“သားကလေး တီတာတာ၊ မေမေ့အနားလာ” ဆိုပေမယ့် တီတာတာ မပြောနိုင်သေးလို့၊ မေမေ့အနား မလာနိုင်သေးလို့ စိုးရီမ်ပူပန်ကြတာမျိုးတွေ၊ ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ဆိုပြီး မိခင်အချင်းချင်း ဆွေးနွေးမေးမြန်းတာမျိုးတွေ ကြုံဖူးကြမှာပါ။ 

ဒီနေ့မှာတော့ ကလေးငယ်လေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ပတ်သက်တာကို ပြောပြချင်ပါတယ်။ 🤍

▫️ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘာလဲ

  • မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ သန္ဓေတည်သည့်အချိန်မှစပြီး ကလေးငယ်များဟာ သူ့အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စဥ်အဆင့်ဆင့်ကို ဖြတ်သန်းရပါတယ်။ လမ်းလျှောက်ရမယ့်အချိန်မှာ လမ်းလျှောက်ပြီး၊ စကားပြောရမယ့်အချိန်မှာ စကားပြောရပါမယ်။ ဒါကို ကလေးငယ်များရဲ့ ဖွံ့ဖြိုးတိုးတက်မှုလို့ ခေါ်ပါတယ်။ 

▫️ ဘယ်အရာတွေက ဖွံ့ဖြိုးမှုကို အားပေးလဲ

  • ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက လွှမ်းမိုးနေတဲ့ နှစ်ခုကတော့ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် ဖြစ်ပါတယ်။ 

မျိုးရိုးဗီဇဆိုတဲ့အတိုင်း မျိုးဆက်အဆင့်အဆင့် လက်ဆင့်ကမ်းလာတဲ့ ဗီဇလက္ခဏာတွေနဲ့ ဗီဇဆိုင်ရာရောဂါတွေ ပါဝင်ပါတယ်။ ယခုထိ ဗီဇလက္ခဏာကို ပြုပြင်ဖို့ ခက်ခဲနေပေမဲ့ ပတ်ဝန်းကျင်ကိုတော့ ပြုပြင်လို့ရပါတယ်။ 

ပတ်ဝန်းကျင်ဆိုတာမှာ အာဟာရ၊ ကူးစက်ရောဂါ၊ လူမှုပတ်ဝန်းကျင်တို့ ပါဝင်ပါတယ်။ ကလေးငယ်တွေအတွက် အရေးကြီးဆုံးက အာဟာရဖြစ်ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အာဟာရပြည့်ဝမှုရှိဖို့ အလွန် အရေးကြီးပါတယ်။ ကလေးငယ်တွေကို မွေးစမှ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးပြီး အသက် ၆ လမှစပြီး အာဟာရပြည့်ဝတဲ့ ဖြည့်စွက်စာကို ကျွေးရမှာဖြစ်ပါတယ်။

  • ကလေးငယ်များရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ သန္ဓေသားဘဝကတည်းက စတင်တာဖြစ်တဲ့အတွက်  ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးက အလွန်အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်မိခင် ကျန်းမာပြီး အာဟာရပြည့်ဝပါမှ သန္ဓေသားလေးလည်း ကျန်းကျန်းမာမာနဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။ ရောဂါအခံတစ်ခုခုရှိတဲ့ မိခင်လောင်းများအနေနဲ့ ကိုယ်ဝန်မဆောင်မီကတည်းက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါ့အပြင် ကလေးငယ်များဟာ သန္ဓေသားဘဝကတည်းကစတင်ပြီး လေ့လာသင်ယူနေကြတာဖြစ်တဲ့အတွက် မိဘများအနေနဲ့ ကိုယ်ဝန်ဆောင်စဥ်ကတည်းက ရင်သွေးလေးနဲ့ ဆက်သွယ်ပြောဆိုပေးနေဖို့ လိုအပ်ပါတယ်။
(ဥပမာဆိုရရင် ကလေးလေးက ဗိုက်ထဲကနေ ကန်လိုက်၊ လှုပ်လိုက်တဲ့အခါ ဗိုက်ကို အသာအယာပွတ်ပေးပြီး စကားပြောပေးတာမျိုး၊ သာယာငြိမ့်ညောင်းတဲ့ သီချင်းသံလေးတွေ ဖွင့်ပေးတာမျိုး လုပ်သင့်ပါတယ်။)

  • ဒါ့အပြင် မွေးဖွားချိန်မှာ အဆင်ပြေချောမွေ့ပြီး ရောဂါပိုးမွှားမဝင်စေဖို့လည်း အရေးကြီးပါတယ်။ မွေးဖွားချိန်ကြာမြင့်လို့ ကလေးငယ်ရဲ့ ဦးနှောက်ဆီ အောက်ဆီဂျင် အလုံအလောက် မရတာမျိုး၊ မွေးကင်းစအသားဝါဝင်ပြီး အဝါဓာတ် ဦးနှောက်ထဲရောက်သွားတာမျိုးတွေကြောင့်လည်း ကလေးငယ်တွေမှာ ဖွံ့ဖြိုးမှု နှောင့်နှေးသွားတတ်ပါတယ်။ အဲဒါကြောင့် တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆရာမတွေနဲ့ပဲ မွေးဖွားဖို့ စီစဥ်သင့်ပါတယ်။ 
  • ကလေးငယ်တစ်ယောက် ပုံမှန်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိတ်ချလုံခြုံစွာနဲ့ လေ့လာသင်ယူနိုင်တဲ့ ပတ်ဝန်းကျင်မျိုးဖြစ်ဖို့ကလည်း လိုအပ်ပါသေးတယ်။ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဥ်များအတွက် ကလေးငယ်က လေ့လာသင်ယူရတာဖြစ်တာကြောင့် လူကြီးများအနေနဲ့ လေ့လာသင်ယူဖို့လွယ်ကူအောင် ဖန်တီးပေးတာ၊ လေ့ကျင့်သင်ကြားပေးတာတွေ လုပ်ပေးဖို့လိုအပ်ပါတယ်။

▫️ ဖွံ့ဖြိုးတိုးတက်မှုမှတ်တိုင် (developmental milestones) ဆိုတာ ဘာလဲ

  • ကလေးတစ်ယောက်ဟာ ကောင်းကောင်းထိုင်နိုင်ပြီးမှ မတ်တပ်ရပ်နိုင်ပါတယ်၊ မတ်တပ်သေချာရပ်နိုင်ပြီးမှ လမ်းလျှောက်နိုင်ပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးတိုးတက်မှုနှုန်းချင်း မတူညီနိုင်ပေမယ့် ဖြစ်စဥ်အဆင့်တွေကတော့ တူညီပါတယ်။ အသက်အရွယ်အလိုက် တိုးတက်လာတဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဥ်တွေကို ဖွံ့ဖြိုးတိုးတက်မှုမှတ်တိုင်လို့ ခေါ်ပါတယ်။ အသက်အရွယ်အပိုင်းအခြားအလိုက် ယေဘုယျအားဖြင့် သတ်မှတ်ထားပါတယ်။

❗️ဘယ်အချိန်မှာ ဖွံ့ဖြိုးမှု နောက်ကျနေပြီလို့ သံသယဖြစ်သင့်လဲ

  • အသက် ၂ လအထိ ချော့မြှူလို့ မပြုံးတတ်သေးရင်
  • အသက် ၄ လအထိ ခေါင်းမထောင်နိုင်သေးရင်၊ အရာဝတ္ထုတွေကို လိုက်မကြည့်တတ်သေးရင်
  • အသက် ၆ လအထိ အရုပ်ကို လှမ်းမယူနိုင်သေးရင်၊ ဝူးဝူးဝါးဝါးအသံကလေးများ မထွက်နိုင်သေးလျှင်
  • အသက် ၉ လအထိ အလွတ်မထိုင်နိုင်သေးရင်၊ အရုပ်ကို လက်တ၀်ဖက်မှ တစ်ဖက်သို့ မပြောင်းနိုင်သေးရင်
  • အသက် ၁ နှစ်အထိ အလွတ်မတ်တပ်မရပ်နိုင်သေးရင်၊ ပစ္စည်းခပ်သေးသေးများကို လက်မ၊ လက်ညှိုးနှင့် ညှပ်မကိုင်နိုင်သေးရင်၊ “မမ” “ဘဘ” မခေါ်နိုင်သေးရင်
  • အသက် ၁ နှစ်ခွဲအထိ လမ်းမလျှောက်နိုင်သေးရင်၊ စကားလုံး ၆ လုံးခန့် မပြောနိုင်သေးရင်
  • အသက် ၂ နှစ်အထိ ဝါကျအတိုလေးတွေ မပြောနိုင်သေးရင်
  • အသက် ၃ နှစ်- ၃ နှစ်ခွဲအထိ ကစားဖော်နဲ့ အပြန်အလှန် ပြောဆိုမကစားတတ်သေးရင်တော့ သေချာစစ်ဆေးပေးဖို့ လိုလာပြီဖြစ်ပါတယ်။ 

▫️ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း

ကလေးတစ်ယောက်ကို ဖွံ့ဖြိုးမှုနောက်ကျပါတယ်လို့ သတ်မှတ်ဖို့အတွက် ကျွမ်းကျင်တဲ့ဆရာဝန်က ရောဂါရာဇဝင်ကို မေးခြင်း၊ ကလေးကို စမ်းသပ်ခြင်းတို့ကို သေချာစွာ ပြုလုပ်ရပါမယ်။ ဖွံ့ဖြိုးမှုနောက်ကျခြင်းဟာ ပျောက်ကင်းအောင် ကုသနိုင်ခြေနည်းပါးတဲ့အတွက် မဖြစ်ခင်ကတည်းက ကာကွယ်ပေးရမယ့် ရောဂါဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ ကလေးတွေကို ကုသရာတဲ့အခါ ဆရာဝန်တစ်ယောက်တည်းနဲ့မပြီးဘဲ အကြောအဆစ်ပြန်လည်သန်စွမ်းမှုဆိုင်ရာ ကျွမ်းကျင်သူများ ( Physiotherapists, Occupational therapists)၊ Speech therapists များ ပါဝင်ရပြီး မိဘအုပ်ထိန်းသူများရဲ့ ပူးပေါင်းပါဝင်မှုက အလွန်ပင်အရေးကြီးလှပါတယ်။ 

▫️ ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်ခြင်း

  • ဖွံ့ဖြိုးမှုနောက်ကျနေခြင်းကို စောစီးစွာသိရှိပြီး ကုသမှုများပေးနိုင်မှသာ ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်ပြီး ပုံမှန်နီးပါး သွားလာလှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ်များရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အမြဲစောင့်ကြည့်ပေးဖို့ လိုပါတယ်။

အဓိကအားဖြင့် ကလေးနဲ့အရင်းနှီးဆုံးဖြစ်တဲ့ မိဘ၊ အဘိုးအဘွား၊ အုပ်ထိန်းသူများနဲ့ ဆရာများက ကလေးကို စောင့်ကြည့်ပေးသင့်ပါတယ်။ မွေးစမှ အသက် ၅ နှစ်တာ ကာလအတွင်း ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ယေဘုယျသတ်မှတ်ချက်များနဲ့ ကိုက်ညီမှု ရှိ/မရှိ စောင့်ကြည့်ပေးဖို့ လိုပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေပြီလို့ သံသယဖြစ်လာရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆရာမများနဲ့ တိုင်ပင်ဆွေးနွေးရမှာ ဖြစ်ပါတယ်။
.

 🤍 တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့ တယ်လီကျန်းမာ messenger မှာ ဘိုကင်တင်ပြီး ဆွေးနွေးမေးမြန်းတိုင်ပင်နိုင်ပါတယ်။ 

Ref: Child Development Guide

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here