ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့် End Stage Renal Disease

0
389

အသက် ၇၁ နှစ်ကျော်အထိ သန်တုန်းမြန်တုန်း ဦးကြိုင်တစ်ယောက် ခုတလော အသားတွေ ယားယားနေသည်မှာ သုံးလခန့်ရှိနေပြီ ဖြစ်သည်။ အဖုတွေအပိန့်တွေလည်း မယ်မယ်ရရမထွက်ဘဲ ယားလေကုတ်လေနဲ့ သံသရာလည်နေ၏။

လူက ပိန်ပိန်ပါးပါးပေမယ့် အရင်ကလည်း ရောဂါကြီးကြီးမားမား မဖြစ်ဖူးခဲ့ … တစ်ခါမှလည်း မစစ်ဖူးခဲ့။ သွေးပေါင်တောင် ငယ်ငယ်ကချိန်ဖူးတာ တစ်ခါလားပဲမသိ။

ဦးကြိုင်က ကွမ်းနဲ့ဆေးလိပ်တော့ အလွန်ကြိုက်သည်။ တစ်ခါတလေ အားနည်းချင်သလို ညောင်းသလိုဖြစ်လာရင် သူများညွှန်းသလို ဆေးရွက်လေးတွေ ပြုတ်သောက်၊ စပ်ဆေးလေးသောက်ပေါ့။

အခုတော့ အယားက ဘယ်လိုမှမပျောက်။ ဒီရက်ပိုင်း အရင်ကထက် နည်းနည်းအမောမခံနိုင်ဖြစ်ပြီး အစားအသောက် ပျက်လာသည်။ ဆီးသွားတာနည်းပြီး ခြေကျင်းဝတ်‌လေးများလည်း နည်းနည်းဖောနေတာ သတိထားမိသည်။

ဒီလိုနဲ့ မနက်စောစောတစ်ခုတွင်တော့ ဦးကြိုင်တစ်ယောက် ခေါင်းတွေအလွန်မူးပြီး အန်ပါတော့သည်။ သုံးခါလောက်ထိုးအန်ပြီး ခေါင်းမထူနိုင်လို့ အိပ်ရာထဲလဲသွားတော့ အိမ်သူနှင့်သားသမီးများလည်း ပျာပျာယာယာတွေဖြစ်ပြီး မြို့ပေါ်တက်ခါ ဆရာဝန်နှင့်အမြန်ဆုံးပြရပါတော့သည်။

..

..

ဆရာဝန်က စစ်ဆေးစမ်းသပ်မှုများ လုပ်ကြည့်တော့ ဦးနှောက်ပြဿနာ လက္ခဏာမရှိ။ သွေးပေါင်ချိန်က ၁၈၀/၁၁၀ တောင် တက်နေသည်တဲ့။

မျက်လုံးလေးများကိုလည်း ဖြဲကြည့်ပြီး နည်းနည်းဖြူသည်ဟု ပြောသည်။ လက်လေးနှစ်ဖက်ကို ရှေ့ကိုဖြန့်ထုတ်ပြီး ကော့ခိုင်းကာ စမ်းကြည့်တော့ ကောင်းကောင်းမကော့နိုင် … တဖျပ်ဖျပ်နှင့် တုန်နေသည်။ အဲဒီတော့ ရောဂါရှာရန် စစ်ဆေးမှုတွေ ဆက်လုပ်ရ‌ပါတော့သည်။

သွေးအဖြေပြန်လာတော့ ရောဂါထွက်ပါပြီ။

ကျောက်ကပ်ဆိပ် (Creatinine) 1100 … Urea 11 … ပိုတက်ဆီယမ် ဆားဓာတ်က 6.8 … သွေးအား (haemoglobin) ကလည်း 10 … ????

ပုံမှန်ရှိသင့်တဲ့ ပမာဏတွေက….

Creatinine – 61.9 to 114.9 µmol/L (for men)

Urea – 2.8 – 7.2 mmol/L

K+ – 3.5-5.5 mmol/L

Hb – 12.5-16 g/dL ..ဆိုတော့ … ဦးကြိုင်ရဲ့သွေးထဲမှာ မများသင့်တဲ့ဓာတ်တွေက တအားများပြီး၊ ပုံမှန်ရှိသင့်တဲ့ သွေးနီဥက နည်းနေသည်ပေါ့။

နောက်ပြီး အာထရာဆောင်းရိုက်ကြည့်တော့ ကျောက်ကပ်က ကျုံ့နေသည်။ ကျောက်ကပ်ဆိပ်ကြောင့် ဦးနှောက်ကမောက်ကမဖြစ်ခြင်း (Uraemic encephalopathy) ဆိုတဲ့ အနေအထားရှိနေသည်ဟု ဆရာဝန်က ပြောလာပါသည်။

ဆက်လက်၍ ဆရာဝန်နှင့် ဦးကြိုင်၏မိသားစုတို့ ဆွေးနွေးကြသည်မှာ….

..

..

‌ဆရာဝန်။ အဘရဲ့ရောဂါက ကျောက်ကပ်ရောဂါပါ။ အသက်အရွယ်နဲ့ ကျောက်ကပ်လုပ်ဆောင်မှုအား (eGFR) ကို တွက်ကြည့်တော့ ကျောက်ကပ်ပျက်စီးမှုက အဆင့် ၅ ရောက်နေပါတယ်။ ကျောက်ကပ်က သူ ပုံမှန်လုပ်‌နေတဲ့ အလုပ်ရဲ့ ၄ ရာခိုင်နှုန်းလောက်ပဲ လုပ်နေတယ်လို့ တွေ့ရပါတယ်။ ကျောက်ကပ်မကောင်းရင် များ‌လေ့ရှိတဲ့ ပိုတက်ဆီယမ်ဆိုတဲ့ အသီးတွေမှာပါတဲ့ ဓာတ်ကလည်း တက်နေလို့ ဆေးတွေထိုးထားပါတယ်။ အခု အရေးပေါ် ဆေးတွေပေးထားပေမယ့် ရောဂါတွေက အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ထပ်ပြီး လိုအပ်တဲ့ ကုသမှုတွေကို လာရှင်းပြတာပါ။

ဇနီး။ စိုးရိမ်ရလား ဆရာ … ဘာလို့ ဖြစ်တာပါလဲ။

ဆရာဝန်။ သွေးတိုးရောဂါကို မကုဘဲ ရေရှည်ထားတာ၊ တချို့အကိုက်ခဲပျောက်ဆေးတို့၊ ဆေးမြစ်ဆေးရွက်လေးတွေကို အတိုင်းအဆမရှိသောက်တာမျိုးတွေ နဲ့ ကျောက်ကပ်ရောဂါတချို့ကြောင့် ဖြစ်နိုင်ပါတယ် အဒေါ်။ လောလောဆယ် သွေး‌တိုးတာကလည်း များနေတော့ သွေးတိုးကြောင့် ကျောက်ကပ်ထိတာလား၊ကျောက်ကပ်ထိလို့ပဲ သွေးတိုးတာလား မဆိုနိုင်ဘူး။ ၂ ခုလုံးကိုတော့ အရေးပေါ် ကုရဖို့လိုတယ်ဗျ။

သမီး။ ကျွန်မမှတ်မိသလောက် အဖေက သွေးပေါင်တစ်ခါမှ မချိန်ဖူးဘူး။ အငန်ဆိုလည်း ကြိုက်မှကြိုက်ပဲ။ ခုမှ ချိန်ကြည့်တာ ၁၈၀ တဲ့တော့။ အဲ့တော့ ဘာဆက်လုပ်ရမလဲ ဆရာ…

ဆရာဝန်။ အခုအခြေအနေအရတော့ အရေးပေါ်ကျောက်ကပ်‌ဆေးဖို့ လိုပါတယ်။ နောက်ပိုင်းလည်း ဆက်ပြီးဆေးဖို့ လိုပါလိမ့်မယ်ဗျ။

သမီး။ ကျောက်ကပ်ကို ဆေးရမယ် ဟုတ်လား။ ဆေးမှ ရတော့မှာလား။ ခွဲထုတ်ပြီး ဆေးရမှာလား။

ဆရာဝန်။ ကျောက်ကပ်ဆိုတာက ခန္ဓာကိုယ်မှာ အဆိပ်အတောက်မှန်သမျှကို ဆီးကနေ စွန့်ထုတ်ပေးတဲ့နေရာပါ။ အခု အဘရဲ့ကျောက်ကပ်လုပ်ဆောင်မှုအားက အရမ်းနည်းနေတော့ ခန္တာကိုယ်ကထွက်သမျှ အဆိပ်တွေကို သူက မထုတ်ပေးနိုင်တော့ဘူး။ အဲဒီတော့ အဆိပ်တွေ ခန္ဓာကိုယ်ထဲပုံလာတော့ အခုလို မူးမော်အော့အန်တာ၊ အသားယားတာ စတဲ့လက္ခဏာတွေ ဖြစ်လာတာပေါ့။

ကျောက်ကပ်ဆေးတယ်ဆိုတာက အဲဒီအဆိပ်တွေကို အပြင်ကနေ ကူပြီးသန့်စင်ပေးတာပါ။ အကောင်းဆုံးကတော့ ကျောက်ကပ်အစားထိုးတာပါပဲ။ အဲဒါလုပ်ဖို့ကလည်း စီမံရတာ အချိန်ယူရတာနဲ့ဆိုတော့ တကယ်လို့ အစားထိုးမယ်ဆိုရင်တောင် ကြားမှာ ကျောက်ကပ်ဆေးထားရပါတယ်။ အခု အဘက ကျောက်ကပ်ဆိပ်များတဲ့ လက္ခဏာတွေကြောင့် အရင်ဆုံး အဆိပ်သန့်စင်ဖို့ အရေးပေါ် ဆေးဖို့ လုပ်ရတာပါ။ ခွဲစိတ်တာမျိုး မဟုတ်ပါဘူး။ ဆက်ရှင်းပြရမလားဗျ…

..

..

သမီး။ ဟုတ်ကဲ့ ပြောပါဆရာ။

ဆရာဝန်။ အခုက ကျောက်ကပ်ဆေးတယ် (Haemodialysis) ဆိုတာ သွေးထဲက အဆိပ်တွေကို အဆိပ်ဆေးတဲ့စက် ( Dialysis machine) ကို သုံးပြီး သန့်စင်တာပါ။ လူနာဆီကသွေးတွေကို ပိုက်ကနေ တစ်ဆင့် ထုတ်မယ်။ ပိုက်က စက်ကိုသွားမယ်ပေါ့ … အဲဒီလိုနဲ့ စက်ကသန့်စင်ပြီးသားသွေးတွေကို နောက်တစ်ပိုက်ကနေတစ်ဆင့် အဘဆီကို ပြန်ထည့်ပေးတာပါ။ အဲဒီလိုလုပ်တာပါဗျ။

သမီး။ အခုလို ဆရာပြောပြတော့လည်း သိပ်ကြောက်ဖို့ မကောင်းတော့ဘူး။ တခြားရော ဘာတွေ လိုသေးလဲ ဆရာ။

ဆရာဝန်။ ဟုတ် … ကျောက်ကပ်ဆေးဖို့ လိုတဲ့ပိုက်က ရိုးရိုးအပ်နဲ့ မရဘူး။ သွေးကြောအကြီးမှာပဲ လုပ်လို့ရတာဗျ။ အဲ့တော့ လည်ပင်း‌နားကသွေးကြောထဲကို ပိုက်လေးထည့်ရပါမယ်။ ထည့်တာက မကြာပါဘူး။ တခြားနေရာတွေ မထိုးမိအောင် အာထရာဆောင်းထောက်ပြီး ထည့်မှာပါ။ အပ်ထည့်ပြီးရင် သတိလေးတော့ ထားနေရတာပေါ့။ တော်ရုံနဲ့တော့ မပြုတ်ပါဘူး။ အပ်ချည်နဲ့ သေချာချည်ထားတာ ဆိုတော့လေ။

သမီး။ အဲဒီအပ်က အိမ်ထိ ယူသွားရမှာလား။

ဆရာဝန်။ ဟုတ်ကဲ့ … အိမ်ထိ ယူသွားရမှာပါ။ အဘရောဂါက ရေရှည်ကျောက်ကပ်ဆေးရမှာဆို‌တော့ နောက်ပိုင်းအတွက် လက်မှာ သွေးကြောအကြီး (arteriovenous fistula) မွေးရမယ်ဗျ။ သူက လက်မှာ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောကို ဆက်လိုက်ရတာ။ အဲဒီ သွေးကြောမွေးပြီး သုံးလို့ရတဲ့အထိ ၃ လလောက် အပ်ကိုအိမ်ယူသွားရမယ်ဗျ။

.

ဆရာဝန်။ လောလောဆယ်တော့ ဦးနှောက်ထဲ‌ထိနေတာတွေ ကျသွားအောင် အိမ်သားတွေသဘောတူရင် အရေးပေါ် ဆေးဖို့ စီစဉ်ထားတယ်ဗျ။ နောက်ပိုင်းကို အခြေအနေပေါ် မူတည်ပြီး တစ်ပတ်ကို ၂ ရက်ကနေ ၃ ရက်ထိ ဆေးဖို့လိုနိုင်မယ်ထင်တယ်။

သမီး။ အဲလိုဆို ရောဂါပျောက်သွားမှာလား။

ဆရာဝန်။ ပြောရတာ အားနာပေမယ့် …. ကျောက်ကပ်က နာတာရှည်‌ပျက်စီးတာဖြစ်လို့ ပြန်မကောင်းတော့ဘူးဗျ….. ။

သမီး။ ကုမရတော့တာပေါ့ ဆရာ ဟုတ်လား။

ဆရာဝန်။ ကျောက်ကပ်ဆိပ်တွေကို ဘေးကနေ ကူထုတ်ပေးတော့ အခုလို ကျောက်ကပ်ဆိပ်များလို့ ဖြစ်ရတဲ့ဝေဒနာတွေ သက်သာတာပေါ့။ ခံစားရတဲ့ဝေဒနာတွေ နည်းမယ် … အသက်ကို ဆန့်လို့ရ‌သလောက် ဆန့်ကြည့်တာဆိုတော့ ကုသနည်းတစ်မျိုးပဲပေါ့ဗျာ။

သမီး။ မဆေးဘဲ ဆေးနဲ့ကုရင် မရဘူးလားရှင်။

ဆရာဝန်။ မဆေးဘဲ ဒီတိုင်းထားရင်တော့ ကျောက်ကပ်ဆိပ်များလို့ ဦးနှောက်ထိရင် သတိမရတာ၊ တက်တာတွေထိ ဖြစ်နိုင်တယ်။ ပြီးတော့ ခန္ဓာကိုယ်ကတခြားနေရာတွေကို အဆိပ်တွေ၊ ပိုနေတဲ့ ရေတွေ ပုံလာတော့ ကိုယ်တွင်းကလီစာတွေ ရောင်တာ၊ မောကျပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ သွေးထဲက ပိုတက်စီယမ်ဓာတ်တွေလည်း တအားတက်လာရင် နှလုံးထိနိုင်တယ်။ ကျောက်ကပ်ဆေးရင်တော့ အဆိပ်တွေနည်းအောင် လုပ်ပေးတော့ အဲဒီဝေဒနာတွေကို ခနတားဆီးထားတဲ့ သဘောပေါ့ဗျာ။

သမီး။ ဆိုးကျိုးကရောရှိလား ဆရာ။

ဆရာဝန်။ ဆိုးကျိုးအနေနဲ့က ကျောက်ကပ်ဆေးတဲ့အချိန် သွေးအသွင်းအထုတ်များရင် သွေးပေါင် အပြောင်းအလဲဖြစ်တာ၊ သွေးပေါင်ကျတာ၊ ရောဂါရင့်လာရင် အဲဒီဒဏ်ကို နှလုံးကမခံန်ိုင်တော့တာမျိုး ဖြစ်နိုင်တယ်။ ကြာလာရင် ကြွက်တက်တာ မူးမော်တာ တွေ ဖြစ်တတ်တယ်။ လူနာရဲ့အခြေအနေနဲ့ ချိန်ပြီး လုပ်ရတာပေါ့ဗျာ။

သမီး။ တစ်ခါလုပ်ရင် ဘယ်လောက်ကြာမှာလဲ ဆရာ။

ဆရာဝန်။ ၄ နာရီလောက်တော့ ကြာတတ်တယ်။ လူနာခံနိုင်ရည်အား၊ သွေးပေါင်ချိန်ပေါ်လည်း မူတည်သေးတာပေါ့။

မဆေးရင် အဘရဲ့အခြေအနေက ပိုဆိုးနိုင်ပါတယ်။ အဲဒါကြောင့် အိမ်သားများက အဘကိုယ်စား မြန်မြန် ဆုံးဖြတ်ပေးဖို့ပါ။ သဘောတူရင် လည်ပင်းသွေးကြောထဲ ပိုက်ထည့်ဖို့နဲ့ ကျောက်ကပ်ဆေးဖို့ သဘောတူကြောင်း လက်မှတ်ထိုးဖို့လိုပါတယ်။ ဖတ်စရာ လက်ကမ်းစာစောင်လေးတွေလည်း ပေးထားမယ်။ ဖတ်ပြီး မရှင်းတာရှိရင် ပြန်မေးပါခင်ဗျ။

..

..

ဒီလိုနဲ့ ….ကျောက်ကပ်ဆေးဖို့ သဘောတူလိုက်ကြပါတော့သည်။

‌ဆရာတို့က လည်ပင်းသွေးကြောထဲ ပိုက်ထည့်ဖို့ ခေါ်သွားပြီး သိပ်မကြာဘူး လျောလျောလျူလျူပဲ ပြီးသွားပါသည်။

ကျောက်ကပ်ဆေးခန်းထဲ ခေါ်သွားတာကိုလည်း အပြင်ကနေ သူတို့ လိုက်ကြည့်ကြပါသည်။ အဖေကြီးက ခုတင်နောက်မှီမှာ မှီရက်သားလေးထိုင်ပြီး ပိုက်တွေ ကတော့ အစုံတပ်ထားသည်။ ဘေးက စက်ဖြူဖြူကြီးကတော့ လည်နေသည်။ ဆရာပြောတဲ့ သွေးသန့်စင်စက်ဆိုတာ ဖြစ်လိမ့်မည်။

အဲဒီလိုနဲ့ ဦးကြိုင်လည်း တဖြေးဖြေး ကောင်းကောင်းသတိရလာပြီး သူ့ရောဂါအကြောင်း လုံးစေ့ပတ်စေ့ သိလာသည်။ ဆေးတွေလည်း သောက်ရသည်။ ပိုတက်စီယမ်ဓာတ်များရင် အသီးတွေမစားရဆိုလို့ ရှောင်ရသေးသည်။ ရေကိုလည်း အတိုင်းအတာအကန့်အသတ်နဲ့ သောက်ရသည်။ ဆီးသွားတာကိုလည်း ဂရုစိုက်ပြီး မှတ်ထားရမတဲ့ … ဆရာဝန်က မှာသည်။

တစ်ပတ် ၂ ခါ ကျောက်ကပ်ဆေးနေရင်း သွေးကြောမွေးရမယ်ဆိုလို့ သွေးကြောပါ ထပ်မွေးရပြန်သည်။ လက်ဖျံမှာ အရိပ်တကြည့်ကြည့်နဲ့ပေါ့။ ဆရာဝန်ကတော့ မထိခိုက်စေနဲ့ … ဒီလက်ကို သွေးပေါင်မချိန်မိစေနဲ့တဲ့။

နောက် ၃ လလောက်ကြာတော့ ပိုက်ဖြုတ်ပြီး ဒီသွေးကြောကြီးကိုပဲ ဆေးထိုးအပ်နဲ့ထိုးပြီး ဆေးရတော့သည်။ သွေးကြောက ကြီးကြီးဖောင်းဖောင်းကြီး။ သာသာလေးထိကြည့်တော့ သွေးတွေတရှူးရှူးနဲ့ ပြေးနေတယ်။ ဆရာက ဂရုစိုက်ရမည်ဆိုလို့ ဘယ်သူ့မှကို မကိုင်ခိုင်း။

ရွာမှာ စပ်စုကြလွန်းလို့။ ပြီးတော့ ဟိုအရွက်သောက်၊ ကျောက်ဖရုံသီးသောက်၊ ရွှေဆေးသောက်နဲ့ လာလာ ညွှန်းကြသေးသည်။

ဦးကြိုင်ကတော့ ဆရာဝန်ညွှန်ကြားလိုက်သည်မှလွဲ၍ မလုပ်လိုကြောင်း ကြည့်ကောင်းအောင် ပြောလိုက်ရသည်။ ရွှေဆေးဆို သတ္တုဓာတ်တွေမို့ ကျောက်ကပ်ပိုထိသည်တဲ့။ အငန်လျော့ရမည်ဆိုလို့ ဆားလျှော့ရတာ ထမင်းက စားလို့တော့မကောင်း။ ကျန်းမာရေးကြောင့်မို့ အကျင့်ဖြစ်အောင် လုပ်ရဦးမည်။ ကွမ်းနှင့်ဆေးလိပ်လည်း ဖြတ်ရသည်။ ကျောက်ကပ်နှင့်ပတ်သတ်သော စာစုများကိုလည်း သမီးကရှာဖတ်ပြီး ပြောပြလို့ ဆင်ခြင်စရာရှိတာ ဆင်ခြင်ပြီးနေရသည်။

အဲဒီလိုနဲ့ ဦးကြိုင်တစ်ယောက် မြို့သွားသွားပြီး ကျောက်ကပ်ဆေးရတာကို တော်တော်အသားကျသွားတော့သည်။ ဒီခန္ဓာကိုယ်ကြီးကို အရင်ကဂရုမစိုက်ခဲ့မိလို့ ခုမှအတတ်နိုင်ဆုံးပြုပြင်နေပေမယ့် ဘယ်ချိန်ထိ အသက်ရှင်နေဦးမည်တော့ ဘုရားသာ သိမည်။

အဲဒါကြောင့် မိမိနေသာနေတဲ့ နေ့လေးတွေမှာ ရွာကလူတွေကို သွေးပေါင်ချိန်ဖို့နဲ့ သတိထားဖို့ ကျန်းမာရေးပညာ‌ပေးနေရသည်။ သူ့လို ကိုယ်တွင်းကလီစာတစ်ခု ပျက်စီးမှသိရတာမျိုးထက် ရောဂါတွေ စောစောသိတော့ မလွန်ခင် အချိန်မီကုသနိုင်မည်လေ…..။ ။

အထူးကုဆရာဝန်တစ်ဦး

Telekyanmar

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here