ဒီတစ်ပတ်ရဲ့ အာဟာရပညာပေး အစီအစဥ်မှာတော့ ခါတိုင်းလို diet အကြောင်းမဟုတ်ဘဲ အစားအစာကို လုံခြုံစိတ်ချရအောင် ဘာတွေ သတိထားရမလဲ၊ ပိုပြီးတာရှည်ခံအောင် ဘယ်လိုလုပ်ကြမလဲ၊ နွေရာသီမှာ ၀မ်းပျက်၀မ်းလျှောမဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ ဆိုတာကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

.

ဒီရက်ပိုင်းမှာ ရာသီဥတုက အရမ်းကိုပူလာတာကြောင့် ခဏလေးနဲ့ အစားအစာတွေ သိုးလွယ်လာတာ သတိထားမိကြမှာပါ။ ရေခဲသေတ္တာထဲ ထည့်ဖို့ကလည်း မီးကမမှန်လေတော့ ရှိစုမဲ့စု ပိုက်ဆံလေးချွေတာ၊ ၀ယ်ထားတာတွေ ချက်ပြီး သိုးသွားလည်း နှမြောစွာစားရတဲ့ အဖြစ်တူတွေ ရှိမယ်ထင်ပါတယ်နော်….

ဒါ့ကြောင့် ဒီလိုအဖြစ်မျိုးတွေ မဖြစ်ရလေအောင်၊ အစားအစာတွေ ပိုတာရှည်ခံအောင် အောက်ပါနည်းလမ်းတွေက ကူညီနိုင်ကြောင်း အကြံပြုပါရစေ…

..

..

(၁) စပြီး၀ယ်ကတည်းက လတ်ဆတ်တာကို ရွေး၀ယ်ပါ

ဥပမာ- နေရောင် တိုက်ရိုက်မထိုးတဲ့ ဆိုင်မျိုး၊ အအေးခန်း ကောင်းစွာလည်ပတ်တဲ့ ဆိုင်မျိုး၊ ရေခဲအများကြီးနဲ့ သေချာထားတဲ့ဆိုင်မျိုးက အသားငါးတွေကို ရွေးချယ်ပါ။

.

(၂) အသားစိမ်း ငါးစိမ်းနဲ့ အသီးအရွက် အသီးအနှံတွေကို ခွဲထားပါ

အိမ်မှာတော့ ရေခဲသေတ္တာထဲ တော်ရုံ ရောမထားကြပါဘူး။ ဒါပေမယ့် အများစု လစ်ဟာနေတဲ့ အချက်လေးကို ပြောပြပါရစေ…

စျေးခြင်းတောင်းတစ်ခုထဲမှာ အသားလည်းထည့် အရွက်လည်းထည့် လုပ်ဖူးကြပါသလား ?

တကယ်တော့ ခြင်းတောင်း ၂ ခု ယူသွားတာ ဖြစ်ဖြစ် (ဒါမှမဟုတ်) ခြင်းတောင်းထဲ အသားငါးထည့်မယ်ဆို အရွက်တို့၊ အသီးတို့၊ တခြားအခြောက်အခြမ်းတွေ ထည့်ဖို့ကို သီးခြားအိတ်တစ်အိတ်ယူသွားပြီး အဲဒီ့အထဲ ခွဲထည့်ပြီးသယ်လာဖို့ အရေးကြီးပါတယ်။

အသားစိမ်း ငါးစိမ်းမှာ ဘက်တီးယားပိုးတွေ ရှိနေနိုင်တာ လူအတော်များများ သိကြပါတယ်။ ဒီဘက်တီးယားတွေကလည်း တစ်နေရာက တစ်နေရာကိုကူးဖို့ လူတွေသယ်ပေးမှ သွားလို့ရတာပါ။

ဥပမာအားဖြင့် အသားနဲ့ သခွားသီးကို ကပ်ပြီးထားမိတယ် ဆိုပါစို့…

အသားကတော့ ချက်လိုက်တော့ ပိုးသေသွားမှာပါ။ သခွားသီးကတော့ ရေသေချာမဆေးမိဘဲ (မီးမလာတော့ ရေလည်းမလာ၊ ရေကုန်နေတယ်လေ နော့) တို့စရာသဘောမျိုး ထမင်းနဲ့ စားလိုက်မိတယ်ဆိုရင် အသားပေါ်က ဘက်တီးရီးယားတွေက သခွားသီးမှာ ကပ်နေတာမို့ သင့်ရဲ့အစာလမ်းကြောင်းထဲ ရောက်သွားပြီး ၀မ်းပျက်၀မ်းလျှော ဖြစ်စေပါတယ်။

တစ်ခါတလေ အပြင်စာလည်း ဘာမှမစား၊ အိမ်မှာပဲ သန့်သန့်ရှင်းရှင်းလည်း ချက်ပြုတ်ပြင်ဆင်ထားရဲ့သားနဲ့ အခုလို အဖြစ်အပျက်လိုမျိုးတွေကြောင့် ၀မ်းပျက်နိုင်ပါတယ်။

.

(၃) စဥ်းတီတုံးတွေ ဓားတွေကို ခွဲထားပါ

အသားကိုလှီးတာ သတ်သတ်၊ အရွက်ကိုလှီးတာ သတ်သတ် ဖြစ်ဖို့လိုပါတယ်…

ဘယ်လောက်ပဲ ဆပ်ပြာနဲ့ဆေးဆေး စဥ်းတီတုံးမှာ ဓားရာတွေ ဖြစ်နေ/ရှိနေတဲ့အတွက် မညီတဲ့မျက်နှာပြင်တွေမှာ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ ခိုအောင်းနေနိုင်ပါတယ်။ စဥ်းတီတုံးနဲ့ ဓား အပို၀ယ်ပြီး ခွဲသုံးတဲ့အခါ တစ်ကြိမ်သာ ငွေကုန်ကြေးကျ ပိုမှာဖြစ်ပေမယ့် တစ်ခုထဲကို သုံးတဲ့အခါ ၀မ်းပျက်၀မ်းလျှော ဖြစ်သွားရင် ဆေး၀ယ်ရတာက ပိုအကုန်အကျများစေပါတယ်။

.

(၄) အခုလိုအရမ်းပူတဲ့အချိန်မှာ အစားအစာတွေဟာ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အကျော်မှာ တစ်နာရီလောက်ထားမိတာနဲ့ သိုးနိုင်ပါသတဲ့နော်။

(ဘက်တီးရီးယားတွေက အခုလို ပူပြင်းတဲ့အပူချိန်မျိုးမှာ အလွန်မျိုးပွားလွယ်လို့ပါ)

ဒါ့ကြောင့် ဖြစ်နိုင်ရင် အစားအစာတွေကို ရေခဲသေတ္တာထဲထည့်သိမ်းပါ။ ပါးစပ်နဲ့ တိုက်ရိုက်ထိထားတဲ့ ဇွန်းနဲ့ ပြန်ခပ်တာမျိုးတွေလည်း မလုပ်ပါနဲ့။ လူ့ခန္ဓာကိုယ်မှာ ဘက်တီးရီးယားအကောင်စုံ အများဆုံးနေရာက ခံတွင်းပါ။

ဟုတ်ပါတယ်… တံတွေးကနေတစ်ဆင့် ခံတွင်းထဲက မမြင်ရတဲ့ ပိုးကောင်လေးတွေဟာ ဟင်းခွက်နဲ့ထိသွားပြီး ဒီဟင်းခွက်တွေကို အပြင်မှာ ဒီတိုင်းထားလို့ကတော့ ပိုးတွေဟာ သိပ်ကိုပျော်ပြီး ကခုန်မြူးထူး၊ လူတွေကတော့ ငတ်ရချည်သေးရဲ့ဖြစ်ကုန်ပါမယ်။

လက်နဲ့ ဟင်းခွက်ထဲ နှိုက်မိတာကိုလည်း ရှောင်ပါ။ ဟင်းခွက်တိုင်းတွက် သီးသန့် ဇွန်းတပ်ပြီး အဲဒီ့ဇွန်းနဲ့သာ တစ်ဆင့်ခပ်ပါ။ ဖျော်ရည်တွေ၊ နို့ဘူးတွေကို ပါးစပ်နဲ့တိုက်ရိုက်ထိပြီး မသောက်ပါနဲ့။ ခွက်ထဲပြောင်းထည့်ပြီးမှ သောက်ပါ။

.

(၅) ရေခဲသေတ္တာထဲ ထည့်တဲ့အခါရော၊ အပြင်မှာထားတဲ့အခါရော အဖုံးတစ်ခုခုနဲ့ ဖုံးအုပ်ထားရင် ပိုကောင်းပါတယ်။ အဖုံးတွေ အိမ်မှာ အလုံအလောက်မရှိတဲ့အခါ အစားအစာပတ်တဲ့ ပလတ်စတစ်အကြည် (အလိပ်လိုက်လာပါတယ်) နဲ့ ပတ်ထားနိုင်ပါတယ်။

ပြင်ပလေနဲ့ထိတွေ့တဲ့အခါ လေထုထဲက သာမာန်မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားပိုးတွေက အစားအစာပေါ်ကျပြီး ပုပ်သိုးမြန်စေပါတယ်။ အဖုံးနဲ့ အုပ်ထားတော့ ယင်လည်းမနားတော့ဘူးပေါ့။

တစ်ခုရှိတာကတော့ အုပ်ထားတဲ့အခါ အေးမှ အလုံပိတ်အုပ်ပါနော်။ ပူနေသေးရင် သူ့ချွေးသူပြန်ကျပြီး သိုးလွယ်ပါသေးတယ်။ နှမြောစရာကောင်းပေမယ့်လည်း သိုးနေပြီလို့ မသင်္ကာရင် မစားပါနဲ့တော့။

.

(၆) ရေခဲသေတ္တာရဲ့ အအေးခဲခန်းထဲက အသားငါးတွေကို ဖျော်ချင်ရင် အောက်အခန်းထဲ နာရီအနည်းငယ်ထည့်တာမျိုး လုပ်ပြီးမှ အပြင်မှာရေစိမ်ပြီး ပျော်အောင်လုပ်ပါ။

.

(၇) ရေခဲသေတ္တာကို အအေးဆုံးချိန်ပါ

ရေခဲသေတ္တာရဲ့ အအေးဓာတ်ဟာ ထည့်ထားတဲ့ပစ္စည်းတွေနဲ့ ပြောင်းပြန်အချိုးကျပါတယ်။

(ဥပမာ – ရှိသမျှအကုန် ရေခဲသေတ္တာထဲ ကောက်ထည့်ထားတာမျိုးဟာ အအေးဓာတ်ကို မျှ၀ေရတဲ့အတွက်ကြောင့် တကယ်လိုအပ်တဲ့ မသိုးစေချင်တဲ့ ဟင်းတို့၊ အသားတို့ဆီကို အအေးဓာတ်ရောက်တာ နည်းစေနိုင်ပါတယ်)

ဒါ့ကြောင့် တကယ် အအေးဓာတ်လိုမှာက ဘာတွေလဲဆိုတဲ့အပေါ်မူတည်ပြီး စိစစ်ပြီးမှထည့်ပါ ။

ဥပမာ – ပုရွက်ဆိတ်မတက်စေချင်လို့ နို့ဆီဘူးတို့ ပုဇွန်ခြောက်တို့ ရေခဲသေတ္တာထဲ ထည့်ထားတယ်ဆိုရင် မထည့်တော့ဘဲ အိမ်ထဲမှာ နေရောင်မကျတဲ့၊ အအေးဆုံးဖြစ်လောက်မယ့်နေရာမှာ ရေခွက်စိမ်ပြီး ပြောင်းထည့်ရင် ပုရွက်ဆိတ်မတက်တော့ပါဘူး။ ရေခဲသေတ္တာထဲလည်း လိုသလောက် အအေးဓာတ်ကို ပိုမိုရရှိစေနိုင်ပါတယ်။

.

၈။ မီးပျက်တာ များနေတာတို့၊ အအေးဓာတ်မလုံလောက်တာတို့အတွက် ရေခဲ၀ယ်လို့ရရင် ရေခဲနဲ့ အေးနေစေဖို့လုပ်ပါ။ ဖော့ရေခဲပုံးအပိုလေးတွေ အိမ်မှာ ဆောင်ထားပြီး လိုသလိုသုံးနိုင်ပါတယ်။

(ရေခဲစက်ရုံတွေလည်း ပိတ်ကုန်တော့ သိပ်အကြံမပေးရဲပေါင်…. ကြင်စိုး အမြန်လျှောခါမှပဲ အမှန်တကယ် အေးချမ်းတော့မယ်နော်…)

.

၉။ အစားအစာတွေကို အိမ်တွင်းနည်းတွေနဲ့ ပိုတာရှည်ခံအောင်လုပ်ပါ

နေအရမ်းပူနေရင် နေပူတာကို အသုံးချပြီး အခြောက်လှမ်းတာတွေ လုပ်နိုင်ပါတယ်။ အခုလိုရာသီဆို သရက်သီးစိမ်းတွေ ရေအထပ်ထပ်ဆေး၊ ခွဲခြမ်းပြီး နေပူပူထဲ လှမ်းထားနိုင်ပါတယ်။ ပြီးမှ သရက်သီးသနပ် မဆလာရောပြီး ဆီစိမ်ထားတာမျိုးက အပြင်မှာကြာကြာအထားခံစေနိုင်ပါတယ်။

ပိုလျှံနေတဲ့ အသီးအနှံတွေကို ဆားရည်စိမ်တာတို့​၊ ရှာလကာရည်စိမ်တာတို့လုပ်ရင် အပြင် အခန်းအပူချိန်မှာ ခါတိုင်းထက် အချိန်နည်းနည်း ပိုကြာကြာထားလို့ရနိုင်စေပါတယ်။ အသားတွေကိုလည်း နေအခြောက်လှမ်းပြီး ရေကုန်မှ ရေခဲသေတ္တာထဲထည့်ရင် (အအေးခဲခန်း မခဲလည်း) အလွယ်တကူ မပျက်စီးစေတဲ့အပြင် ချက်ရတာလည်း ပိုလွယ်စေပါတယ်။

.

၁၀။ လက်ဆေးဖို့ မမေ့ပါနဲ့နော်….

ကိုဗစ်ကာလတုန်းကလိုပဲ လက်ကို ခဏခဏဆေးပါ။ အစာစားခါနီးတိုင်း ချက်ပြုတ်ပြင်ဆင်ခါနီးတိုင်း သေချာဆေးပေးပါ။

.

” အစားအစာတိုင်း ဘေးကင်းလုံခြုံစိတ်ချရပြီး ကျန်းမာရေးနဲ့ ညီညွတ်ကြပါစေ “

အာဟာရအထူးကုဆရာဝန်တစ်ဦး

Telekyanmar

Reference : ????

https: // www. goodhousekeeping. com /uk/house-and-home/household-advice/a672191/10-ways-to-keep-food-safe-in-hot-weather/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here