ကမ္ဘာတစ်ဝှမ်းမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုခြင်း၊ လိင်အကြမ်းဖက်ခြင်းတို့က ယခုထက်ထိ သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ နေ့စဥ်နှင့်အမျှ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုခြင်း ပြဿနာတွေက ကျား/မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနေပေမယ့့် များသောအားဖြင့် အမျိုးသမီးများနဲ့ ကလေးငယ်များမှာ ပိုပြီးအဖြစ်များလေ့ ရှိပါတယ်။ 
.

🔹 လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းဆိုတာက 

တစ်ဖက်သားသူကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ အသားယူနှောင့်ယှက်ခြင်း၊ တစ်ဖက်သူရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်ကို အသုံးချပြီး မိမိအတွက် အကျိုးအမြတ်ရယူခြင်းပဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ယုံကြည်မှု၊ ပါဝါမညီမျှမှုနှင့် ခုခံနိုင်မှုအားနည်းခြင်းကို အသုံးချကျူးလွန်ခြင်း၊ လိင်ဆက်ဆံခြင်းအားဖြင့် အလုပ်ပေးခြင်း၊ ငွေကြေး လက်ဆောင်အပေါ် အသုံးချခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ရန် ခြိမ်းခြောက်ခြင်းတို့ ပါဝင်ပါတယ်။
.

🔹 လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဆိုတာက

ကျူးလွန်သူရဲ့ အလိုဆန္ဒအရ တစ်ဖက်သူရဲ့ ခွင့်ပြုချက်ကို မရယူဘဲ အတင်းအဓမ္မ ခြိမ်းခြောက်၍ ရယူခြင်း၊ အနိုင်ယူစော်ကားခြင်း၊ တစ်ပါးသူရဲ့ ခန္ဓာကိုယ်ကို အသုံးချခြင်းတို့ကို ခေါ်ပါတယ်။

ဥပမာအားဖြင့် ကာမမုဒိန်းကျင့်မှုများ၊ အတင်းအကျပ်ဖိအားပေးပြီး ဆက်ဆံမှုများ၊ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်အောင် လုပ်ယူခြင်းများ ပါဝင်ပါတယ်။
.

🔹 ထို့အပြင် နေ့စဥ်နှင့်အမျှ ကလေးသူငယ်များ (အသက် ၁၈နှစ်အောက် ရှိသောသူများ) ကိုလည်း ထိပါးစော်ကားမှုများ တွေ့ကြုံနေရဆဲ ဖြစ်ပါတယ်။​ အထူးသဖြင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်ရဲ့ လိင်အင်္ဂါအား ထိတွေ့ခြင်း၊ ကြောက်လန့်အောင်လုပ်၍ အနိုင်ကျင့်ခြင်း၊ စိတ်အားငယ်မှုကို အသုံးချ၍ ကြံစည်ခြင်းတို့ဖြင့် ဖြစ်ပွားနေလျက် ရှိပါတယ်။
.

🔺ကျူးလွန်ခံရတဲ့သူတွေ ဘယ်လိုတွေ ခံစားရနိုင်လဲ

ရုပ်ပိုင်ဆိုင်ရာ ထိခိုက်မှုအနေနဲ့…

  • ဖူးရောင်ဒဏ်ရာတွေ ရမယ်။
  • မိန်းမကိုယ်အင်္ဂါနဲ့ အနားတစ်ဝိုက် ထိုးသွင်းဒဏ်ရာများ၊ ထိခိုက်စုတ်ပြဲဒဏ်ရာများ ရမယ်။
  • ကိုယ်ဝန်ဆောင်ရတာမျိုး ဖြစ်လာနိုင်တယ်။
  • အဆိုးဆုံးကတော့ လိင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရလာနိုင်ပါတယ်။

▪️ စိတ်ပိုင်းဆိုင်ရာအနေနဲ့….

  • ရှက်ရွံ့ကြောက်လန့်မှုတွေ ဖြစ်လာမယ်။
  • စိတ်အားငယ်ခြင်းတွေ ဖြစ်လာမယ်။
  • မိမိကိုယ်ကို နာကျင်အောင် ပြုလုပ်ချင်စိတ်တွေ ပေါ်လာမယ်။
  • ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် စိတ်မလုံခြုံမှုတွေ ဖြစ်လာမယ်။
  • အဆိုးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ အထိပါ ရှိလာနိုင်ပါတယ်။

ဒါ့အပြင် တခြားသော လူမှုရေးဆိုင်ရာ ပြဿနာတွေကိုပါ ကြုံတွေ့လာနိုင်ပါတယ်။
.

🔹ထိုကဲ့သို့များ ဖြစ်လာခဲ့ပြီဆိုရင် ဘာလုပ်ကြမလဲ

သိသိချင်း ဆေးရုံ၊ ဆေးခန်းကို သွားပါ။ ဒဏ်ရာများမှတစ်ဆင့် အမှုဖွင့်ရန်အတွက် လိုအပ်တဲ့ သက်သေများ စုဆောင်းနိုင်မှာ ဖြစ်ပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ ဒဏ်ရာပိုးဝင်တာ၊ သွေးထွက်လွန်တာ၊ အသက်အန္တရာယ် ဖြစ်လာနိုင်တာတွေ ရှိသည့်အတွက် လိုအပ်တဲ့ ကုသမှုတွေကို ရယူပေးပါ။

နောက်ထပ် အများဆုံးကြုံတွေ့ရမှာက ကိုယ်ဝန်ကိစ္စပါ။ ဖြစ်ဖြစ်ချင်းကနေ ရက်ပိုင်းအတွင်း အရေးပေါ် ကိုယ်ဝန်တားဆေးများ သုံးပေးပါ။ မဟုတ်ရင် မလိုလားအပ်တဲ့ ကိုယ်ဝန်ရခြင်း၊ အသက်ငယ်ငယ်နှင့် ကိုယ်ဝန်ဆောင်ရခြင်း၊ တရားမဝင် ဖျက်ချတဲ့အခါမှာလည်း မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရရှိခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ 

လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများဖြစ်တဲ့ HIV, Chlamydia, Syphilis, ဆီးပူညောင်းကျစသည့် ရောဂါများအတွက် ဆေးစစ်ချက်များ ပြုလုပ်ပြီး ပိုးသတ်ဆေးများ၊ ကာကွယ်ဆေးများ ထိုးနှံသောက်သုံးရမှာ ဖြစ်ပါတယ်။ 

စိတ်ကျန်းမာရေးဆရာဝန်နှင့် ပြသ၍ ပွင့်လင်းစွာပြောပြပြီး နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးသင့်သည့်အပြင် မိသားစု၊ သူငယ်ချင်းများကလည်း အားပေးဖေးမမှုများ၊ နွေးထွေးအောင် ထားပေးမှုများ ပြုလုပ်ပေးသင့်ပါတယ်။ 
.

🔹ထိုကဲ့သို့ မဖြစ်အောင် ဘယ်လို ကာကွယ်လို့ရနိုင်မလဲ

  • လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် မဖွယ်မရာပြုမှုတို့အပေါ် တုံ့ပြန်ပုံနှင့် ပတ်သက်၍ အသိပညာ မြှင့်တင်ခြင်း
  • လိင်ပိုင်းဆိုင်ရာ ကျင့်ဝတ်များ သတ်မှတ်ကျင့်သုံးခြင်း
  • ကဏ္ဍအလိုက် တာဝန်များ သတ်မှတ်ဆောင်ရွက်စေခြင်း
  • သတင်းပေးတိုင်ကြားသည့် စနစ်ထားရှိ၍ ဆောင်ရွက်ခြင်း
  • မူဝါဒရေးဆွဲ အကောင်အထည်ဖော်ခြင်းတို့နဲ့အတူ စတင်ဆောင်ရွက် ကာကွယ်ရမှာ ဖြစ်ပါတယ်။ 

ထို့အပြင် အပြန်အလှန် လေးစားရန်၊ လိင်အသားပေးစကားလုံးနှင့် အပြုအမူများ မသုံးနှုန်းရန်၊ မလျော်ကန်သည့် အပြုအမူများ ရှောင်ရှားရန်၊ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အသားယူခြင်းများ မပြုလုပ်ရန် စသည်တို့ကိုပါ အသိပညာပေး ကြေညာရန် လိုအပ်ပါတယ်။

ယခုနောက်ပိုင်းမှာတော့ လိင်ပညာပေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်လာကြသလို လိင်အကြမ်းဖက်မှု ရပ်တန့်စေရေး ကမ်ပိန်းများကိုပါ လုပ်ဆောင်လာကြပြီ ဖြစ်ပါတယ်။

Ref: 📖
ivcanetwork . org, PSEA . unicef. org 

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here