ဘာဆိုဘာမှ မသောက်ရပါဘဲ အရက်ရဲ့ဒဏ်ကို ခံနေရတဲ့ ကလေးတွေအကြောင်း ပြောပြချင်လို့ပါ။

ဟုတ်ပါတယ်…

အမေ့ရဲ့ဗိုက်ထဲမှာ ကွေးကွေးလေးနေပြီး အမေသောက်သမျှ အရက်၊ ဘီယာ၊ ဆိုဂျူး၊ ဝိုင်၊ စပိုင် စတာတွေရဲ့ဒဏ်ကို ခံစားနေရတဲ့ ရင်သွေးငယ်လေးတွေအကြောင်းပေါ့။

Fetal Alcohol Spectrum Disorder (FASD) လို့ ခေါ်ပါတယ်။

အနီးစပ်ဆုံး ဘာသာပြန်ရရင်တော့… အရက်ကြောင့် ရင်သွေးငယ်တွေမှာ ထိခိုက်ခံစားရသော လက္ခဏာဝေဒနာများ ဆိုရမလား။ အမှန်တော့ ဗိုက်ထဲမှာတင်မဟုတ် မွေးအပြီးနောက်ပိုင်း တစ်သက်လုံး ချို့ယွင်းချက်လေးတွေနဲ့ ရှင်သန်နေထိုင်သွားရတဲ့ အကြောင်းလေးပါ။ (အမေက ကိုယ်ဝန်ရှိလျက်နဲ့ အရက်သောက်လို့လေ 🥺)

မိခင်လောင်းတွေအတွက် သတိပေးဆောင်းပါးလေးပါနော်….။

….

….

ခုခေတ်မှာ အမျိုးသမီးတွေကြား အယ်လ်ကိုဟော ပါဝင်တဲ့ ယမကာတစ်မျိုးမျိုး (မည်သည့်အမျိုးအစားမဆို) သောက်သုံးတယ်ဆိုတာ အထူးအဆန်း မဟုတ်တော့ပါဘူး။

ဒီအတွက် တစ်ဦးချင်းစီက ကိစ္စမရှိဘူးပေါ့နော်။ ကိုယ်သောက်လိုက်တဲ့ အယ်လ်ကိုဟောကို နာရီအနည်းငယ်အကြာမှာ ကိုယ့်အသည်းက ပြန်လည်​ချေဖျက်ပေးမှာပါ။ (များများနဲ့ ရေရှည်သောက်သုံးလို့ အသည်းထိခိုက်ပျက်စီးတာတွေက တစ်ကဏ္ဍပေါ့)

ဒါပေမယ့် အမျိုးသမီးကသာ ကိုယ်ဝန်ဆောင်မိခင် ဖြစ်နေခဲ့ရင် ကိုယ်သောက်လိုက်တဲ့ အယ်လ်ကိုဟောက ဗိုက်ထဲက အပြစ်ကင်းတဲ့ ရင်သွေးငယ်လေးကို အနည်းနဲ့အများ ထိခိုက်သွားပါတယ်နော်။

ဒါဟာ ကလေးအတွက် အန္တရာယ်များတယ်လေ။

အသေးစိတ်ပြောရရင်…

ဗိုက်ထဲက ကလေးတွေရဲ့အသည်းဟာ ကောင်းစွာမဖွံ့ဖြိုးသေးသလို ပုံမှန်အလုပ်တွေကိုလည်း မလုပ်ဆောင်နိုင်သေးပါဘူး။ ဒါကြောင့် အချင်းကနေတစ်ဆင့် ချက်ကြိုးကိုဖြတ်ပြီး သူ့ဆီရောက်ရှိလာတဲ့ အယ်လ်ကိုဟောကိုလည်း မ​ချေဖျက်နိုင်သေးပါဘူး။ အယ်လ်ကိုဟောတွေဟာ ကလေးရဲ့ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်ပြီး ဒုက္ခပေးနေတာပေါ့။

ကလေးရဲ့ ကြီးထွားဆဲဦးနှောက်ကို ထိခိုက်စေသလို အခြား ကိုယ်တွင်းအင်္ဂါတွေကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။

ဒါကြောင့် ကလေးလေးဟာ “ အူဝဲ” လို့တောင် မအော်နိုင်သေးခင်မှာပဲ ဘုမသိဘမသိ အရက်ကပေးတဲ့ဒုက္ခတွေ ခံစားရတော့တာပေါ့။

ဘာဒုက္ခတွေလဲဆိုရင်…

• ကိုယ်ဝန်နုချိန်မှာဆို သားပျက်သားလျှော ဖြစ်နိုင်ပါတယ်။

• ကိုယ်ဝန်နှောင်းပိုင်းကာလတွေမှာဆို နေ့မစေ့လမစေ့ မွေးတာ၊ ပေါင်ချိန်မပြည့်မီတဲ့ ကလေးသေးသေးလေးတွေမွေးတာကအစ အသက်မရှိတော့တဲ့ ကလေးအသေမွေးတာမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။

• ဒါ့အပြင် ပိုပြီးအရေးကြီးတဲ့အချက်ကတော့….

ရိုးရိုးပုံမှန် မွေးဖွားလာခဲ့ရင်တောင် တဖြည်းဖြည်းကြီးထွားလာချိန်/အရွယ်ရောက်လာချိန်မှာ အခြားကလေးတွေနဲ့ တန်းတူမဟုတ်ဘဲ ဉာဏ်ရည်မဖွံ့ဖြိုးတာ၊ အပြုအမူပိုင်းဆိုင်ရာ ချို့ယွင်းတာ၊ သွားလာလှုပ်ရှားမှု ပုံစံမမှန်တာ၊ အတွေးအခေါ် နိမ့်ပါးတာ၊ သင်ကြားသင်ယူဖို့ ခက်ခဲတာ၊ အတွက်အချက် ညံ့တာ၊ အမြင်အာရုံ အကြားအာရုံ ချို့တဲ့တာ၊ မှတ်ဉာဏ်မကောင်းတာ၊ အာရုံစိုက်လို့ မရတာ၊ တုံ့ပြန်မှုလွန်ကဲတာ အမျိုးမျိုး ဖြစ်နိုင်တဲ့အပြင်…

ကြွက်သား၊ အရိုး၊ အဆစ်တွေ ပုံစံမမှန်တာနဲ့ နှလုံး၊ ကျောက်ကပ်၊ အသည်း စတဲ့ ကိုယ်တွင်းကလီစာတွေမှာ ရောဂါပြဿနာရှိနေတာမျိုးတွေအထိ နောက်ဆက်တွဲဒဏ်တွေ ပုံစံမျိုးစုံ တစ်ခုမဟုတ်တစ်ခု ဖြစ်နိုင်ပါတယ်နော်။

ဟင် ဒါဆို… အမေက တစ်ခါတလေ တစ်ခွက်တလေလောက်တောင် သောက်လို့မရတော့ဘူးလား 🥺

စိတ်မကောင်းစွာနဲ့ပဲ ဒီအတွက် ဘယ်လောက်ပမာဏလောက်ပဲ သောက်ရင် သန္ဓေသားအတွက် ဘေးကင်းတယ်၊ safe ဖြစ်တယ်ဆိုတဲ့ အချက်အလက် မရှိပါဘူးတဲ့။ နည်းနည်းသောက်ရင် ကလေးလေးမှာ ဖြစ်နိုင်ခြေ နည်းနည်းရှိမယ်၊ များများသောက်ရင် ဖြစ်နိုင်ခြေ ပိုများမယ်ဆိုတာမျိုးပဲ ရှိပါတယ်တဲ့။

ဒါကြောင့် မိမိမှာ ကိုယ်ဝန်ရှိနေပြီဆိုရင် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် အယ်လ်ကိုဟော ပါဝင်သော မည်သည့်အရည်ကိုမဆို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ပါနော်။

ဝမ်းကောင်းအောင် ထန်းရည်လေး တစ်ခွက်နှစ်ခွက်တို့၊ စိတ်ပြေလက်ပျောက် စပိုင်လေး ဆိုဂျူးလေးတို့၊ 2% ပဲ ပါတာလေ 3% ပဲ ပါတာလေတို့ အတွန့်မတက်ပါနဲ့….

ကိုယ်သောက်လိုက်တဲ့ အယ်လ်ကိုဟောဟာ သူ့ကို​ချေဖျက်နိုင်စွမ်းမရှိတဲ့ (ဗိုက်ထဲမှာ ကွေးကွေးလေး ကြီးထွားနေတဲ့၊ သားသားလေးလား မီးမီးလေးလား မသိ) ကလေးလေးကို ဒုက္ခပေးတော့မယ်ဆိုတာ အရည်တစ်ခုခု ပါးစပ်ထဲမဝင်ခင်တိုင်းမှာ အမြဲသတိရပေးပါနော် 🥺

ကဲ ဒီလောက်ဆိုရင်တော့

Fetal Alcohol Spectrum Disorder (FASD) ဆိုတဲ့ အမေက အယ်လ်ကိုဟော သောက်သုံးလို့ ကလေးလေးမှာ ထိခိုက်နစ်နာရတဲ့အကြောင်း ကြားဖူးနားဝ ရှိသွားကြပြီ ထင်ပါတယ်။

အများစုသော မိခင်လောင်းတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် အင်မတန် ဂရုစိုက်တတ်ကြပြီး အယ်လ်ကိုဟော သောက်သုံးခြင်းလည်း လုံးဝ မရှိတတ်ကြပါဘူး။

ဒါပေမယ့် အချို့သောသူတွေအနေနဲ့ အမှုမဲ့အမှတ်မဲ့ သောက်မိသည်ဖြစ်စေ၊ မသိလို့ မကြားဖူးလို့ သောက်သုံးနေသည်ဖြစ်စေ သတိမူမိအောင် အခုပိုစ့်လေးကို ရေးလိုက်ပါတယ်နော်။

နာမည်မှာပါတဲ့ Spectrum ဆိုတဲ့ အဓိပ္ပာယ်အတိုင်း ကလေးမှာဖြစ်လာနိုင်တဲ့ ပြဿနာတွေက ကျယ်ပြန့်လွန်းတာမို့ အခုပိုစ့်ထဲမှာ ဖော်ပြထားတာတွေထက်ကို ပိုပြီးလည်း ဖြစ်နိုင်ပါတယ်။

အသေးစိတ် ဆက်လက်သိရှိလိုတယ်ဆိုရင်တော့ ရောဂါနာမည်ကို google မှာ ရိုက်နှိပ်ပြီး လွယ်ကူစွာ ရှာဖွေလေ့လာနိုင်ပါတယ်။ အခုကတော့ CDC, NHS အစရှိတဲ့ ဝက်ဘ်ဆိုဒ်တွေကနေ ကိုးကားဖော်ပြထားတာပါ။

FASD အကြောင်းလေးကို ကိုယ်ကိုယ်တိုင် အကျဥ်းချုံး နားလည်သိရှိသွားပြီဆိုရင်လည်း အခြားသူတွေ သိရှိနိုင်အောင် မျှဝေပေးကြဖို့ တိုက်တွန်းလိုက်ပါရစေနော်။

ဒါမှသာ ဗိုက်ထဲက ကလေးလေးတွေအတွက် အရက်ဒဏ် ခံနေရာကနေ သက်သာသွားကြမယ်မို့လား။ မိခင်လောင်း တစ်ယောက်သိသွားလို့ တစ်ယောက်ဆင်ခြင်လိုက်ရင်လည်း သူ့အတွက်အမြတ်ပေါ့။ ကိုယ့်အတွက်လည်း ကုသိုလ်ရတာပေါ့။

ဟုတ်တယ်မို့လား….

ကဲ…..မှတ်ထားကြဦးနော်။

❌ ကိုယ်ဝန်ဆောင်ချိန် အရက်မသောက်ရပါ ❌

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here