ဗိုက်ဆာတာ မဟုတ်ဘဲနဲ့ ဗိုက်ထဲက တဂွီဂွီ မြည်သံတွေ အများကြီးထွက်နေတာ ကြုံဖူးကြမယ် ထင်ပါတယ်။ တချို့ကလည်း ဗိုက်ထဲက အသံတွေမြည်တာ တစ်ခုခုဖြစ်မှာစိတ်ပူပြီး ဆရာဝန်ကို လာပြတတ်ကြပါတယ်။

အဲဒီအကြောင်း ပြောပြမယ်နော်…

ပုံမှန်အားဖြင့်တော့ ဆာလောင်လာတယ်ဆိုရင် ဗိုက်ထဲကနေ အချက်ပြသံတွေ ထွက်လာတတ်ပါတယ်။ ဒါပေမယ့် မဆာတဲ့ချိန်တွေ၊ အစားစားပြီးတဲ့ အချိန်တွေမှာလည်း ဗိုက်က အော်နေတတ်ပြန်ပါတယ်။ အဲဒီတော့ ဘာဖြစ်တာလဲဆိုပြီး စိုးရိမ်တတ်ကြတာပေါ့။

ဗိုက် တဂွီဂွီမြည်တာဟာ ဘယ်အချိန်မဆို ဖြစ်နိုင်ပါတယ်။ အဲဒါကို ဆေးပညာစကားနဲ့ Borborygmi လို့ခေါ်ပါတယ်။ မျက်စိထဲမြင်အောင် ပြောရရင် အစာအိမ်ကြီးက ရှေ့‌နောက်လှုပ်ရှားပြီး အတွင်းထဲက ရေတွေ၊ လေတွေကို ရွေ့လျားအောင် လုပ်နေတာပါ။ တဂွီဂွီမြည်သံတွေဟာ အစာအိမ်နဲ့အူလမ်းကြောင်း လှုပ်ရှားနေတဲ့အသံတွေဖြစ်ပြီး အစာခြေမှုလုပ်ငန်းစဉ်မှာ အစာတွေကို ရေနဲ့ရောတာ၊ အစာခြေအင်ဇိုင်းတွေနဲ့ ရောပြီး အစာတွေကို အူလမ်းကြောင်းတစ်လျှောက် ရွေ့လျားအောင်လုပ်တာတွေ လုပ်ရပါတယ်။ ဒီအခါ လေတွေ ဂက်စ်တွေ ထွက်လာတာမျိုးလည်း ရှိတတ်ပြီး အဲဒီအခါ အသံတွေ မြည်တတ်ပါတယ်။

ဗိုက်ထဲမှာ အစာမရှိဘဲ လေတွေပဲရှိတဲ့အခါမှာတော့ အသံတွေက ပိုကျယ်လောင်တတ်ပြီး တစ်မိနစ်ကို ၃ ကြိမ်လောက် ကြားရတတ်သလို ဗိုက်ရဲ့နေရာအနှံ့ကနေလည်း လှုပ်ရှားတတ်ပါတယ်။

အစာပြည့်သွားတဲ့အချိန်မှာတော့ မကြားရတော့တာ မဟုတ်ဘဲ ခုနလှုပ်ရှားတာတွေ ညင်သာသွားလို့ သတိမထားမိတော့တာပါ။ သာမန်နားနဲ့ မကြားရနိုင်ပေမယ့် ဆရာဝန်တွေ အသုံးပြုတဲ့ နားကြပ်နဲ့ထောက်ပြီး နားထောင်မယ်ဆိုရင် ကြားရပါလိမ့်မယ်။

ကိုယ့်ဗိုက်ပဲမြည်လို့ ကိုယ်တစ်ယောက်တည်း ဖြစ်နေတာမဟုတ်၊ လူတိုင်း ဖြစ်နိုင်တယ်ဆိုတာလေးလည်း သတိမူဖို့ လိုပါတယ်နော်။

အစာအိမ်ထဲက နောက်ဆုံးအစာလက်ကျန် ကုန်သွားတဲ့အခါ အစာအိမ်ကနေ Ghrelin ဆိုတဲ့ ဟော်မုန်းတစ်ခုထုတ်ပြီး ဦးနှောက်ကို သင်က ဗိုက်ဆာနေပြီလို့ အချက်ပြပါတယ်။ အဲဒီအခါ အစာခြေအူလမ်းကြောင်းအဖွဲ့အစည်းဟာ လှုပ်ရှားမှုလှိုင်း (peristalsis) တွေ စတင်လုပ်ပါတော့တယ်။ အဲအခါ အသံတွေ မြည်လာတာပါ။

ဗိုက်ထဲက ဒီလိုအော်တိုင်း အစားစားရမယ်တော့ မဟုတ်ဘူး။ ဒါက သင့်ရဲ့ဝမ်းဗိုက်ဟာ လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်၊ ဗိုက်ထဲက လက်ကျန်အစာတွေကို ဆက်လက်ရွေ့လျားအောင် လုပ်နေတယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။

အစာအိမ်တင် မဟုတ်ဘဲ တခြားအူလမ်းကြောင်းနေရာတွေကလည်း ဒီလို အသံမြည်တတ်ပါတယ်။

ဒီလို တဂွီဂွီမြည်တာဟာ ဆာလောင်မှုကြောင့် များနိုင်ပေမယ့် တစ်ခါတလေ စိတ်ပူပန်မှုတွေ ကြောက်လန့်မှုတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒီလို အော်တဲ့အခါ များသောအားဖြင့် စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် ရောဂါတွေကြောင့် ဗိုက်က လှုပ်ရှားမှုများတာလည်း ဖြစ်နိုင်ပါတယ်။

ဆက်စပ်တဲ့ ရောဂါတွေကတော့….

  • ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတဲ့အချိန်
  • Coeliac disease လို့ခေါ်တဲ့ အစာထဲပါတဲ့ gluten ဆိုတဲ့ဓာတ်နဲ့ မတည့်တဲ့ရောဂါ
  • Lactose intolerance (နို့နဲ့ မတည့်တဲ့ရောဂါ)
  • အစားအစာနဲ့ ဓာတ်မတည့်တာ
  • အူလမ်းကြောင်း ပိုးဝင်တာ
  • အူပိတ်တာ
  • IBS လို့ခေါ်တဲ့ အူလမ်းကြောင်းလှုပ်ရှားမှု ဂဏာမငြိမ်တဲ့ ရောဂါတွေမှာ တွေ့ရတတ်ပါတယ်။

Fructose နဲ့ sorbitol သကြားဓာတ် ပါဝင်မှုများတဲ့ ဖျော်ရည်တချို့ သောက်ပြီးရင်လည်း ဒီလို ဗိုက်ထဲမှာ အော်မြည်တတ်ပါတယ်။

ရောဂါမရှိရင်‌တော့ မိမိစားလေ့ရှိတဲ့ အစားအစာကို သတိထားကြည့်ပြီး ပြုပြင်ပြောင်းလဲတာ၊ ရေများများသောက်တာတွေ လုပ်ကြည့်ရပါမယ်။

ဒီလို ‌ဗိုက်ထဲက အော်မြည်သံတွေကို နှေးစေမယ့် နေထိုင်စားသောက်ပုံတွေကတော့….

  • ရေသောက်ခြင်း – ရေကို တစ်ခါတည်း များများသောက်ရင် ဗိုက်ထဲ အသံတွေ ပိုမြည်နိုင်ပါတယ်။ အချိန်ခြားပြီး ဖြည်းဖြည်းနဲ့ နည်းနည်းစီ သောက်ကြည့်ပါ။
  • အစားကို ဖြည်းဖြည်းချင်း ဝါးစားပါ။ ဒီလိုစားရင် ဗိုက်ထဲလေဝင်တာ နည်းတဲ့အတွက် ဗိုက်ပွတာကို နည်းစေပါတယ်။
  • သကြား၊ အရက်နဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ လျှော့စားပါ။ ကော်ဖီလျှော့ပါ။
  • ဘယ်အစားအစာစားရင် ပိုဖြစ်တတ်လဲဆိုတာ သတိထားကြည့်ပြီး မတည့်တာကို ရှောင်ပါ။
  • လေ့ကျင့်ခန်း လုပ်ပါ။ အစာခြေစနစ် လှုပ်ရှားမှုကို မှန်စေပါတယ်။
  • စိတ်ငြိမ်အောင် လေ့ကျင့်ပါ။ စိတ်လှုပ်ရှားရင် အစာခြေစနစ်က ပိုလှုပ်ရှားတတ်ပါတယ်။
  • အစားကို တစ်ခါတည်း အဝစားတာထက် နည်းနည်းနဲ့ ခဏခဏစားတဲ့အကျင့် လုပ်ပါ။ နည်းနည်းစီစားတာက gas ထွက်တာကို နည်းစေပြီး အသံမြည်တာကို လျော့စေပါတယ်။
  • လေပွ လေတက်စေတဲ့ အစားအသောက်တွေကို ရှောင်ပါ။ များသောအားဖြင့် ပဲ၊ ပဲသီး၊ ဘီယာ၊ ပန်းပွင့်စိမ်း၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ မှို၊ ကြက်သွန်၊ အစေ့အဆန်တွေက လေပွတတ်ပါတယ်။ (လူတိုင်းနဲ့ တရားသေ မတည့်တာ မဟုတ်ပါ။ ကိုယ့်ဘာကိုယ် စားကြည့်ပြီး ပိုဖြစ်တဲ့အစာရှိရင် ရှောင်ကြည့်ပါ)

ဒီလို‌ အော်မြည်တဲ့အခါ များသောအားဖြင့် ကုသဖို့ မလိုတတ်ပါဘူး။

ဒါပေမယ့် အပေါ်ကရောဂါတွေကို စိတ်ပူမယ်၊ အော်မြည်တာအပြင် ဗိုက်အောင့်၊ ဗိုက်နာ၊ အန်၊ ဗိုက်တင်းတာ၊ ဝမ်းမသွားတာတွေ၊ ဝမ်းလျှောတာတွေ ရှိမယ်၊ မိမိမှာ အစာအိမ်ကင်ဆာ/အူမကြီးကင်ဆာ မျိုးရိုးရှိမယ်၊ ဗိုက်ထဲ အသံမြည်တာတွေအပြင် ရင်ပြည့်ရင်ကယ်၊ အစားမစားနိုင်၊ ကိုယ်အလေးချိန် သိသိသာသာ ကျသွားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်…။

အထူးကုသမားတော်တစ်ဦး
Telekyanmar

ကိုးကား (Reference)
https:// patient. info /news-and-features/why-does-your-stomach-rumble-when-you-arent-hungry

https:// www. medicalnewstoday. com /articles/319901

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here