုပစ္စည်းကို ထုတ်လွှတ်ပြီး ကျန်းမာရေးဆိုးကျိုးတွေဖြစ်စေတာ၊ ကင်ဆာဖြစ်စေတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘူးခွက်နဲ့ အစားအစာထည့်စရာပစ္စည်းတွေအပြင် ပါးစပ်နဲ့ထိမယ့်အရာမျိုးတွေမှာ BPA free ဆိုပြီး ရေးထားတဲ့အရာတွေကိုသာ ရွေး၀ယ်ဖို့လိုပါတယ်။ (BPA မပါ၀င်ဖို့လိုတယ်လို့ ဆိုလိုတာပါ)
စျေးဆိုင်တော်တော်များများက ရိုးရိုးပလတ်စတစ်အိတ်အပါး (၅x၉) အိတ်လေးတွေနဲ့ ထည့်ပေးနေတာဟာ သဘာ၀ပတ်၀န်းကျင်အတွက် မကောင်းသလို အစားအစာကိုလည်း ဓာတုနည်းအရ ညစ်ညမ်းစေပါတယ်။ အထူးသဖြင့် ပူတဲ့ဟင်းရည်လိုမျိုးဆိုရင် အပူခံအိတ်ကို သုံးရမှာပါ။ ဒီလိုအိတ်မျိုးက နည်းနည်းမှိန်ပါတယ်။
ဒီတော့ လူပျိုကြီးနဲ့ အပေါင်းအဖော်တို့အတွက် အကြံပြုလိုတာက… လမ်းထိပ်ကဆိုင်ကို ပါဆယ်သွားဝယ်မယ်ဆို အိမ်ကစတီးချိုင့်လေး သွားပေးထားတာ၊ အိမ်မှာရှိတဲ့ ဘူးတစ်ခုခုနဲ့ယူသွားပြီး ဟင်းထည့်လာတာ ဒါမျိုးတွေ လုပ်ပေးရပါမယ်နော်။
…
…
နောက်ပြီးတော့ ဖော့ဘူးတွေက မကောင်းပါဘူး။ ဖော့ဘူးတွေက styrene ဆိုတဲ့ ဒြပ်ပေါင်းပါ၀င်ပြီး အန္တရာယ်ရှိစေတာပါ။ သဘာ၀ထဲကို စီး၀င်စွန့်ပစ်ဖို့လည်းခက်ပြီး ဒီဒြပ်ပေါင်းကြောင့် ကင်ဆာအမျိုးမျိုးနဲ့ ဟော်မုန်းမမှန်တာ စတဲ့ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
တစ်ခါသုံးဘူးတွေ သုံးမယ်ဆို ဖော့ဘူးတွေကိုလုံး၀ ရှောင်ကျဥ်ပြီး ၀ါးတို့၊ ငှက်ပျောဖတ်တို့နဲ့လုပ်တဲ့ စိတ်ချရတဲ့ တစ်ခါသုံးဘူးမျိုးကို ရွေးချယ်ပါ။ ဒါပေမယ့် ဒီဟာတွေက စျေးများတာရယ် အလွယ်တကူ၀ယ်မရတာတွေရယ်ကြောင့် ဖော့ဘူးကိုပဲ သုံးကိုသုံးရမယ်ဆိုရင်တော့ ငှက်ပျောဖတ်ခံပြီးမှ ထည့်တာမျိုးလုပ်ပါ။ ပူနေတဲ့အရာတွေကို မထည့်ပါနဲ့။ (ငှက်ပျောဖတ်အစား ဆီစိမ်စက္ကူခံတာမျိုးလည်း ရပါတယ်)
နောက်တစ်ခုက မယ်လမင်းနဲ့လုပ်ထားတဲ့ပန်းကန်နဲ့ အစားအစာထည့်တဲ့ ကိစ္စတွေပါ။ ကိတ်မုန့်တို့ဘာတို့လို မုန့်မျိုးထည့်စားတာတော့ ပြဿနာမရှိပါ။ ဒါပေမယ့် ကွတ်တီယို ပူပူလေးထည့်စားတာတို့၊ ချဥ်ရည်ဟင်းလို ချဥ်တဲ့ အက်ဆစ်များတဲ့ ဟင်းထည့်တာမျိုးဆို မယ်လမင်းထဲကဒြပ်တွေက အစားအစာထဲ စီး၀င်သွားနိုင်လို့ အန္တရာယ်ရှိပါတယ်။
သစ်သားတို့ ၀ါးတို့နဲ့လုပ်တာတွေကတော့ မှိုတက်တာ၊ ဘက်တီးရီးယားပေါက်လွယ်တာ ဖြစ်တတ်ပေမယ့် သေချာခြောက်အောင် သုံးမယ်ဆိုရင်တော့ သုံးလို့ရပါတယ်။
စတီး၊ သံ၊ ဖန်၊ ကြွေ၊ ကြေးနီ… ဒါတွေက အစားအစာ နဲ့ထိတွေ့တဲ့အခါ ဒြပ်ပေါင်းထွက်တာနည်းလို့ သုံးလို့ပိုသင့်တော်ပါတယ်။
…
…
ကိုလူပျိုသိုးကြီးတို့ကို အဲဒီလိုပြောလို့ ကြောက်မသွားပါနဲ့ဦးနော်။ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါပြုလုပ်နေမှ ဒီလိုအန္တရာယ်တွေ ဖြစ်စေတာပါ။ တစ်ခါနှစ်ခါနဲ့တော့ ကျားဟော်မုန်းတွေလည်း မနည်းသွားသေးပါဘူး။ ကင်ဆာတွေလည်း ရုတ်ချည်းထမဖြစ်ပါဘူး။
ဒါပေမယ့် ရေရှည်အတွက်တော့ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ရမှာပေါ့လေ။
သတိမမူ ဂူမမြင်ဖြစ်နေမိတဲ့ စာဖတ်သူတို့ရော ကျန်းမာတဲ့အလေ့အထနဲ့ အမူအကျင့်တွေကို လက်ကိုင်ထားဖို့ အဆင်သင့်ဖြစ်ပြီလားလို့ မေးချင်ပါတယ်။
မကြာခင်မှာ ၂၀၂၄ လည်း ကုန်တော့မယ်။ မအလ လည်းလစ်တော့မှာမို့ ဒီမြင်ကွင်းတွေကို ထိုင်ကြည့်ဖို့ ကျန်းမာနေမှဖြစ်မှာမို့ ဂရုစိုက်ကြပါဗျို့လို့ အကြံပြုပြောကြားလိုက်ပါရစေ…။
အာဟာရဆရာဝန်တစ်ဦး
Telekyanmar
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.