Herniated Disc ဆိုတာ ကျောရိုးတိုင်မှာဖြစ်တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကျောရိုးတိုင်လို့ပြောရင် ဦးခေါင်ခွံရဲ့ အောက်ခြေမှ မြီးညှောင့်ရိုးအထိ ကျောရိုးဆစ် စုစုပေါင်း ၃၃ ဆစ် ရှိပါတယ်။ ကျောရိုးဆစ် တစ်ခုနဲ့တစ်ခုကြားမှာ (intervertebral disc) လို့ခေါ်တဲ့ အရိုးနုပြားတွေရှိပြီး ကျောရိုးတိုင်လှုပ်ရှားမှုကို လွယ်ကူချောမွေ့ စေပါတယ်။
မျက်စိထဲ မြင်အောင်ပြောရရင် လူအများ စားဖူးနေတဲ့ ကြက်လည်ပင်းရိုးဟာ တောင့်တင်းမနေဘဲ အနည်းငယ်လှုပ်ရှားလို့ရအောင် အဆစ်တစ်ခုနဲ့တစ်ခုအကြား ပျော့ပျောင်းတဲ့တစ်ရှူးတွေ ရှိနေတာကို မြင်ယောင်ကြည့်နိုင်ပါတယ်။
ဒီအရိုးနုပြားလေးတွေဟာ အလယ်မှာ ဂျယ်လီကဲ့သို့ပျော့ပြီး အပြင်ပိုင်းက ပိုပြီးမာကြောပါတယ်။ ဒီအပြင်ပိုင်းက အချိန်ကြာလာတာနဲ့အမျှ အားနည်းပျော့ပျောင်းလာပြီး အက်ကွဲနိုင်ပါတယ်။ ဒီအခါ အတွင်းပိုင်းမှ ဂျယ်လီကဲ့သို့သော ပစ္စည်းတွေက အက်ကွဲကြောင်းမှတစ်ဆင့် တိုးထွက်ပြီး အာရုံကြောတွေကို ဖိနှိပ်တာကို Herniated disc လို့ ခေါ် ပါတယ်။
Herniated Disc ဟာ ကျောရိုးတိုင်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပေမယ့် ခါးနဲ့လည်ပင်းမှာ အများဆုံးဖြစ်တတ်ပြီး ကျောရိုးအလယ်ပိုင်းမှာ ဖြစ်တာနည်းပါတယ်။
…
…
အသက် ၃၀ နဲ့ ၅၀ ကြားအရွယ်တွေမှာ ပိုဖြစ်တတ်ပြီး အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဖြစ်စေတတ်တဲ့ အကြောင်းအရင်းတွေကတော့…
– ပုံစံတစ်မျိုးတည်း အချိန်ကြာထိုင်ခြင်း
– အဝလွန်ခြင်း
– အလေးအပင် မခြင်း
– အလုပ်ကိစ္စကြောင့် ခန္ဓာကိုယ် မကြာခဏကုန်းရခြင်း၊ ကွေးရခြင်း
– ဆေးလိပ်သောက်ခြင်းတို့ကြောင့် ပိုဖြစ်နိုင်ပါတယ်။
…
…
Herniated disc ဖြစ်တဲ့နေရာပေါ် မူတည်ပြီး ရောဂါလက္ခဏာအမျိုးမျိုး ခံစားရတတ်ပါတယ်။ လှုပ်ရှားရင် နာကျင်မှု ပိုဆိုးလာပြီး အနားယူမှ သက်သာလာပါတယ်။
Herniated Disc သည် ခါးမှာဖြစ်ခဲ့ရင်
– တင်ပါးတစ်ဖက်မှ အောက်ဘက် ခြေထောက်အထိ နာကျင်ခြင်း (sciatic nerve pain)
– ခါးနာခြင်း
– ခြေထောက်များ ထုံကျင်ခြင်း
– ကြွက်သား အားနည်းခြင်း
.
Herniated disc လည်ပင်းမှာ ဖြစ်ခဲ့ရင်
–လက်ပြင်ရိုး နှစ်ခုကြား နာကျင်ခြင်း
–ပခုံး၊ လက်မောင်းနဲ့ တစ်ခါတစ်ရံ လက်ဖျံနဲ့ လက်ချောင်းများပါ နာကျင်ခြင်း
–လည်ပင်းရဲ့အနောက်ပိုင်းနဲ့ ဘေးတွေပါ နာကျင်ခြင်း
–ခေါင်းညိမ့်တဲ့အခါ သို့မဟုတ် ဘေးလှည့်တဲ့အခါ ပို၍ နာကျင်လာခြင်း
–လက်မောင်းများ ထုံကျဥ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
…
…
Herniated Disc ကြောင့်ဖြစ်တဲ့နာကျင်မှုဟာ အချိန်နဲ့အမျှ သူ့အလိုလို သက်သာသွားလေ့ရှိပါတယ်။
နာကျင်မှု သက်သာတာကို အထောက်အကူဖြစ်စေဖို့…
- ရက်အနည်းငယ် အနားယူပါ။ အချိန်ကြာ အိပ်ရာထဲမှာ လှဲနေတာမျိုးက ကြွက်သားတွေကို တောင့်တင်းစေနိုင်လို့ ရှောင်ကြဥ်သင့်ပါတယ်။
- Ibuprofen နဲ့ Acetaminophen လိုမျိုး အကိုက်အခဲပျောက်ဆေး သောက်ပါ။
- နာကျင်တဲ့နေရာကို အပူ သို့မဟုတ် အအေးကပ်ပါ။
- ခြေလက် ထုံကျဥ်တာမျိုး၊ ဆီး/ဝမ်း မထိန်းနိုင်တာမျိုး၊ မတ်တပ်ရပ်ဖို့ ခက်ခဲတာမျိုး ဖြစ်လာရင်တော့ ဆေးခန်းပြသင့်ပါတယ်။
Herniated Disk ဆိုးလာရင် ခွဲစိတ်ကုသရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
https:// my. clevelandclinic. org / health/diseases/12768-herniated-disk
..
..
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.