အပေါ်လမ်းကြောင်း အောက်လမ်းကြောင်း

0
463

“ ဆရာမရေ ကျွန်မသမီးကို ကြည့်ပေးပါဦး….” ဟူသော စကားသံနှင့်အတူ မျက်စိမျက်နှာပျက်နေသည့် အမေဖြစ်သူက အသက်ဆယ့်‌ခြောက်နှစ်အရွယ် သနားကမားမိန်းကလေးတစ်ယောက်ကို လက်ဆွဲ၍ ဝင်လာလေသည်။

ကလေးမလေးခမျာ မျက်နှာချောင်ကျနေရုံသာမက လူကလည်း ဖြူပတ်ဖြူရော်ဖြစ်နေ‌၏။ ဆေးခန်းထဲဝင်လာကတည်းက တဟွတ်ဟွတ်နှင့် ချောင်းဆိုးနေသည်မှာလည်း မြင်မကောင်းလှပေ။

“ ဘယ်လိုဖြစ်တာလဲ အဒေါ်ရေ ပြောပါဦး”

“ ဒါ ကျွန်မသမီးလေးပါ ဆရာမ။ ချောင်းဆိုးတာ သွေးတွေပါလာလို့ မီးယပ်ပေါ်အောင် သွေးပေါ်ဆေးလေးထိုးဖို့ ခေါ်လာခဲ့တာပါ”

“ ဟင်… ရှင့်သမီးဖြစ်တာက ချောင်းဆိုးပြီး သွေးပါတာဆို။ ဘယ်လိုဖြစ်ပြီး မီးယပ်က ပေါ်ချင်တာတုန်း အဒေါ်ရဲ့”

“ ဪ ဆောရီးပါ… ဆရာမရေ။ ကျွန်မက ပျောက်ချင်ဇော လောကြီးသွားလို့ပါ။ ဆရာမ ဆုံးဖြတ်ရတာလည်း လွယ်သွားအောင် အတိုချုံ့ပြီးပြောမိသွားတာ။

ဒီလိုပါ… သမီးလေးက ရာသီထိမ်တာ သုံးလလောက်ရှိပြီ ဆရာမရဲ့။ အပျိုလေးဆိုတော့ စိတ်ပူလိုက်ရတာ။ မျက်စိအောက်က အပျောက်မခံတဲ့ကြားကနေ မဟုတ်မဟတ်တွေများ တစ်ခုခုဖြစ်တာလားလို့ စိတ်ပူရသေးတယ်။ ဝမ်းဆွဲကိုလည်း ခေါ်ပြရသေးတယ်။ မဟုတ်လို့တော်ပါသေးရဲ့။ မီးယပ်ရောဂါ ထင်ပါတယ်။ သွေးလုံးဖြစ်မှာစိုးလို့ ဝမ်းဆွဲနဲ့နှိပ်ရ၊ မီးယပ်ပြန်လာအောင် သွေးဆေးသောက်ရနဲ့။ ဘယ်လိုစဖြစ်လဲ မသိ‌တော့ပါဘူး။ အစာကလည်းမစား၊ တရှောင်ရှောင်ဖြစ်နေရာကနေ မီးယပ်ပိန်၊ မီးယပ်ခြောက်ဖြစ်သွားတာသာ ကြည့်ပါတော့ ဆရာမရယ်။ ခုကျ ချောင်းဆိုးတာ သွေးတွေပါလာလို့။ အောက်ဆင်းရမယ့်ဟာတွေ အပေါ်ကို ဆန်တက်လာပြီလားလို့ လာပြတာပါ”

“ ဟုတ်လား… ချောင်းဆိုးရင် သွေးပါတာက ဘယ်လောက်ကြာပြီလဲ”

“ တစ်ပတ်လောက်ရှိပြီ၊ ဆရာမ။ အစက နည်းနည်းစီပဲ၊။ ကွမ်းသီးလုံးလောက်‌ပေါ့။ ကျွန်မကတော့ အောက်ကိုမဆင်းရတဲ့ သွေးတွေက လမ်းကြောင်းပြောင်းပြီး အပေါ်က ထွက်လာတယ်ထင်တာပဲ။ ညှီနံ့နံတယ်‌ ပြောတယ်။ လမ်းကြောင်းပြန်တည့်အောင် ဝမ်းဆွဲနဲ့ နှိပ်နေတာ။ တစ်ယောက်ယောက်က မနာလိုလို့ လုပ်တာလား။ ရွာရှင်တွေ မကြိုက်တာလုပ်မိလို့လားနဲ့ ရွာစာလည်းကျွေး၊ နတ်ကတော်နဲ့လည်း သွားမေးပြီးပါပြီ။

ဒီနေ့မနက်ကျ သွေးတွေက အများကြီး ထွက်လာလို့ ကြောက်လာတာနဲ့ ဆရာမဆီလာတာ။ လမ်းကြောင်းပြန်တည့်အောင် ဆေးလေးဘာလေး ထိုးပေးပါ ဆရာမရယ်။ ရွာတောင်ပိုင်းက ကလေးမလေးကို ဆရာမလုပ်ပေးလိုက်တာ ရာသီတွေဘာတွေ ပြန်ပေါ်တယ်ကြားလို့”

“ အယ်… အဒေါ်ကတော့ လုပ်ပြီ။ ကျွန်မသေချာမေးပါရစေဦး။ အပေါ်တွေ၊ အောက်တွေ၊ လမ်းကြောင်းတွေ ဘယ်လိုလွဲသွားလဲ သိရအောင်ပါ။” (အမှန်တော့ ကလေးအမေ၏ တလွဲအယူအဆများအတွက် ဆရာဝန်မ လှလှလေးခမျာ ဒေါပွစ ပြုနေပါပြီ ????)

သားအမိနှစ်ယောက်စလုံးကို နှာခေါင်းစည်းများ (Masks) ပေးတပ်ပြီး ချောင်းဆိုးလျှင် ပါးစပ်ကိုအုပ်ဆိုးရန် ကလေးမလေးကို လှမ်းပြောနေရသေးသည်။‌ ရောဂါအကြောင်းကို သေချာသိနိုင်ရန် ကာယကံရှင် သမီးလေးကို ပြုံးပြပြီး သိလိုသည်များကို စတင်မေးမြန်းလိုက်သည်။

“ သမီး၊ ချောင်းဆိုးတာ ကြာပြီလား။ သလိပ်တွေရော ထွက်လား။”

“ သမီး ချောင်းဆိုးတာ တစ်လလောက်ရှိပြီ၊ ဆရာမရဲ့။ သလိပ်တွေ ထွက်တယ်။ ဖျားလည်း ဖျားချင်သလိုပဲ။ အမေက သွေးဆေးတွေ၊ မန်းဆေးတွေ တိုက်လိုက်ရင်တော့ ခဏသက်သာသွားတာပဲ။ အဟွတ်….ဟွတ်….”

“ ပိန်ရော ပိန်သွားသေးလား။ အစားရော စားလို့ကောင်းရဲ့လား”

“ အမလေး…. ပိန်သွားတာပေါ့၊ ဆရာမရယ်။ အစက ကျွန်မ သူ့ကို ဝယ်ပေးထားတဲ့ ရင်စည်းက ချောင်ကုန်လို့ သီပေးထားရသေးတယ်။ ပိန်လည်းပိန်၊ ချောင်းလည်းဆိုးတော့ အမောမခံနိုင်လို့ သူ့အစား ကျွန်မပဲ အိမ်မှာ ထမင်းချက်နေရတယ်။ တစ်ခါစားရင် တစ်ဇလုံလောက်စားနေတဲ့သူက အခုတစ်ပန်းကန်ဖျော့ဖျော့တောင် အနိုင်နိုင်ရယ်” ဟူ၍ အမေက ဝင်ဖြေသည်။

“ အဲလိုပိန်လာတာ ဘယ်လောက်လောက် ကြာပြီထင်လဲ”

“ လေး၊ ငါး၊ ခြောက်လလောက်တော့ရှိပြီ ဆရာမရဲ့။ ရွာထဲက ဆံပင်ရှင်းတဲ့ဆီမှာ အလုပ်သွားလုပ်တော့ ပင်ပန်းလို့ဖြစ်မယ်ဆိုပြီး အမှတ်တမဲ့ပါပဲ။ အဲဒီမှာက ဆံပင်တွေ လေလွင့်မှာစိုးလို့ တံခါးပိတ်ပြီး အလုပ်လုပ်ရတော့ ဖုန်မှုန့်တွေ ရှူမိပြီး ခဏခဏတော့ ချောင်းဆိုးကြတယ်။ လျက်ဆားလေး၊ ကွမ်းရွက်လေး စားလိုက်ရင်တော့ သက်သာသွားကြတာပါပဲ။ မီးယပ်မလာတော့တာတော့ သုံးလလောက်ရှိပြီ။ အဲဒီ မီးယပ်မမှန်တာနဲ့ ဖြစ်တာထင်တာပါပဲ ဆရာမရေ။”

(သမီးကို မေးနေသော်လည်း ဝင်ဝင်ဖြေနေသည့် အမေဖြစ်သူကို ရွှေစိတ်တော်ဆိုးချင်မိသော်လည်း ထိုစိတ်ကို ချိုးနှိမ်ပြီးသကာလ သမီးလေးဘက်သို့လှည့်ပြီး ဆက်မေးဖြစ်လေသည်)

“ သမီး တခြားဘာတွေ ဖြစ်သေးလဲ”

“ မောတယ်ရှင့် ဆရာမ။ ချောင်းဆိုးရလို့လား မသိဘူး။ ရင်ဘတ်တွေ အောင့်တယ်။ ဖျားတော့ ဆေးတွေသောက်ပြီးရင် ညကျ ချွေးတွေထွက်တယ်။ အဲကျ အဖျားကျသွားရော။”

“ အေး အေး သမီးရေ။ ဆရာမ စမ်းသပ်ကြည့်မယ်နော်”

(ကလေးမလေးမှာ သွေးအားနည်းပြီး ဖြူဖျော့နေသည်။ လည်ပင်းတွင်လည်း အကျိတ်များကို စမ်းမိ၏။ ဘယ်ညာ အဆုတ်နှစ်ဖက်လုံးတွင် လေဝင်နှုန်းလျော့နေသည်။ ညာဖက်အဆုတ်အောက်ခြေနားတွင် ရေဝင်နေသည့် လက္ခဏာရှိ၏။ အခြားအထွေအထူး မတွေ့ရ‌ပေ)

“ ကိုင်း အဒေါ်ရေ.. သမီးကိုခေါ်ပြီး ဓာတ်မှန်ခန်းကို သွား။ ကျွန်မ စာရေးပေးလိုက်မယ်။ ရင်ဘတ်ဓာတ်မှန် ရိုက်ရမယ်။ ပြီးရင် ဓာတ်ခွဲခန်းမှာ သလိပ်စစ်ဖို့ စီစဉ်ပေးလိုက်မယ်။ လိုအပ်တဲ့ သွေးစစ်ဆေးတာတွေ လုပ်ရလိမ့်မယ်။”

“ ဓာတ်မှန်က ဗိုက်ကို ဘာလို့မရိုက်တာလဲ ဆရာမ။ သားအိမ်က ဗိုက်မှာလေ။ မီးယပ် မလာတာကို ရိုက်ကြည့်ရမှာမဟုတ်လား”

“ ပြီးရင် ကျွန်မ သေချာရှင်းပြပါ့မယ် အဒေါ်ရေ။ ခုက လူနာရှင်းနေတုန်းလေး အချိန်မီ ဓာတ်မှန်လေးရိုက်ရအောင် အမြန်သွားခိုင်းတာပါ။ ဓာတ်မှန်စက်လေးကလည်း လိုအပ်ရင် တခြားနေရာရွှေ့ရမှာမို့ အခုဒီမှာရှိနေတုန်းလေး ရိုက်လို့ရတာ မြန်မြန်လေး သွားရိုက်လိုက်နော်။ ဓာတ်ခွဲခန်းပါ တစ်ခါတည်း ဝင်ခဲ့”

တပည့်ကျော် ၂ ယောက်ရှိသည့်အနက် ဓာတ်မှန်အတွက် ကူလုပ်ပေးနေသော မချောကို အဆင်ပြေဆုံး အမြန်ဆုံးရိုက်ပေးပါရန်၊ ဓာတ်ခွဲအတွက် ကူညီပေးသည့်ကိုမြင့်ကို ချက်ချင်းထွေးသလိပ်တစ်ခွက် (သွေးမပါအောင်ထွေးဖို့ လူနာကို မှာရသေးသည်) နှင့် မနက်ထွေးစရာ သလိပ်ခွက်ပေးရန် မှာရသည်။ လိုရမယ်ရ ဂျင်းအိတ်စပတ် (Gene Xpert) စစ်ရန်အတွက် သလိပ်ထပ်တောင်းထားရန်လည်း သတိပေးရသေးသည် (မြို့ကိုပို့ဖို့ဆိုတာကလည်း ဒီအချိန် ဒီကာလမှာ မလွယ်)။ ပြီးလျှင် အယူအဆလွဲနေသည့် ဤသားအမိနှစ်ယောက်ကို ဂဃနဏသဘောပေါက်သွား‌စေရန် ရှင်းပြရပေဦးမည်။

အတန်ကြာ စောင့်ဆိုင်းပြီးသည့်နောက် ဓာတ်မှန် ရလာပါပြီ။ အဆုတ်နှစ်ဖက်လုံးတွင် တီဘီရောဂါနှင့်တူသည့် လက္ခဏာများရှိနေသည်ကို မြင်တွေ့ရ၏။ သမီးငယ်လေး ခံစားရသည့် ချောင်းဆိုးကြာရှည်ခြင်း၊ သလိပ်တွင်း သွေးပါခြင်း၊ ဖျားခြင်း၊ ကိုယ်အလေးချိန် လျော့နည်းလာခြင်း၊ ညဘက်ချွေးထွက်ခြင်း စသည့် တီဘီလက္ခဏာများကို သတိမထားမိဘဲ ကိုယ်ခံအားနည်းခြင်း၊ သွေးအားနည်းခြင်းကြောင့် ရာသီသွေးထိမ်သွားခြင်းကိုသာ အကြောင်းပြု၍ ကျွန်မ၏ဆေးခန်းသို့ သားအမိနှစ်ယောက် လာရောက်ခဲ့‌ခြင်း ဖြစ်ပေသည်။

ရောဂါအမှန်ကို စောစောစီးစီး ကုသမှုမရရှိခဲ့ဘဲ ကြာရှည်ခံစားနေရပြီး ‌‌ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနေရကြောင်းကိုပါ အဆုတ်တွင် တွေ့နေရသည်။ သလိပ်တွင် တီဘီရောဂါပိုး ရှိ/မရှိအပြင် ဆေးယဉ်ပါးတီဘီပိုး ရှိ/မရှိဆိုသည်ကိုပါ သိနိုင်ရန် ဆက်လက်စစ်ဆေးရ‌ပေဦးမည်။

ပြီးလျှင် တီဘီ‌ရောဂါကုသသည့်အခါ စနစ်တကျ ကုသမှုခံယူရန် အလွန်အရေးကြီးသဖြင့် ဤသို့ ကျန်းမာရေးဗဟုသုတ နည်းပါးလှသော သားအမိကို မည်သို့ရှင်းပြရမည်နည်း။ ၎င်းတို့၏ မိသားစုဝင်များကိုလည်း တီဘီရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးရန်လည်း ဆက်လက်လုပ်ဆောင်ပေးရဦးမည်။

တွေးရင်းနှင့်ပင် ရင်မောလာမိလေတော့၏။

ဪ… ကျန်းမာရေးဗဟုသုတ အားနည်းသူတွေအတွက် ကျန်းမာရေးအသိပညာ မြှင့်တင်မှုလုပ်ငန်းတွေ အများကြီး လုပ်ဆောင်ရဦးမှာပါလားဟူသော အတွေးနှင့်အတူ…

“ ပညာရေးအတွက် ဘဏ္ဍာငွေတွေ သုံးလိုက်တာဟာ ပြန်မရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုပဲ” ဆိုသည့် စစ်ဗိုလ်ချုပ်ဟောင်း (တစ်ချိန်က သမ္မတဖြစ်ခဲ့သူ) ၏ ပြောစကားကို ရင်နာစွာတွေးရင်း…

ယခုလည်း ပြည်သူ့ဆန္ဒ၊ ပြည်သူ့အကျိုးစီးပွားကို လစ်လျူရှုလျက် အာဏာရမက် ငမ်းငမ်းတက်နေသည့် မအလတို့ စစ်ဗိုလ်ချုပ်တွေဆီသာ ဒေါသတွေ စုပုံလွှတ်လိုက်လေတော့၏။

ထို့နောက် အူလည်လည်နှင့် ရပ်ကြည့်နေသည့် သားအမိနှစ်ယောက်အတွက် အလှပဆုံးအပြုံးတစ်ခု ဖန်တီးလိုက်ပြီး အသံကိုလည်း အချိုသာဆုံးဖြစ်အောင် ပြင်ဆင်ကာ…

“ ကဲ… လာပါဦး… အဒေါ်နဲ့ သမီးရေ… ဆရာမ သေချာလေး အစအဆုံး ရှင်းပြပေးမယ်နော်။ ပြီးရင်တော့ ဆရာမပြောထားတာလေးတွေ သေချာလိုက်လုပ်ပေးဖို့ အရေးကြီးတယ်နော်” ဟူ၍ အစချီလျက်……

တို့တွေအားလုံး…

ခရီးများအဆုံးထိ လျှောက်ကြပါစို့…..။

.

ထူးသထက်ထူးတဲ့

ပြည်သူ့ကျန်းမာရေး ဆရာဝန်တစ်ဦး

လွတ်မြောက်နယ်မြေတစ်နေရာ

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here