ကျွန်တော်နှင့် အဆိပ် (၄)

အဆိပ်အကြောင်း မရေးဖြစ်တာ ကြာနေပါပြီ။ ခုတလော‌တော့ တိုက်ဆိုင်တာလေးတွေ ရှိနေလို့ ပြန်ရေးလိုက်တာပါ။

ကျွန်တော်တို့ ဆေးရုံမှာ လုပ်တုန်းကဆို အဆိပ်သင့်လူနာတွေ ခဏခဏ ကြုံတွေ့ရတာ‌ပေါ့။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စတဲ့ ဓာတုဆေးတွေအပြင် နေ့စဉ်ဆေးကုသမှုမှာ အသုံးပြုတဲ့ အင်္ဂလိပ်သောက်ဆေးတွေ၊ မြန်မာဆေးတွေ အဆိပ်သင့်တာလည်း ပါဝင်ပါတယ်။ မိမိဘာသာ တမင်သောက်တာလည်း ရှိသလို မှားသောက်မိတာတွေလည်း ရှိတတ်ပါတယ်။

ဆေးတွေ တမင်တကာ သောက်ခြင်းဟာ Deliberate self-harm လို့ခေါ်တဲ့ မိမိကိုယ်ကို ထိခိုက်နာကျင်စေလိုလို့ လုပ်တဲ့လုပ်ရပ်တွေမှာ အကျုံးဝင်ပါတယ်။ လုပ်ရခြင်းဟာလည်း အကြောင်းမဲ့ လုပ်တာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှု၊ ထိခိုက်မှုတွေ၊ ငယ်ဘဝ စိတ်ဒဏ်ရာတွေနဲ့ လက်ရှိဘဝမှာ ထွက်ပေါက်ပိတ် မွန်းကျပ်မှုတွေနဲ့ သက်ဆိုင်တတ်ပါတယ်။ ဒီလိုလူတွေကို ဝေဖန်မှုမပါတဲ့ နားလည်ပေးခြင်း၊ စာနာပေးခြင်းတွေနဲ့ ဖေးမ ကူညီရပါမယ်။ အကူအညီရနိုင်မယ့် အဖွဲ့အစည်းတွေလည်း များစွာရှိပါတယ်။ Deliberate self poisoning ခေါ် မိမိကိုယ်ကိုယ် အဆိပ်သင့်စေခြင်းဟာ အဆုံးစီရင်လိုစိတ်ကြောင့် လုပ်မိတာမဟုတ်ရင်တောင် ‌အသက်သေစေနိုင်တဲ့အထိ ပြင်းထန်တတ်ပါတယ်။

ခုတလောလည်း ဒီလို ဆေးသောက်တဲ့ လူနာတွေ သတင်း မကြာခဏ ကြားနေရပါတယ်။ တိုင်းတစ်ပါးမှာ ကျောင်းသွားတက်နေတဲ့ ကျောင်းသူလေးတစ်ယောက် ဆေးလုံးတွေ အများကြီးသောက်လိုက်တာ၊ တရားမဝင် ရွှေ့ပြောင်းလုပ်သား မိသားစုဝင်တစ်ယောက် စိတ်ညစ်လို့ဆိုပြီး overdose လုပ်လိုက်တာ၊ ကြွေးပူမိပြီး ရွေးစရာမရှိတော့လို့ လုပ်မိတာ စသဖြင့် စသဖြင့် ….။

အဲဒါကြောင့် အတွေ့ရများတဲ့ Overdose အကြောင်းလေး ပြောပြဖို့ ဖြစ်လာပါတယ်။

ဒီနေ့မှာတော့ ကျွန်တော်က Paracetamol overdose အကြောင်း ပြောပြချင်ပါတယ် ခင်ဗျာ။ ပါရာစီတမောကတော့ လူတိုင်း သိကြမယ်ထင်တယ်နော်။ အဖျားပျောက်ဆေး၊ နာကျင်ကိုက်ခဲမှု ပျောက်စေတဲ့ ဆေးအနေနဲ့ သောက်ကြတာ။ ဈေးကွက်ထဲမှာ တွေ့ရတဲ့ Paracap, Biogesic, Paradenk, Norgetex စတာတွေဟာ ဆေးတစ်လုံးမှာ Paracetamol 450 – 500 mg ပါတဲ့ ဆေးအမျိုးတူ ပါရာစီတမောတွေပါပဲ။ ထုတ်တဲ့ ကုမ္ပဏီ မတူတာကြောင့် နာမည်ကွဲတာပါ။

ပါရာစီတမော လို့ပြောရရင် ဂျူတီတစ်ညကိုတောင် သွားသတိရမိပါတယ်။ အရေးပေါ်ဌာနမှာ ကေ့စ်အေး‌လို့ (လူနာနည်းလို့) ပျော်နေတုန်း လူနာတစ်ယောက် ရောက်လာပါလေရော။ အသက် (၂၇) လောက် မိန်းမပျိုလေးပါ။ မူးမူးအန်အန်နဲ့ ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေကိုကြည့်ပြီး အဆိပ်သင့်လူနာပဲလို့ သိလိုက်ပါတယ်။ ‌ထုံးစံအတိုင်း လူနာကို ရောဂါရာဇဝင် မေးရ၊ ဘာဆေးသောက်လိုက်တာလဲ မေးရပေါ့။

အဆိပ်သင့်လူနာတွေမှာ ဘာသောက်လိုက်တယ်၊ ဘယ်အချိန်မှာ၊ ဘယ်လောက် သောက်လိုက်တယ်ဆိုတာကို သိဖို့ အရေးကြီးပါတယ်။ သတိရတဲ့လူနာတွေဆို ကျွန်တော်တို့ ဒါကို သေချာလေး အရေးတယူလုပ်ပြီး မေးမြန်းလေ့ရှိပါတယ်။ သောက်လိုက်တဲ့ ဆေးအမျိုးအစားနဲ့ ပေါင်းစပ်ဓာတ်ပေါင်း (compound) ပေါ် မူတည်ပြီး ဖြေဆေးရှိ/မရှိ ပေးရ/မရ လည်း သိနိုင်တာပေါ့နော်။

လူနာလေးဟာ စိတ်ကျရောဂါ အခံရှိတဲ့သူလေးပါ။ အရင်ကလည်း အလားတူ ဆေးတွေသောက်ဖူးတဲ့ ရာဇဝင်ရှိပါတယ်။ ခုခါမှာ ပါရာစီတမော ဆေးအလုံးများစွာကို အရက်နဲ့ရောပြီး သောက်လာခဲ့တာ ဖြစ်ပါတယ်။ အရက်ရော ဆေးရော သောက်တဲ့ပမာဏကလည်း များပါတယ်။ အဲဒါကြောင့် မူးဝေအော့အန်နေပါတော့တယ်။ လက်မှာလည်း မိမိကိုယ်ကိုယ် နာကျင်အောင် လှီးထားတဲ့ (Self inflicted wounds) အရာတွေ အများကြီးနဲ့ပါ။

အဲဒီတော့ လူနာကို ဆေးရုံတက်ဖို့ အမြန်စီစဉ်၊ ဆေးကုသဖို့ ညွှန်ကြားရတာပေါ့။ ရောဂါကတော့ ပါရာစီတမော အဆိပ်သင့်ခြင်းပါ။ လူနာဟာ ဆေးသောက်ပြီး (၅) နာရီခန့်မှာ ရောက်လာတာဖြစ်လို့ သူ့ကို လိုအပ်တဲ့ သွေးတွေဖောက်ရ၊ ပါလာတဲ့အိမ်သားကို ရောဂါအကြောင်း ရှင်းပြရပါတယ်။ သောက်လိုက်တဲ့ ဆေးပမာဏက များလှတာကြောင့် ‌ပါရာစီတမော အဆိပ်တွေပြေစေဖို့ ဖြေဆေးပေးဖို့ စတင်ရပါတော့တယ်။

ပါရာစီတမော အဆိပ်သင့်ခြင်းဟာ အသည်းကို ဆိုးရွားစွာပျက်စီးစေခြင်း (Acute Liver Failure) ဖြစ်နိုင်ပါတယ်။ လူနာကို ‌အခြေခံကျန်းမာရေး သွေးစစ်မှုတွေအပြင်၊ အသည်းဓာတ်၊ သွေးကျဲနှုန်းတွေ၊ ကျောက်ကပ်ဓာတ်တွေနဲ့ သွေးတွင်း ပါရာစီတမောပမာဏကို (၄) နာရီတစ်ခါ တိုင်းတာရပါတယ်။

ဆေးရုံကို အချိန်မီရောက်လာခဲ့တာကြောင့် ဆေးပေးရင်း စောင့်ကြည့်ရင်း လိုအပ်တာတွေ စစ်ဆေးရင်းနဲ့ (၁) ရက်အကြာမှာ ပါရာစီတမော level ဟာ လျော့လာပြီး လူနာလည်း ထူထူထောင်ထောင် ဖြစ်လာပါ‌တော့တယ်။ လူနာဟာ ဒီအချိန်ထိတောင် မိမိကိုယ်ကိုယ် အဆုံးစီရင်လိုစိတ် ပြင်းပြနေတာမို့ စိတ်ကျန်းမာရေးဆရာဝန်များကို အရေးပေါ် ခေါ်ပြီး အကူအညီတောင်းရပါတယ်။ ခန္ဓာကိုယ်ရောဂါကို ကုပြီးပေမယ့် စိတ်ကိုလည်း ဆက်လက်ကုသရသေးတာလေနော်။ ခန္ဓာကိုယ်ဆေးအဆိပ်သင့်မှုအတွက် အနာနဲ့ဆေးနဲ့ တွေ့သလို စိတ်ကိုလည်း ဆက်လက် ကုစားနိုင်ပါစေ ဆုတောင်းပေးရင်း တစ်ပတ်လောက် အကြာမှာ ဆေးကုသဆောင်ဘက်က ပေးဆင်းပြီး အိမ်မှာ ဆေးဆက်ကုစေရတာပေါ့။

ပါရာစီတမော အဆိပ်သင့်ခြင်းဟာ အလွန်တွေ့ရများပါတယ်။ လူတိုင်းသိတဲ့ဆေး ၊ ဝယ်ရလွယ်တဲ့ဆေး လည်း ဖြစ်နေတော့လေ။

အဆိပ်သင့်ခြင်းဟာ တမင်တကာ အများကြီး သောက်လို့တင်မဟုတ်ဘဲ နာကျင်ခံစားရမှု တစ်ခုခုကြောင့် ဆေးသောက်ရင်း မသိလိုက်ဘဲ များသွားတာ (ဥပမာ ဦးနှောက်သွေးကြော‌ပေါက်ပြီး ခေါင်းကိုက်တာကို မသိဘဲ ခေါင်းကိုက်မပျောက်လို့ ဆေးတွေ ထပ်ထပ်သောက်ရင်း ဆေးများသွားတာ ကြုံဖူးပါတယ်) ဆေးအမျိုးတူတာကို မသိဘဲသောက်မိတာ (ဥပမာ ပါရာစီတမော နာမည်မတူနှစ်ခုကို သောက်မိနေတာ)၊ မိခင်က ကလေး‌သောက်ရမယ့် ပမာဏ မသိဘဲ ပိုတိုက်မိတာ တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ပါရာစီတမောကို ပုံမှန်ပမာဏအတိုင်း သောက်သုံးရင် ခန္ဓာကိုယ်မှာ လိုသလိုသုံးပြီး အကြွင်းအကျန်တွေကို အသုံးမလိုတဲ့ ပစ္စည်းတွေအဖြစ် အသည်းက ပြောင်းလဲပြီး စွန့်ပစ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်မှာ n-acetyl-p-benzoquinone imine or NAPQI ဆိုတဲ့ အဆိပ်ဓာတ်ပေါင်း (compound) လေးတစ်ခု လူ့ အသည်းထဲမှာ ဖြစ်လာပါတယ်။ ဒီ compound ကို ခန္ဓာကိုယ်က Glutathione လို့ခေါ်တဲ့ ဓာတ်တစ်မျိုးနဲ့ ပြန်ချေဖျက်ပြီး မိမိကိုယ်ကိုယ် အဆိပ်မသင့်အောင် ပြုလုပ်ပါတယ်။

ပါရာစီတမောကို ပမာဏများစွာ သောက်လိုက်တဲ့အခါ Glutathione တွေ အလုံအလောက် လိုက်မမီတော့ဘဲ အဆိပ်ချေဖျက်ခြင်း လုပ်ငန်းစဉ်ဟာ ပျက်ယွင်းသွားပြီး အသည်းထဲမှာ NAPQI အဆိပ်တွေ စုပုံလာပါတော့တယ်။ အဲဒီလိုနဲ့ ရက်ပိုင်းအတွင်း အသည်းပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း ဖြစ်လာပါတယ်။ နဂိုက အရက်သောက်တဲ့သူတွေ၊ အာဟာရချို့တဲ့သူတွေ၊ အသည်းရောဂါအခံရှိသူ၊ Anorexia Nervosa လို အစား‌အသောက်ဆိုင်ရာ စိတ်ရောဂါရှိသူတွေမှာ ပိုလို့ မြန်မြန် ထိခိုက်နိုင်ပါတယ်။

အသည်းပျက်စီးခြင်းဟာ အချိန်ယူရတဲ့အတွက် ပါရာစီတမော အဆိပ်သင့်ပြီး ပထမ (၂၄) နာရီအတွင်းမှာ ဝေဒနာ သိပ်မဆိုးတတ်ပါဘူး။ ပျို့အန်ချင်တာအပြင် ဘာမှ ဝေဒနာမခံစားရတာမျိုးတောင် ဖြစ်နိုင်ပါတယ်။ (၂၄) နာရီခန့်မှာ အသည်းပျက်စီးမှု စတင်တဲ့အတွက် ဗိုက်အောင့်တာ၊ အန်တာတွေ ပိုဆိုးလာပြီး အသားဝါ တာ၊ ဆီးဝါတာ၊ အစားစားမဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။ အသည်းပျက်စီးခြင်းဟာ မကုဘဲ (၃) ရက်လောက်ဆိုရင် အဆိုးဆုံးအခြေအနေ ဖြစ်နိုင်ပါတယ်။

လူ့ခန္ဓာကိုယ်မှာ အသည်းဟာ လုပ်ငန်းဆောင်တာတွေ အများကြီး တာဝန်ယူထားရတဲ့ နေရာပါ။ ဆေးတွေကို အဆိပ်ဖြေ ချေဖျက်တယ်၊ သွေးခဲဓာတ်တွေနဲ့ ပရိုတင်းတွေ ထုတ်ပေးပါတယ်။ သွေးတွင်းသကြားဓာတ်တွေ ထိန်းညှိတာ၊ သိုလှောင်တဲ့နေရာတွေမှာလည်း ပါဝင်ပြီး အစာချေဖျက်ရာမှာလည်း ကူညီပေးပါတယ်။ အသည်းပျက်စီးခြင်း (Fulminant Liver failure) ဆိုတာ အသည်းဟာ သူ့ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ဆိုးရွားစွာ မလုပ်နိုင်တော့ခြင်းဖြစ်ပြီး ကုရတာ တအားခက်၊ အသက်အန္တရာယ် ရှိပါတယ်။ လိုအပ်ရင် အသည်းအစားထိုးရတဲ့အထိ ပြင်းထန်နိုင်ပါတယ်။

အသည်းပျက်စီးတဲ့အခါ သွေးအန်တာ၊ ဝမ်းမည်းမည်းသွားတာ၊ အသည်းဆိပ်တွေတက်ပြီး သတိမကောင်းတာ၊ အသည်းဆိပ်တွေ ကျောက်ကပ်ကိုပျံ့ပြီး ကျောက်ကပ်ပျက်တာ၊ ကယောင်ကတမ်းဖြစ်တာ၊ တက်တာ၊ သတိလစ် သွေးဆိပ်သင့်တာတွေ ချက်ချင်း ဖြစ်နိုင်ပါတယ်။ နာတာရှည် အသည်းခြောက်ခြင်း (Cirrhosis) လူနာတွေ ရောဂါဆိုးလာရင် ဖြစ်တဲ့ပုံစံတွေ ပါရာစီတမော အဆိပ်သင့်ခြင်းမှာ ရက်ပိုင်းအတွင်းဖြစ်နိုင်ပြီး အရေးပေါ် မကုသရင် သေနိုင်ပါတယ်။ အရေးပေါ် အသည်းအစားထိုးဖို့ ဆိုတာလည်း ဒီနိုင်ငံမှာ အလွန်ခက်ခဲနိုင်တဲ့အတွက် ဆေးကို မြန်မြန်နဲ့ သေချာကုသခြင်းကသာ အသက်ကို ကယ်နိုင်မှာပါ။

ကံကောင်းတာကတော့ လွယ်လွယ်ကူကူ ဖြေဆေးရှိပြီး ဖြေဆေးကို ၈ နာရီအတွင်း သေချာပေးရင် အသည်းပျက်စီးမှုကို တားဆီးနိုင်တာပါပဲ။ လူနာကို (၄) နာရီတစ်ခါ သွေးတွင်းပါရာစီတမော level တိုင်းတာရပါတယ်။ သောက်တဲ့ပမာဏ များရင် Level အဖြေ မစောင့်တော့ဘဲ တန်းကုရတာမျိုးလည်း ရှိပါတယ်။ အသည်း‌ရောင်ဓာတ်တွေ၊ အသည်းလုပ်ဆောင်မှုတွေ ကိုလည်း အချိန်နဲ့တစ်ပြေးညီ စစ်ဆေးပြီး အသည်းပျက်စီး လက္ခဏာတွေကို စောင့်ကြည့်ရပါတယ်။

ဖြေဆေးဟာ ထိုးဆေးအနေနဲ့ရော သောက်ဆေးအနေနဲ့ပါ ရနိုင်ပါတယ်။ ပမာဏအများကြီးနဲ့ အကြာကြီးပေးပြီး အဆိပ်ပြန်ဖြေရတာပါ။

ပါရာစီတ‌မော ဘယ်လောက်သောက်ရင် အသည်းထိခိုက်မလဲ (သို့မဟုတ်) ဆေးရဲ့ ဘေး‌ထွက်‌ဆိုးကျိုးတွေကို ခံရမလဲ ဆိုတာကတော့ လူတစ်ယောက်ရဲ့ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ရောဂါအခံတွေနဲ့ တူတူသောက်သုံးတဲ့ ပစ္စည်းတွေပေါ် မူတည်လို့ ပြည်သူလူထုကို တစ်ထစ်ချပြောရခက်ပါတယ်။ အရက်စွဲလူနာတွေမှာ ဆေးပမာဏနည်းနည်းနဲ့တင် အသည်းပျက်စီးတယ်ဆိုတဲ့ စာတမ်းတွေလည်း ရှိပါတယ်။ တကယ်လို့ မိမိ (သို့) ဘေးပတ်ဝန်းကျင်မှာ ပါရာစီတမောကို လိုတာထက် ပိုသောက်မိတယ်ထင်ရင်၊ အဆိပ်သင့်တယ်ထင်ရင် နီးစပ်ရာကျန်းမာရေးဌာ ဒါမှမဟုတ် တယ်လီကျန်းမာမှ ဆရာဝန်များထံ ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးဖို့ မှာချင်ပါတယ်။

မိမိပတ်ဝန်းကျင်မှာ ပါရာစီတမော အဆိပ်သင့်လူနာနဲ့ ကြုံတွေ့ခဲ့ရင် ဆေးကို ဘယ်နှပြားသောက်တယ်၊ ဆေးသောက်တဲ့အချိန်၊ ဘာနဲ့ တွဲသောက်လိုက်လဲ အရက်နဲ့လား တခြားဆေးတွေ ပါသေးလား စသည်ဖြင့် သိဖို့ အရေးကြီးပြီး မြန်မြန်ဆေးကုသမှုခံယူဖို့ တိုက်တွန်းပေးပါ။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း အသည်းပျက်စီးမှုဟာ အချိန်ယူရလို့ လူနာဟာ စစချင်းမှာ ဘာလက္ခဏာမှ သိပ်မပြတာကို ‌ဘာမှမဖြစ်ဘူးထင်ပြီး ပေါ့နေတတ်ပါတယ်။ အချိန်မီ အဆိပ်မဖြေနိုင်လို့ အသည်းပျက်စီးရင် လူထိခိုက်တာရော ငွေကုန်ကြေးကျရော အဆများစွာ များနိုင်ပါတယ်။ အသက်အန္တရာယ်ရှိပြီး ပြင်းထန်နိုင်ပါတယ်။ ကုလို့ရတဲ့အချိန်၊ ဆေးမီတဲ့အချိန်မှာ မြန်မြန်ကုသခြင်းက အသက်ကယ်ရာလည်းရောက်သလို နောက်ဆက်တွဲ အသည်းပျက်စီးမှုကို ကာကွယ်ရာလည်းရောက်တာကို သတိပြုပါနော်။

မတော်တဆ ဆေးလွန်သွားခြင်း မဖြစ်ရလေအောင် ဆေးများကို ဆရာဝန် ညွှန်ကြားချက်အတိုင်းသာသောက်ပါ။ နာမည်မတူ ပါရာစီတမော အမျိုးအစား ဆေးတွေကို တူတူမသောက်မိအောင် ဆေးကတ်မှာပါတဲ့ စာသား၊ အညွှန်းကို ဖတ်တတ်ရင် ဖတ်ပါ။ မဖတ်တတ်ရင် ဆေးဆိုင်ကို သေချာမေးပါ။ ဆေးပုလင်းတွေကို ကလေးတွေ လက်လှမ်းမမီရာမှာ ထားပါ။ ကလေးငယ်တွေကို ဆေးတိုက်ရင် မှန်း‌ဆမတိုက်ဘဲ ဆရာဝန်ကို သေချာမေးပါ။ မိမိမှာ အသည်းရောဂါရှိရင် ဆေးများကို မိမိသဘောနဲ့ မသောက်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။

တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်ကိုယ် နာကျင်စေလိုတဲ့ဆန္ဒ၊ အဆုံးစီရင်လိုတဲ့ဆန္ဒနဲ့ သောက်သုံးဖို့ စဉ်းစားနေမိတယ်ဆိုရင်လည်း ခံစားချက်တွေ များနေချိန်မှာ မဆုံးဖြတ်ဘဲ Zero Suicide Campaign နဲ့ တကွ သက်ဆိုင်ရာ အကူအညီများဆီ ဆက်သွယ်ပါနော်။

အားလုံးပဲ ဂရုစိုက်ကြပါ။ အသိပညာဗဟုသုတလည်း တိုးရင်း ဘေးရန်အန္တရာယ်တို့မှလည်း ကင်းဝေးကြပါစေ…..။

အထူးကုသမားတော်တစ်ဦး

Telekyanmar

References – ????

https:// patient. info /doctor/paracetamol-poisoning

https:// www. uptodate. com /contents/acetaminophen-poisoning-the-basics?topicRef=340&source=see_link#H29501006

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here