“ ကြောက်စရာ စိတ်ကင်ဆာ”

ကျွန်မ ဆရာဝန်ပေါက်စဘဝက … Night Duty တစ်ညမှာ…ကိုယ်ဘာသာ သေကြောင်းကြံစည်တဲ့ လူနာ အမျိုးသမီးတစ်ဦးနဲ့ ဆုံခဲ့ဖူးပါတယ်။

လူနာက အကောင်းအတိုင်းမို့… သူနဲ့ သူ့အဖော်အမျိုးသားကို ကျွန်မလည်း ဖြစ်ပျက်ပုံ History စမေးပါတော့တယ်။

လူနာက အသက် (၁၉) နှစ် … သူ့အမျိုးသား အသက် (၂၀) ပါ…

အိမ်ထောင်ကျတာ (၁) နှစ်မပြည့်သေးပါဘူး။

လူနာ အမျိုးသမီးက ငယ်သေးတာရော…အရမ်းရိုးအေးပြီး…ထမင်းချက်၊ အိမ်အလုပ်၊ စီးပွားရေး ဘာတစ်ခုမှ အဆင်ပြေအောင် မလုပ်နိုင်တော့… အမျိုးသားကရော အမျိုးသားအိမ်ဘက်ကပါ … သူ့ကို အသုံးမကျကြောင်း…ဆန်ကုန်မြေလေး စသဖြင့် ပြောတာကို စိတ်ညစ်လာလို့… သူသတ်သေဖို့ကြံစည်တာပါဆိုပြီး … လူနာငိုပြီးပြောပါတယ်။

ကျွန်မက ဘာဆေး သောက်လာလည်းမေးတော့… သူအစာအိမ်နာလို့ ရပ်ကွက်ဆေးခန်းကပေးတဲ့ (၃) ရက်စာဆေး အကုန်သောက်ချလိုက်တာပါတဲ့။

ကျွန်မကြည့်တော့ Dose သာ များသွားတာ … အသက်အန္တရာယ်ပေးနိုင်တဲ့ဆေးလည်း မပါပါဘူး။ ဒါပေမယ့် ညဘက်လည်းဖြစ်တော့ ဆေးရုံထုံးစံ (၂၄) နာရီ စောင့်ကြည်ဖို့ ဆေးရုံတင်လိုက်ပါတယ်။

နောက်နေ့ကျ လူနာရဲ့အမျိုးသားဘက်က ဆွေမျိုးတွေက … သူကို Drama ခင်းတယ်… တမင်လုပ်ပြတယ်ဆိုပြီး … ပြစ်တင်နေသံကြားတော့… ကျွန်မတောင် ဝင်ဟန့်လိုက်ရပါတယ်။ နောက်ရက် စိတ်ကျန်းမာရေးဆရာဝန် (Psychiatrist) နဲ့ပြ…လုပ်စရာအကုန်လုပ်ပြီး ဆေးရုံပေးဆင်းလိုက်ပါတယ်။

(၆) လလောက်ကြာတော့ … မှတ်မှတ်ရရ ကျွန်မလည်း နယ်ကို Transfer ရပြီး နောက်ဆုံး Night Duty ဆင်းတဲ့ညမှာ… အဲ့လူနာက ရောက်လာပါတယ်။ ဒီတစ်ခါမှာတော့ ဆေးရုံရောက်တဲ့ချိန် လူနာက အသက်မပါလာတော့ပါဘူး… လူနာက သေချာစီစဉ်ပြီး ကြိုးဆွဲချလိုက်တာပါ…

ကျွန်မလည်း ပူထူသွားပြီး … ကျွန်မ ဘာမှထုတ်မပြောလိုက်ပေမယ့် … စိတ်ထဲမှာ သူ့ပတ်ဝန်းကျင်က သူကို သတ်လိုက်တာ Domestic Abuse လို့ ခံစားရပြီး… ဒေါသတော့ထွက်မိပါတယ်။

တစ်ခါတစ်ရံမှာ ကိုယ်ကလွယ်လွယ် ပြစ်တင်ဝေဖန် Shaming လုပ်တဲ့စကားတွေ… Social media က Comment တွေက… လူတစ်ယောက်ကို သေစေနိုင်တဲ့အထိ အန္တရာယ်ရှိစေနိုင်ပါတယ်။

ကိုယ်ဘေးနားမှာ သေကြောင်းကြံစည်ဖို့ အခွင့်အလမ်းများနေတဲ့ suicidal tendency လူတစ်ဦး ရှိနေတာ ဖြစ်ဖြစ်၊ ကိုယ်တိုင်ပဲ ခံစားနေရရင်ဖြစ်ဖြစ် စိတ်ကျန်းမာရေး စောင့်ရှောက်မှု အမြန်ယူဖို့တိုက်တွန်းပေးပါ…

စိတ်ကျန်းမာရေးဆရာဝန် (Psychiatrist) နဲ့ ပြရတာ ရှက်စရာမဟုတ်ပါဘူးနော်…။

ခုချိန်ထိ Psychiatrist ပြရမယ်ပြောရင် တချို့လူနာတွေက … ကျွန်တော်တို့က မရူးဘူး စသဖြင့်… စိတ်ကျန်းမာရေး ဆရာဝန်ဆို အရူးကုတယ် ထင်တဲ့အဖွဲ့က ရှိပါသေးတယ်။

စိတ်ကျန်းမာရေး ဆရာဝန်ဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာ ကျန်းမာရေးလို … စိတ်ရဲ့ ကျန်းမာရေးကို ကုပေးတာပါရှင်…

သာမန်လူမပြောနဲ့…. ကျွန်မ ဆရာဝန်ကိုယ်တိုင်… စိတ်ဓာတ်ကျပြီး ညဘက်အိပ်မပျော်ဘဲ အသက်ရှူကျပ်လာတာ စတဲ့ Depression လက္ခဏာကို ကာလတာရှည်ခံစားလာရတာပါ။ အခု လက္ခဏာသက်သာလာပေမယ့် … ခုထိ ဆေးသောက်နေရတုန်းပါ…

ခုချိန် မြန်မာပြည် လက်ရှိအခြေအနေအရ… လူတော်တော်များများဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ….စိတ်ကျန်းမာရေး ပြဿနာတွေကို ရင်ဆိုင်ခံစားနေရမှာ မလွဲပါဘူး။ ဒီအချိန်မှာ ကိုယ့်ပြည်သူအချင်းချင်း … နိုင်သလောက်ကူကြပါ… စိတ်ဓာတ်ခွန်အားတွေ မျှပေးကြပါ…

ဒါ့အပြင်…

“ တိတ်တိတ်လေး ပျော်ပေးကြပါဗျာ…

တိုးတိုးလေး ငိုနေတဲ့သူတွေရှိလို့ ” ဆိုတဲ့အတိုင်း

ဒီလိုအခြေအနေမှာ တချို့ပျော်နေတဲ့သူတွေ တိတ်တိတ်နေပေးတာဟာ….ထမင်းဝိုင်း လူမစုံတော့တဲ့ မိသားစုတွေ… မိသားစု တွေ့ခွင့်မရသေးတဲ့သူတွေ… အကြောင်းအမျိုးမျိုးကြောင့် တိုးတိုးလေးငိုနေတဲ့သူတွေအတွက်… ဝမ်းနည်းကြေကွဲစရာရှိတာတောင် ကျယ်ကျယ် ငိုခွင့်မရှိတဲ့ နိုင်ငံမှာ… လူကျင့်ဝတ်လေးထားတယ်လို့ သဘောထားပေးပါနော်…။ ။

Dr Cool

Telekyanmar

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here