ခံတွင်းထဲမှာပေါက်တဲ့ အပူနာ (Aphthous ulcer) ဟာ နူးညံ့တဲ့ခံတွင်းသားမှာ ပေါက်တာကြောင့် နည်းနည်းလေးများ ထိလိုက်ရင် မျက်ရည်တွေ ဝဲတက်လာရလောက်အောင်ထိနာမှန်း သိပြီးသားဖြစ်ကြမှာပါ။ သူဟာ ခံတွင်းသားနေရာစုံမှာ ပေါက်လေ့ရှိပြီး အောက်နှုတ်ခမ်းနဲ့ သွားကြားက သွားဖုံးနေရာမှာ ပိုပြီးအဖြစ်များပါတယ်။ ဒါပေမယ့် ရေယုန်ရောဂါ ဒါမှမဟုတ် ကင်ဆာကြောင့် ဖြစ်ရတဲ့အနာတွေတော့ မဟုတ်ပါဘူး။

ခံတွင်းထဲမှာပေါက်တဲ့ အပူနာ (Aphthous ulcer) ဟာ အကျယ် ၂-၃ မီလီမီတာလောက်ပဲ ရှိတတ်ပြီး အနက်က တိမ်တိမ်လေးပဲ ရှိပါတယ်။ အဝါရောင် ဒါမှမဟုတ် မီးခိုးရောင်လေးကိုမှ ဘေးကနေ အနီတောက်တောက်လေးက ဝိုင်းထားတာမျိုး တွေ့ရမှာပါ။

ဘယ်သူတွေမှာ ဖြစ်တတ်လဲ….

လူတိုင်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်တွေ၊ လူငယ်တွေမှာ ဖြစ်တတ်ပြီး အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ဓမ္မတာမလာမီအချိန်မှာဆိုရင် ပိုပြီးတောင် အဖြစ်များပါတယ်‌နော်။ ဘယ်လောက်ထိ အဖြစ်များလဲဆိုရင် လူဆယ်ယောက်ရှိရင် တစ်ယောက်မှာ အဲအနာကို တွေ့နိုင်မှာပါ။

ဘာတွေကြောင့် ဖြစ်ရတာလဲ….

အကြောင်းရင်းကိုတော့ ရေရေရာရာ မသိကြရသေးပါဘူး။ လူရဲ့ကိုယ်ခံစွမ်းအား ကျသွားတဲ့အချိန်မှာ ဘတ်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးတစ်မျိုးမျိုးက အနာကို ဖြစ်စေတာပါဆိုတဲ့ သီအိုရီတစ်ခုတော့ ရှိပါတယ်။

ခံတွင်းထဲမှာပေါက်တဲ့ အပူနာ (Aphthous ulcer) ကို ဖြစ်စေနိုင်တဲ့ အခြားအကြောင်းအရင်းတွေကတော့…

– စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိစီးခြင်း (Emotional or physical stress)

– အားအင်ကုန်ခမ်းသွားခြင်း

– ဓမ္မတာမလာခင် ဖိစီးမှုများဖြစ်ခြင်း

(Premenstrual tension)

– အလွန်ပူသောအစားအစာများကို စားသောက်ခြင်း၊ သွားတိုက်ချိန် မာကျောသော သွားတိုက်တံ‌ကို အသုံးပြုခြင်း၊ သွားနှင့်ကိုက်မိခြင်း၊ သွားထိန်းကိရိယာ (Braces) တပ်ထားရခြင်း၊ သွားအံကပ်များ အဆင်မပြေဖြစ်ခြင်းနှင့် သွားနှင့်ခံတွင်းရောဂါကုသမှုများ ခံယူခြင်းကြောင့် ခံတွင်းအတွင်း ထိခိုက်ဒဏ်ရာရခြင်း

– အချို့အစားအစာများ (အချဉ်ဓာတ်ရှိသည့်သစ်သီးများ၊ မြေပဲဆားလှော်၊ အက်ဆစ်ဓာတ်ကဲသော အစားအစာများ၊ ချောကလက်) နဲ့ ဓာတ်မတည့်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဘယ်လို လက္ခဏာတွေ ပြလဲ….

လူအများစုအ‌နေနဲ့ ပထမဆုံးသတိပြုမိကြတာကတော့ အက်ဆစ်ဓာတ်ကဲတဲ့ ဒါမှမဟုတ် အချဉ်ဓာတ်ပါတဲ့ အစားအစာတစ်ခုခုကို စားလိုက်ရင် အနာနေရာမှာ စူးခနဲနေအောင် အထိုးခံလိုက်ရသလို ခံစားရတာပါ။ တစ်ခါတလေကျတော့လည်း အနာမဖြစ်ခင်မှာ ပူလောင်တာ ဒါမှမဟုတ် ကျဉ်တာကို ခံစားကြရပါတယ်။ အနာဖြစ်ပြီး ပထမ ၃ ရက်မှာ တအားနာတာကြောင့် စားရ၊ သောက်ရ၊ စကားပြောရတာ တော်တော်လေးကို အဆင်မပြေ ဖြစ်ရမှာပါနော်။

များသောအားဖြင့် ဘာတွေ ဆက်ဖြစ်တတ်လဲ….

ခါးတွင်းထဲမှာပေါက်တဲ့ အပူနာ (Aphthous ulcer) ဟာ ပြင်းထန်လေ့ မရှိပါဘူး။ အနာအများစုဟာ ၁၀ ရက်ကနေ ၁၄ ရက်လောက် ကြာတဲ့အခါ အမာရွတ်တောင်မကျန်ခဲ့ဘဲ သက်သာပျောက်ကင်းသွားကြပါတယ်။ တချို့သူတွေမှာ ခဏခဏ ပြန်ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် အနာက ၃ ပတ်ကျော် ကြာတာတောင်မှ မပျောက်သွားဘူးဆိုရင်တော့ တစ်ခုခုမှားနေတာ သေချာပါပြီ။ ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပြီး လိုအပ်တဲ့ သွေးစစ်တာ (Blood test) ဒါမှမဟုတ် အသားစယူစစ်ဆေးတာ (Biopsy) စတာတွေကို လုပ်ရပါလိမ့်မယ်နော်။

ဘယ်လိုကုသနိုင်သလဲ….

လူအများစုမှာ အနာက ကုစရာမလိုဘဲ ပျောက်ပါတယ်။ ၃ ရက် ၄ ရက်လောက် စားရ၊ သောက်ရ၊ စကားပြောရတာ အဆင်မပြေတာက လွဲရင်ပေါ့လေ။ တကယ်လို့ သွားတွေကျိုးပဲ့ပြီး မညီမညာဖြစ်တာ၊ တပ်ထားတဲ့ သွားအံကပ်က အဆင်မပြေတာ စတာတွေကြောင့် အနာက ဖြစ်ရတာဆိုရင်တော့ သွားဆရာဝန်ဆီမှာ သေချာပြသတိုင်ပင်ရမှာ ဖြစ်ပါတယ်။

လူနာတချို့က “ အရှုံးပေးရင် နှလုံးအေးတယ်” ဆိုတဲ့အတိုင်း အနာကြောင့် အဆင်မပြေဖြစ်ရတာကို လိမ်းဆေးတောင်မလိမ်းဘဲ အံကြိတ်‌နေတတ်ပေမယ့် တချို့ကတော့ အနာသက်သာအောင် အကိုက်အခဲပျောက်ဆေးတွေ သောက်ရင်‌သောက်မှာပေါ့လေ။ ဒါပေမယ့် အများစုကတော့ အနာကြောင့်အဆင်မပြေဖြစ်နေရတာကို သက်သာအောင် ဆရာဝန်နဲ့ ကုသမှုခံယူဖို့ ဆုံးဖြတ်ကြပါတယ်။

ဘယ်လိုမျိုး စားသောက်နေထိုင်သင့်လဲ….

– တအားစပ်တာ၊ ချဉ်တာတွေ (ဥပမာ – ငရုတ်သီး၊ ဂရိတ်ဖရုသီး၊ ရှာလကာရည်) အပြင် အနာကို ပိုဆိုးစေနိုင်မယ့် အစားအသောက်မှန်သမျှကို ရှောင်ရပါမယ်။

– အရည်များများသောက်ပေးသင့်ပြီး ဒိန်ချဉ်တို့၊ ရေခဲမုန့်တို့လို အစာပျော့ပျော့လေးတွေကိုပဲ စားသင့်ပါတယ်။

– အရည်သောက်တဲ့အခါ နာတာကို လျော့အောင်လို့ ပိုက်ကလေးနဲ့ စုပ်သောက်လို့ ရပါတယ်။

နာတာလျော့သွားအောင် ဘာတွေလုပ်လို့ရမလဲ….

– နာတာလျော့သွားအောင် ထုံစေတဲ့အာနိသင်ရှိတဲ့ Lignocaine gel လိုမျိုး လိမ်းဆေးကို ဂွမ်းနဲ့တို့ပြီး အနာကို လိမ်းပေးလို့ရပါတယ်။ ဒါက အစာစားတဲ့အခါ မနာအောင် ကူညီပေးမှာပါ။

– အရိုးရှင်းဆုံးကတော့ ဆားရေပလုတ်ကျင်းတာပါ။

– ပိုးသတ်ဆေး (Antiseptic) ပါတဲ့ ပါးစပ်ဆေးကြောဖို့အရည် (Mouthwash) ကိုလည်း သုံးနိုင်ပါတယ်။

– အရောင်ကျဆေးဖြစ်တဲ့ စတီးရွိုက် (Steroid) ပါတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေကိုလည်း သုံးလို့ရပါတယ်။

ဒါပေမယ့် သောက်ဆေး၊ လိမ်းဆေးတွေကို ဆရာဝန်ညွှန်ကြားချက်ကို ရယူပြီးမှသာ အသုံးပြုသင့်ပါတယ်။ အနာက တော်တော်နဲ့ မပျောက်သွားရင်လည်း ဆရာဝန်ဆီကို သေချာသွားရောက်ပြသ တိုင်ပင်ဆွေးနွေးဖို့ မမေ့ကြပါနဲ့ဦးနော်။

.

ကဲ…ခံတွင်းထဲမှာပေါက်တဲ့ အပူနာ (Aphthous ulcer) အကြောင်း တစေ့တစောင်းကို ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေဗျာ…။

Dr Frodo

Telekyanmar

Reference: 📖

– John Murtagh’s patient education Sixth edition

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here