အွန်လိုင်းကနေ အခမဲ့ ဆွေးနွေးတိုင်ပင်ပေးတဲ့ ဆရာမတို့ရဲ့ အာဟာရဆေးခန်းလေးဟာ ဖွင့်လှစ်လာတာဆိုရင် တစ်နှစ်ခွဲလောက် ဖြစ်လာပါပြီ။ လူနာလည်းအတန်အသင့်ရှိသလို “ သိသူဖော်စား မသိသူကျော်သွား” တွေလည်း ရှိတာပေါ့နော်။
ဆေးခန်းမှာ အများဆုံးလာပြကြတာတော့ ၀ိတ်လျှော့ဖို့၊ ၀ိတ်တက်ချင်လို့၊ အရပ်ရှည်ချင်လို့၊ ဆီးချိုရှိလို့၊ ကိုယ်၀န်ဆောင်မို့၊ ကလေးပိန်နေလို့ အစားစားပါပဲ။
ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကျန်းမာရေးဗဟုသုတမဟုတ်ဘဲ အာဟာရအတွက် ဆေးခန်းလာပြတဲ့အခါ ဘယ်လိုအချက်အလက်တွေက ဆရာ၀န်အတွက် သိဖို့အရေးကြီးလဲ၊ လူနာဘက်က ဘာတွေပြောပြရမလဲ၊ ဆရာ၀န်နဲ့ လူနာအကြားဘယ်လို ဆွေးနွေးကြမယ်ဆိုတဲ့အကြောင်းကို ပြောပြချင်ပါတယ်။
…
…
တခြားရောဂါတွေနဲ့ မတူတာက ရောဂါရှိမှမဟုတ်ဘဲ လူကောင်းတွေ၊ ပုံမှန်လူတွေ မည်သူမဆို လူနေမှုပုံစံ (lifestyle) ပိုကောင်းမွန်အောင် အကြံလိုချင်သူတွေအနေနဲ့ တိုင်ပင်ပြသနိုင်ပါတယ်။
အထွေထွေရောဂါဆေးခန်းတွေက သိချင်တဲ့ သွေးခုန်နှုန်း၊ အသက်ရှုနှုန်း၊ သွေးတွင်းအောက်ဆီဂျင်တို့၊ သွေးပေါင်ချိန်တို့က ဆရာမတို့ဆေးခန်းမှာတော့ တအားအရေးကြီးတဲ့ အချက်အလက်မဟုတ်ပါဘူး။ အရေးကြီးဆုံးက ပြသလိုသူရဲ့အရပ်အမြင့်ပါ။ ဒါမှသာ ရှိသင့်တဲ့အလေးချိန်၊ စားသင့်တဲ့ ကယ်လိုရီ၊ အသားဓာတ်တွေကို တွက်ရလွယ်တာပါ။ လာပြသူအများစုက လက်ရှိ ပေါင်ချိန် ၂၀၀ ပါ၊ ၀ိတ်ချချင်လို့ပါ စသဖြင့်ပြောကြပါတယ်၊ အဲဒီအခါ အရပ်အမြင့်လေးပါ ထည့်ပြောပေးခြင်းဖြင့် ဆရာမတို့အနေနဲ့ တွက်ဆရပိုမြန်စေပါတယ်။
နောက်တစ်ခုက ကိုယ့်ဟာကိုယ် BMI တွက်ပြီးတော့ များနေတယ်ဆိုပြီးလည်း လာတတ်ကြပါတယ်။ BMIကို ယေဘုယျသုံးလို့ကောင်းပေမယ့်လည်း တချို့သူတွေမှာ ကိုယ်ခန္ဓာက လူကောင်ကို ထွားတာတွေလည်း ရှိတတ်ကြပါတယ်။ ဒီလိုလူတွေအတွက် အဝလွန်/မလွန် ပြန်ချိန်လို့ရတာကတော့ ခါးအတိုင်းအတာပါ။
ဒီတော့ လွယ်ကူရိုးရှင်းတဲ့ ပေကြိုးလေးတစ်ချောင်း ဆောင်ထားဖို့လည်း အကြံပေးချင်ပါတယ်။ ဝိတ်ချတဲ့အခါ ဝိတ်က သိသိသာသာမလျော့သွားတဲ့ သူမျိုးတွေ၊ ကြွက်သားထုကိုက များနေတဲ့သူတွေမှာဆိုရင် ခါးအတိုင်းအတာ တဖြည်းဖြည်းလျော့လာတာနဲ့လည်း အောင်မြင်မှုကို တိုင်းတာလို့ရတာမို့ပါ။ ခါးအတိုင်းအတာများခြင်းက နှလုံးသွေးကြောကျဉ်းတာ၊ သွေးတွင်းအဆီဓာတ်များတာ ဒီလိုနာတာရှည်အခြေအနေတွေနဲ့လည်း ဆက်စပ်နေတာမို့ ကျန်းမာရေးအသိအတွက် တိုင်းစေလိုပါတယ်။ ပုဆိုး လုံချည် ဝတ်ကြတဲ့အခါ ကျပ်သွားလား ချောင်လာလားဆိုတာ မသိရဖြစ်လေတော့ တစ်ခါတစ်ရံ မိမိကိုယ်မိမိ သတိမမူဂူမမြင်ဖြစ်ပြီး အဝလွန်နေတာမျိုး ဖြစ်တာတွေရှိလို့ပါ။
နောက်တစ်ခုကတော့ ရောဂါအခံတွေရှိရင်လည်း ပြောပြပေးဖို့ပါ။ ဒါကတော့ လူနာအများစု ပြောပြတိုင်ပင်ကြပြီး ဆေးမှတ်တမ်းထဲလည်း ကြည့်လို့ရတော့ အထွေထူး ထပ်မပြောတော့ပါဘူးနော်။
…
…
ကဲ အာဟာရဆရာဝန်နဲ့ပြတဲ့အခါ အရေးကြီးဆုံးကတော့ အစားအစာမှတ်တမ်းပေါ့။ လူနာအနေနဲ့ စားမိသမျှကို ဒိုင်ယာရီလို ရေးထားဖို့လိုပါတယ်။
လွယ်လွယ်ပြောရရင် မနက်ခင်း မျက်လုံး၂ လုံး ပွင့်တဲ့အချိန်ကနေ လုံးဝအိပ်မောကျ ညဘက်အိပ်ပျော်တဲ့အထိ တစ်နေ့တာလုံးမှာ နည်းနည်းဖြစ်စေ များများဖြစ်စေ စားမိတာမှန်သမျှကို ရေးမှတ်ထားဖို့ပါ။ စားဖြစ်တဲ့အချိန်လေးနဲ့အတူ စားမိတာလေးတွေ ရေးမှတ်ထားတာ လွယ်သယောင်နဲ့ လက်တွေ့မှာ မလွယ်ကူလှပါဘူး။
တစ်နေ့တာ ဘာစားဖြစ်လဲမေးတဲ့အခါ “နေ့လည် ထမင်းနဲ့ဟင်း၊ ညစာ ထမင်းနဲ့ဟင်း” ဒီလို အဖြေများပါတယ်။ မမှားပေမယ့် တစ်နေ့တာ စားသောက်တဲ့ ကယ်လိုရီကို တွက်ချက်တဲ့အခါ ဘယ်လိုမှ တွက်ပေးလို့မရပါဘူး။ မုန့်ဟင်းခါးတစ်ပွဲချင်းတူတောင် ကယ်လိုရီက မတူပါဘူး။ ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင် ထည့်တဲ့ပမာဏတွေကလည်း မတူကြ၊ မိမိက ဘဲဥထည့်စားတာလား၊ အကြော်ထည့်သေးလား၊ ပဲသီးထည့်လား၊ ဆီချက် ဘယ်လောက်ထပ်ထည့်လဲ၊ မုန့်ဖတ် ဘယ်နှဇွန်းစာရှိလဲ၊ အရည်ထပ်ယူသေးလား စသဖြင့် အသေးစိတ်နိုင်လွန်းလှပါတယ်။
ဒါလေးစားတာကို ဒီလောက်ရှုပ်ရလားဆိုပြီး စိတ်မရှုပ်လိုက်ပါနဲ့။ အစကောင်းမှ အနှောင်းသေချာဆိုသလို ဘယ်လိုအမူအကျင့်လေးတွေ ရှိနေတာလဲ၊ ဘယ်နားက လွဲနေတာလဲဆိုတာ စုံစမ်းထောက်လှမ်းလို့ အောင်မြင်သွားရင်ဖြင့် ဝိတ်လျှော့ရတာ အင်မတန်လွယ်သွားပါပြီ။ ဘာ diet ညာ diet လဲ ဂျောင်း… ဘာ meal box ညာ mealbox တွေလည်း မလိုတော့ပါ။ အကောင်းဆုံးကတော့ မိမိကမိမိဘာသာ ဖြစ်တည်နေပြီး၊ တစ်အိမ်လုံးလည်း တူတူစားလို့ရပြီး ကျန်းမာတဲ့ အလေ့အကျင့်ကို ကူးစက်စေကာ တစ်အိမ်လုံး တူတူကျန်းမာနိုင်ပါတယ်။
ဒီတော့ အစားအသောက်မှတ်တမ်း (food diary) လေးကို ရေးမှတ်မယ်ဆို….
(၁) စားဖြစ်သမျှ ပါဝင်ရပါမယ်။
(၂) အချိန်အလိုက်မှတ်ထားရင် ပိုကောင်းပါတယ်။
(၃) စားဖြစ်တဲ့အစားအစာရဲ့ နာမည်တင်မက ဘာတွေ ဘယ်လောက်ပါလဲဆိုတာ သိသလောက် ထည့်ရေးရပါမယ်။
(၄) အတိုင်းအတာတွေကို မိမိနားလည်သလို မျက်စိထဲမြင်နေကျ ပန်းကန်၊ ဇွန်း စတာတွေနဲ့ ဘယ်နှဇွန်းဆိုပြီး ရေတွက်တာမျိုး လုပ်နိုင်ပါတယ်။
(၅) ပါကင်နဲ့လာတဲ့ အစားအစာဆိုရင်တော့ သူ့ရဲ့အညွှန်းက ကယ်လိုရီကိုကြည့်ပြီး ထည့်ရေးပေးပါ။ မကြည့်တတ်ရင် ဓာတ်ပုံရိုက်ထားပြီး ဆေးခန်းလာပြတဲ့အခါ ကြည့်နည်းကိုပါ တစ်ခါတည်းသင်ယူနိုင်ပါတယ်။
…
…
ကျန်းမာဖို့ စလုပ်တော့မယ်လို့ တကယ်စိတ်ပိုင်းဖြတ်ထားတဲ့ လူနာတွေမှာတော့ အသေးစိတ် ကျကျနနလေး မှတ်ထားပြီး ပြန်လာပြတာမျိုးကို အားရဖွယ်တွေ့ရပါတယ်။ လာပြဖူးတဲ့လူနာတွေကိုလည်း တလေးတစား လိုက်နာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။ တကယ်ဆို လူနေမှုဘဝတစ်ခုကို ကျန်းမာအောင်ကူညီပေးရတဲ့ အာဟာရဆရာဝန်နဲ့ ဆွေးနွေးပြသမှုတွေမှာ ဆရာဝန်နဲ့လူနာ နှစ်ဦးနှစ်ဖက် တိုင်တိုင်ပင်ပင် စိတ်ပါလက်ပါရှိဖို့အရေးကြီးလှပါတယ်။ ရောဂါတစ်ခုဖြစ်သလို ဘယ်ဆေးသောက်လိုက်ဆို ညွှန်ရတာမဟုတ်လေတော့ ဘယ်နားမှာ ဘယ်လိုစလွဲလဲဆိုတာကို အသေးစိတ် အနုပညာဆန်ဆန် အဖြေရှာကြရတာပါ။
လူနာဘက်က စိတ်ပိုင်းဖြတ်ထားပြီး၊ ဖြစ်ချင်စိတ်ရှိပြီး ဇွဲရှိရှိနဲ့ ညွှန်ကြားတာတွေ လိုက်နာတဲ့အခါလည်း တကယ်ကို လိုချင်တဲ့ပန်းတိုင်ရောက်တာ တွေ့ရပါတယ်။ လူနာက စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်လေ ညွှန်ကြားရတာ ပိုထိရောက်လေပါပဲ။
ကဲ… အားလုံးပဲ ကျန်းမာတဲ့လူနေမှုဘ၀မှာ ရင်းနှီးမြုပ်နှံရင်း ရောင်နီအလာကို တောင့်ခံထားနိုင်ကြပါစေလို့ ဆုတောင်းလျက်…။
အာဟာရဆရာဝန်တစ်ဦး
Telekyanmar
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.