ကျွန်တော်တို့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ ခန္ဓာကိုယ်မှာ သွေး ၅-၆ လီတာခန့် ပမာဏရှိပြီး သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား စတဲ့ သွေးဆဲလ်များ၊ သွေးရည်ကြည် စတာတွေ ပါဝင်ပါတယ်။ သွေးဟာ ကိုယ်ခန္ဓာအတွင်း အောက်ဆီဂျင်ဓာတ်နဲ့ အစာအာဟာရပစ္စည်းတွေကို လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီ သယ်ယူပို့ဆောင်ပေးဖို့၊ မလိုအပ်တဲ့ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်ပေးဖို့ အပါအဝင် ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့လုပ်ငန်းဆောင်တာ တော်တော်များများကို ပြုလုပ်ပေးပါတယ်။
သွေးလှူတဲ့အခါ ထို ၅-၆ လီတာပမာဏရှိတဲ့ များပြားတဲ့သွေးပမာဏထဲက တစ်ကြိမ်လှူလျှင် ၅၀၀ မီလီလီတာ ပမာဏကိုသာ ထုတ်ယူတာဖြစ်လို့ သွေးလှူရှင်အပေါ် ကြီးကြီးမားမားထိခိုက်မှု မဖြစ်စေတတ်ဘဲ မိမိလှူဒါန်းလိုက်တဲ့ သွေးတစ်ထုပ်ဟာ အကြမ်းအားဖြင့် လိုအပ်နေတဲ့ လူသုံးယောက်အတွက် အသက်ကယ်တင်ပေးနိုင်တာဖြစ်လို့ အင်မတန် ပီတိဖြစ်ဖွယ် ကောင်းလှတဲ့ လုပ်ရပ်တစ်ခုပါ။
…
…
🔺သွေးလှူရှင်ဖြစ်ဖို့ လိုအပ်ချက်တွေ
- သွေးလှူရှင်ဟာ နာတာရှည်ရောဂါမရှိတဲ့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူ ဖြစ်ရပါမယ်။
- လတ်တလော ဖျားနာခြင်း မရှိရပါ။
- အသက် ၁၈ နှစ်ကနေ အသက် ၆၅ နှစ်အတွင်း ဖြစ်ရပါမယ်။
- ရှိသင့်တဲ့ သတ်မှတ်သွေးနီဥ ဟေမိုဂလိုဘင် (Haemoglobin) ပမာဏ ပြည့်မီရပါမယ်။
- သွေးလှူခြင်း အကြိမ်အပိုင်းအခြား တစ်ခုနဲ့တစ်ခုကြား အနည်းဆုံးလေးလတာ ခြားရပါမယ်။
- လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ခွဲစိတ်ဖူးတာ၊ တီဘီ (TB) ရောဂါ ဖြစ်ပွားဖူးတာ၊ တက်တူး (Tattoo) ထိုးဖူးတာ မဖြစ်ရပါဘူး။
- ကိုယ်ဝန်ဆောင်သည်နဲ့ နို့တိုက်မိခင်တွေဟာ သွေးလှူဒါန််းလို့ မရပါဘူး။
- အမျိုးသမီးများ ရာသီလာနေစဥ် အချိန်ကာလတွေ လှူဒါန်းလို့ မရပါဘူး။
…
…
သွေးလှူဒါန်းခြင်းဟာ ပီတိဖြစ်ဖွယ်၊ ဝမ်းမြောက်ဖွယ်ကောင်းလှတဲ့အပြင် သွေးလှူဒါန်းခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာလည်း ရရှိနိုင်ပါသေးတယ်။
(၁) နှလုံးနဲ့ အသည်းကျန်းမာရေးကို ကောင်းမွန်စေတယ်
သွေးလှူခြင်းဖြင့် ခန္တာကိုယ်ကို အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ သံဓာတ်စုပုံ များပြားလာမှုကို လျှော့ချပေးလို့ နှလုံးရုတ်တရက်ဖောက်ခြင်း၊ လေဖြတ်ခြင်း စတာတွေကို ကာကွယ်ပေးပါသေးတယ်။
.
(၂) သွေးလှူခြင်းက ကိုယ်အလေးချိန် လျော့ကျစေတယ်
ဟုတ်ပါတယ်… သွေးလှူခြင်းဟာ ကယ်လိုရီ (calories) တွေကို လောင်ကျွမ်းစေလို့ ပုံမှန်သွေးလှူလေ့ရှိသူတွေဟာ ကိုယ်အလေးချိန် ထိန်းသိမ်းပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။
.
(၃) ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချပေးတယ်
တစ်နှစ်ကို အနည်းဆုံး သွေးနှစ်ကြိမ်လှူဒါန်းခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
.
(၄) အခမဲ့ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်နိုင်မယ်
သွေးမလှူဒါန်းမီ သွေးလှူရှင်ကို ဦးစွာ သွေးပေါင်ချိန်တာကစလို့ သွေးနီဥ ဟေမိုဂလိုဘင် (Haemoglobin) ပမာဏစစ်ဆေးမှုအဆုံး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးချက်တွေ လုပ်ရတဲ့အခါ တစ်ပါတည်း အခမဲ့ဆေးစစ်မှုရရှိစေပါတယ်။ နောက်ပြီး အသည်းရောင်အသားဝါ (ဘီ) ပိုး၊ အသည်းရောင်အသားဝါ (စီ) ပိုး၊ HIV/ AIDS လို ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ ကာလသားရောဂါ၊ ငှက်ဖျားရောဂါ စတဲ့ ကူးစက်နိုင်တဲ့ရောဂါတွေ ရှိ/မရှိ ကနဦး စစ်ဆေးရသေးလို့ အခမဲ့ ဆေးစစ်ပြီးသားတောင် ဖြစ်စေပါတယ်။
.
(၅) သွေးလှူရှင် ရလိုက်တဲ့ပီတိ
ဒါကတော့ အထူးတလည်ပြောစရာမလိုလောက်အောင် သွေးလှူရှင်တစ်ဦးအနေနဲ့ သွေးလှူဒါန်းမှုကနေ စိတ်ကျေနပ်မှုတစ်စုံတစ်ရာ ရရှိမှာမလွဲပါပဲ။ မိမိ လှူဒါန်းလိုက်တဲ့ သွေးကနေ အသက်ပေါင်းများစွာကယ်တင်နိုင်တယ်ဆိုတဲ့ အသိနဲ့တင် ဝမ်းမြောက်ကြည်နူးစရာအတိပါ။
…
…
ကမ္ဘာမှာ နေ့စဥ်နေ့တိုင်း သွေးလိုအပ်ချက် ဖြည့်တင်းနိုင်ဖို့ သွေးလှူရှင်အသစ် (ပထမဆုံးအကြိမ် သွေးစလှူဖူးသူ) ၄၀၀ နီးပါး လိုအပ်တယ်လို့ စစ်တမ်းတွေကဆိုပါတယ်။
နောက်ပြီး သွေးလှူခွင့်မရတော့တဲ့ သွေးလှူရှင်ဟောင်းအရေအတွက်ကို အလျင်မီဖြည့်တင်းနိုင်ဖို့ တစ်နှစ်ကို တစ်သိန်းကျော်အရေအတွက်လောက် လိုအပ်လျက်ရှိပါတယ်တဲ့။
ကဲ… သင့်သွေးဖြင့် အသက်ကယ်ကြရအောင်နော်…။
Reference: 📚
NIH : National Heart, Lungs and Blood Institute ; Donate Blood & Save a Life
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.