” ဆီးကျောက်တည်ရင် ဘယ်လိုအစားအသောက်တွေ ရှောင်ရမလဲ၊ ဘာတွေ စားရမလဲ….? “

ခါးနာတယ်… ဆီးကျောက်တည်တယ်ဆိုတာ လူတော်တော်များများနဲ့ ရင်းနှီးပြီးသား ဖြစ်မယ်လို့တော့ ထင်ပါတယ်။

ဆီးကျောက်တည်တာဟာ…

– မျိုးရိုးလိုက်တာ (ဥပမာ – ခန္ဓာကိုယ်ထဲ ကယ်လ်စီယမ်ဓာတ်တွေ အလိုလိုများနေတာ)

– ဆီးပိုးခဏခဏဝင်တာ

– စားသောက်မှု ပုံစံမမှန်တာ

( ဥပမာ – ရေသောက်နည်းတာ၊ ကျောက်ဖြစ်စေတဲ့ သတ္တုဓာတ်တွေ (ဆိုဒီယမ်ဆား) အစားများတာ )….စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

အခုဆောင်းပါးမှာတော့ ဆီးကျောက်တည်ခြင်း၀ေဒနာ ရှိသူတွေအနေနဲ့ ဘယ်လို အစားအသောက်မျိုးတွေ ရှောင်သင့်တယ် ၊ ဘယ်လို နေထိုင်ပြုမူသင့်တယ်ဆိုတာလေးတွေ ပြောပြပေးသွားမှာမို့ ဆက်လက်ဖတ်ရှု ပေးကြပါဦး

ဆီးကျောက်တည်တဲ့သူတွေမှာ အထက်ပါ ပြောခဲ့သလို ခဏခဏ ဆီးပိုး၀င်တာကြောင့် ဖြစ်ကြတာမို့ ဆီးပိုး မ၀င်စေဖို့ ဆီးအောင့်ထားတဲ့ အပြုအမူတွေ ရှောင်ခြင်း၊ ရေသောက်နည်းသော အပြုအမူတွေ ရှောင်ခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက်ခြင်း၊ အိမ်သာသွားပြီး ဆေးကြောသန့်စင်တဲ့အခါ အရှေ့မှ အနောက်သို့သာ ဆေးကြောခြင်း၊ လိင်မှု ဆက်ဆံရာမှာ အကာအကွယ် ကွန်ဒုံးကို အသုံးပြုခြင်း စတဲ့ အပြုအမူလေးတွေကိုလည်း လိုက်နာပေးဖို့ လိုပါတယ်။

ဆီးကျောက်တည်တဲ့အခါ ထိုးခနဲ ဆစ်ခနဲ ဖျဥ်းဖျဥ်း ဖျဥ်းဖျဥ်းကနေ လူးလိမ့်နေအောင် နာတာအထိလည်း ဆိုးနိုင်ပါတယ်…ခါးနောက်ကနေ တဖြေးဖြေး အောက်ကို အဆူးတစ်ခု ဆင်းလာသလို ဆီးလမ်းကြောင်းတလျှောက် ခံစားရတတ်ပါတယ်။

ဆီးကျောက်တည်တာအတွက် သောက်သင့်တဲ့ ဆေး၀ါးတွေ၊ ခံယူနိုင်တဲ့ ကုသမှု အမျိုးအစားတွေ၊ စစ်ဆေးသင့်တဲ့ ဆီးသွေး အချက်အလက်တွေအတွက်တော့ တယ်လီကျန်းမာရဲ့ အထွေထွေ ဘိုကင်ဆေးခန်းတွေမှာဖြစ်ဖြစ် ၊ နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာဖြစ်ဖြစ် အသေးစိတ်တိုင်ပင်နိုင်ပါတယ်။

.

ဆီးကျောက်အမျိုးအစားတွေကို ဓာတ်ခွဲကြည့်ရင် ကယ်လ်စီယမ် (calcium)၊ အောက်ဆဲလိတ် (oxalate ) ၊ ဖော့စဖိတ် (phosphate)၊ မက်ကနီစီယမ် (magnesium)၊ ယူရိတ် (urate )၊ စစ်စတီယင်း ( cysteine ) စတဲ့ ဓာတ်တွေထဲက တစ်မျိုး (ဒါမှမဟုတ်) တစ်မျိုးထက်ပိုတဲ့ ဓာတ်တွေနဲ့ ပုံဆောင်ခဲသဏ္ဍန် ကျောက်တွေအဖြစ် မြင်ရပါတယ်…

..

..

အစားအစာအနေနဲ့ ရှောင်ရမှာလေးတွေ ဦးစားပေးပြောလိုပါတယ်။

ရှောင်ရမှာကလွဲပြီး ကျန်တာက စားလို့ရပါတယ်။

????ရှောင်ရမှာတွေကတော့…

အောက်ဆဲလိတ် (oxalate ) များတဲ့ အစားအစာတွေဖြစ်တဲ့ cranberry၊ ခရမ်းချဥ်သီး ၊ ဂရိတ်ဖရုသီးတွေနဲ့အတူ ထိုအသီးဖျော်ရည်တွေကို ရှောင်သင့်ပါတယ်။

မြေကြီးထဲမှာတူးရတဲ့ ဟင်းသီးတွေဖြစ်တဲ့ မုန်လာဥအဖြူ၊ အနီ၊ ခရမ်း၊ ကန်စွန်းဥ၊ ပလောပီနံတို့ကို အလွန်အကျွံစားခြင်း ရှောင်သင့်ပါတယ်။ သင့်တင့်သလောက်သာ စားသင့်ပါတယ်။

ဟင်းရွက်တွေထဲမှာ ဟင်းနုနွယ်၊ ဟင်းနုနွယ်ဆူးပေါက်၊ နံနံပင်…..ပဲနဲ့ အဆန်အစေ့တွေထဲမှာဆိုရင် ဗာဒံစေ့ almond ၊ ပဲပိစပ် စတာတွေမှာလည်း အောက်ဆဲလိတ် ပါ၀င်မှုများလို့ အလွန်အကျွံစားခြင်းကို ရှောင်သင့်ပါတယ်။

ဖော့စဖိတ် (phosphate) များတဲ့ အစားအစာတွေဖြစ်တဲ့ ကိုကာကိုလာ၊ ဆိုဒါအအေးများနဲ့ ဆိုဒါအများကြီးပါတဲ့ အစားအစာတွေ၊ ၀က်အူချောင်း၊ စည်သွတ်ဘူး စတာတွေကိုလည်း ရှောင်သင့်ပါတယ်။

ယူရိတ် (urate) များတဲ့ အစားအစာတွေဖြစ်တဲ့ ကလီစာတွေ၊ အဆန်အစေ့တွေ၊ ဥအနှစ်တွေ ( ငါးဥ ဆို ဥအရေအတွက် ထောင်ချီစားမိသလိုဖြစ်လို့ ယူရိတ်များပါတယ်။ ကြက်ဥအနှစ်မှာတော့ အရမ်းမများလို့ တစ်နေ့ တစ်လုံးထက်မကျော်ရင် စားလို့ရပါတယ် )၊ မှို ၊ ကညွတ်၊ သကာရည်၊ Jam တွေ၊ ဘီယာနဲ့ ယာမကာတွေ၊ အားဖြည့်အချိုရည်တွေ စတာတွေကို ရှောင်သင့့်ပါတယ်။

ဗီတာမင်စီကို တစ်နေ့ ၁၀၀၀ မီလီဂရမ် ထက်ပိုပြီး စားသောက်မိရင် ဆီးကျောက်တည်နိုင်ခြေ များပါတယ်။ (ပုံမှန် ဗီတာမင်စီအားဆေး တစ်လုံးမှာ ဗီတာမင်စီ ၁၀၀ မီလီဂရမ်မှ ၅၀၀ မီလီဂရမ်ထိ ပါဝင်ပါတယ်။ ဆရာ၀န်က အထွေအထူး ညွှန်ကြားထားတာမရှိရင် တစ်နေ့ကို ၅၀၀ မီလီဂရမ်ထက် ပိုပြီးမသောက်ဖို့ အကြံပေးလိုပါတယ်)

ဆိုဒီယမ် (sodium) အများကြီးစားသုံးတာကို ရှောင်ရပါမယ်။ တစ်နေ့ကို ၂၃၀၀ မီလီဂရမ် (အိမ်သုံးဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် ) ထက် ပိုမစားသင့်ပါဘူး။

ဆိုဒီယမ် (sodium) ပါ၀င်မှုများတဲ့ ငါးခြောက်၊ ငါးပိ၊ အသားခြောက်တို့လို အခြောက်အခြမ်းတွေ၊ ငါးသေတ္တာလိုမျိုး စည်သွတ်ဘူးတွေ၊ ၀က်အူချောင်း တို့လို တာရှည်ခံဖို့ လုပ်ထားတဲ့ အစားအစာတွေ၊ မုန့်ထုပ်တွေ၊ အေးခဲထားတဲ့ စားသောက်ကုန်တွေ၊ ငံပြာရည် အချဥ်ရည် တို့လိုအစားအစားတွေကို လျှော့စားသင့်ပါတယ်။ ရှောင်နိုင်ရင်တော့ ပိုကောင်းပါတယ်။

..

..

????စားသင့်တဲ့ အစားအစာတွေကတော့….

လတ်လတ်ဆတ်ဆတ် အသား၊ ငါး၊ အသီးရွက်တွေကို စားပေးသင့်ပါတယ်။

ပိုတက်စီယမ် (potassium) ဓာတ်များတဲ့ အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ရာသီပေါ် သစ်သီး၀လံတွေကို ပိုစားပေးဖို့လိုပါတယ်။

သံပုရာရည် များများသောက်ပေးဖို့ ပြောတာ ကြားဖူးကြမှာပါ။ အချဥ်ပါတဲ့ အရည်တွေက ဆီးရွှင်စေပြီး ကျောက်တွေအနည်မထိုင်ဘဲ မြန်မြန်ဆင်းစေပါတယ်။ ( grapefruit နဲ့ cranberry တို့တော့ မပါဘူးနော် )

တစ်ခုရှိတာက ဒီလို ဆီးရွှင်ဖို့ဆိုရင် တစ်နေ့ကို သံပုရာသီး ၄ လုံးခန့် ဖျော်သောက်ရပါမယ်။ သံပုရာရည် အစား လိမ္မော်ရည်၊ ဆန်းကစ်သီးဖျော်ရည်၊ ပင်မှည့် သီး၊ သခွားမွေး စတဲ့အသီးတွေကိုလည်း အရည်ညှစ်ပြီး သောက်နိုင်ပါတယ်။ potassium citrate လို အရည်မျိုးကိုလည်း ဆရာ၀န်တွေ ညွှန်လေ့ရှိကြပါတယ်။

ရေကို များများသောက်ပေးရပါမယ်။ ဒါမှ ဆီးများများသွားမှာပါ။ တစ်နေ့ကို ဆီး ၂ လီတာခွဲ ထွက်ရင် ဆီးများများသွားတာဖြစ်လို့ ကျောက်တည်နိုင်ခြေ နည်းပါတယ်။

ကယ်လ်စီယမ် (calcium) ဟာ လူကြီးဆိုရင် တစ်နေ့တာ ၁၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။ ကျောက်ဖြစ်လို့ ကယ်လ်စီယမ် လျှော့စားရမယ်လို့ အများစု အသိမှားကြပါတယ်။ တကယ်တော့ calcium က အခြားသတ္တုတွေကို သွားသွားတွဲတာမို့ စွန့်ပစ်ရပိုလွယ်ပြီး ဆီးကျောက်ဖြစ်နိုင်ခြေကို လျှော့ချပေးတဲ့အတွက် ပုံမှန်အတိုင်း စားပေးသင့်တာပါ…..အလွန်အကြူးတော့ မဖြစ်ရဘူးပေါ့။

ကယ်လ်စီယမ်ကြွယ်၀တဲ့ အစားအစာတွေဖြစ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဒိန်ချဥ်၊ နွားနို့၊ ချိစ်၊ နို့ခဲ စတာတွေနဲ့ တီလားပီးယား၊ ငါးကြီးနဲ့ ငါးတော်တော်များများကို စားပေးလို့ရပါတယ်။ ဒါပေမယ့့် ကိုယ်က နို့နဲ့ ငါးကို သိပ်စားလေ့မရှိဘူးဆိုရင် မနက်ခင်းနေရောင်ခြည်ပြတာတို့၊ ကယ်လ်စီယမ် ဖြည့်စွက်စာအားဆေး စားတာတို့ လုပ်နိုင်ပါတယ်။

ဘီစစ် ( Vitamin B6 – pyridoxine) ပါတဲ့အားဆေးများကလည်း သင့်တော်ပါတယ်။

ငါးကြီးဆီပါတဲ့ အားဆေးတွေလဲ ဆီးကျောက်သမားတွေအတွက် သင့်တော်ပါတယ်။

..

..

ဒီလောက်ဆိုရင် ဆီးကျောက်တည်ခြင်း၀ေဒနာ ရှိသူတွေအနေနဲ့ ဘယ်လို အစားအသောက်မျိုးတွေ ရှောင်သင့်တယ်၊ ဘယ်လို နေထိုင်ပြုမူသင့်တယ်ဆိုတာလေးတွေကို သေသေချာချာ သိရှိပြီး ဖြစ်တာမို့ လိုက်နာဆောင်ရွက်ကြပါစို့နော်….

အာဟာရအထူးကုဆရာ၀န်တစ်ဦး

Telekyanmar

Reference : ????

Han H, Segal AM, Seifter JL, Dwyer JT. Nutritional Management of Kidney Stones (Nephrolithiasis). Clin Nutr Res. 2015 Jul;4(3):137-52. doi: 10.7762/cnr.2015.4.3.137. Epub 2015 Jul 31. PMID: 26251832; PMCID: PMC4525130.

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here