ဒီပိုစ့်ကတော့ ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက်တွေအပြင် လှချင်ပချင်တဲ့ ပျိုပျိုအိုအိုတို့ အားလုံးအတွက် ရည်ရွယ်တဲ့ပိုစ့်ပါနော် 😃
အသားအရေထိန်းသိမ်းလှပစေတဲ့ ထုတ်ကုန်တွေ အထူးသဖြင့် မျက်နှာသစ်ဆေး၊ Toner၊ မျက်နှာလိမ်းဆေးတွေမှာ Salicylic Acid ဆိုပြီး ပါတာကို သတိထားမိကြမှာပါ။ သူက ဘာတွေကောင်းစေလဲ၊ အသားအရေကို ဘယ်လိုအထောက်အကူပြုစေလဲ၊ ဆိုးကျိုးဘာတွေရှိလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
Salicylic Acid ဆိုတာက Beta Hydroxy Acid (BHA) လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ ပင်မအရင်းအမြစ်ကတော့ သစ်ခေါက်တွေ အထူးသဖြင့် မိုးမခပင်ကနေ ရရှိပါတယ်။
သူ့ကို အသားအရေထိန်းသိမ်းတဲ့ Skin Care တွေ၊ အထူးသဖြင့် မျက်နှာနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေမှာ အဓိကသုံးစွဲကြပါတယ်။
…
…
🔹ဘာကောင်းကျိုးတွေရှိလဲဆိုရင်တော့ . . .
- အဓိကအနေနဲ့ မျက်နှာပြင်မှာရှိတဲ့ ဝက်ခြံတွေကို သက်သာစေပါတယ်။
- ချွေးပေါက်ပိတ်တာတွေကို သက်သာစေပြီး အဆီပြန်တာကိုလည်း သက်သာစေပါတယ်။
- Exfoliating Action ပါဝင်တာကြောင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။
- ဦးရေပြားပေါ်က ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပြီး ဗောက်ထတာတွေလည်း သက်သာစေပါတယ်။ သူ့ကို ဗောက်ပျောက်သက်သာတဲ့ ခေါင်းလျှော်ရည်တွေမှာ တွေ့နိုင်ပါတယ်။
- အရေပြားပေါ်က အသားမာတာတွေကိုလည်း ပျောက်ကင်းစေပြီး ရောင်ရမ်းတာကိုလည်း သက်သာစေပါတယ်။
…
…
ဒါကြောင့် အလှအပရေးရာအနေနဲ့ဆို . . .
- အရေပြားပေါ်က မကောင်းတဲ့ဆဲလ်တွေ ဖယ်ရှားပေးတဲ့အတွက် အသားအရေကို ကြည်လင်လာစေပါတယ်။
- အသားအရေကို နူးညံ့စေပြီး အရေးအကြောင်းတွေကိုလည်း သက်သာစေပါတယ်။
- အမည်းစက်တွေ၊ အသားရေမညီညာတာတွေကိုလည်း ပျောက်ကင်းစေပါတယ်။
- အထူးသဖြင့် ဝက်ခြံကို သက်သာစေတဲ့အတွက် ဝက်ခြံသမားတွေရဲ့ လက်စွဲတော်လည်း ဖြစ်ပါတယ်။
…
…
❗️ဆိုးကျိုး
သူ့ရဲ့ဆိုးကျိုးကတော့ ရှားပါးလှတယ်ဆိုပေမယ့် သုံးစွဲမိလို့ ဓာတ်မတည့်တဲ့သူဆိုရင်တော့ အရေပြားယားယံတာတွေ၊ နီရဲလာတာတွေ ဖြစ်တတ်ပါတယ်။ အလက်ဂျစ်ထတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
ဒါကြောင့်မို့လို့ မသုံးခင်မှာ မိမိရဲ့အရေပြားနဲ့ ကိုက်ညီမှု ရှိ/မရှိ အရင်စမ်းပြီးမှ အသုံးပြုရင်တော့ အကောင်းဆုံးပါ။ အသုံးပြုတဲ့အခါမှာလည်း အလွန်အကျွံမသုံးစွဲမိစေဘဲ သူ့ရဲ့သင့်လျော်တဲ့ပမာဏအနေနဲ့သာ အသုံးပြုဖို့လိုပါတယ်။
ဒါ့အပြင် အသားအရေထိန်းသိမ်းလှပဖို့ လုပ်ဆောင်တဲ့အခါ Vitamin-C, Glycolic acid စတဲ့ ဒြပ်ပေါင်းတွေပါတဲ့ အခြားအလှကုန်တွေနဲ့ Salicylic Acid ကို တွဲမသုံးစေဖို့လိုပါတယ်။ သူတို့က အက်ဆစ်တွေဖြစ်တဲ့အတွက် အတူတူသုံးမိရင် ပင်ကိုယ်အသားအရေရဲ့ PH level ကို မတည်မငြိမ်ဖြစ်စေတဲ့အတွက် ကြာလာတဲ့အခါ အသားအရေခြောက်သွေ့တာ၊ နီမြန်းတာအပြင် တခြားသော ဓာတ်မတည့်မှုတွေပါ ဖြစ်စေနိုင်တဲ့အတွက် တွဲဖက်ပြီးအသုံးမပြုကြဖို့ အကြံပေးလိုပါတယ်။
…
…
နိဂုံးချုပ်အနေနဲ့ Salicylic Acid ကို မျက်နှာသစ်ဆေး၊ ခေါင်းလျှော်ရည်၊ မျက်နှာလိမ်းဆေးစသဖြင့် အလှအပရေးရာထုတ်ကုန်အမျိုးမျိုးမှာ ထည့်သွင်းအသုံးပြုလာကြပြီး မိမိအနေနဲ့ သုံးနေကျမဟုတ်ဘူး၊ ပထမဦးဆုံး စသုံးတော့မယ်ဆိုရင် သက်ဆိုင်ရာ အရေပြားဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူများရဲ့ အကြံပြုချက်ရယူပြီး သုံးစွဲကြဖို့ တိုက်တွန်းလိုက်ပါရစေ…..။
Ref: 📖
healthline. com /health /skin /salicylic-acid
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.