ဒေါက်တာနို၏ မုန့်ဟင်းခါး အိုးဘဲဥတစ်ပွဲ

0
250

မုန့်ဟင်းခါး အိုးဘဲဥတစ်ပွဲ

==================

မုန့်ဟင်းခါး အရသာဟာ မြို့တစ်ခုနဲ့တစ်ခုမှာ ကွာခြားကြတယ်။ ကျွန်တော့ဇာတိမှာ အရသာ တစ်မျိုး၊ ကျောင်းတက်တော့ သွားရတဲ့မြို့မှာ အရသာက တစ်မျိုး၊ ခရီးတွေဘာတွေ ထွက်ဖြစ်တုန်း စားဖြစ်ရင် အရသာက တစ်မျိုးစီပေါ့။ နေရာဒေသကို လိုက်ပြီး အစားအစာတွေရဲ့ အရသာတွေ မတူကြပါဘူး။ တစ်ခါတလေ အခေါ်အဝေါ်တွေတောင် မတူညီကြတာ ကြုံဖူးပါရဲ့…

အဲ့ဒီလိုမျိုးပဲ။ ကျွန်တော်တို့ ဆေးကုတဲ့ဆီမှာလည်း နေရာဒေသပေါ်လိုက်ပြီး ရောဂါတစ်ခုရဲ့ ဖြစ်ပွားနှုန်းတွေ၊ ကူးစက်နှုန်းတွေ၊ ထိခိုက်စေမှုတွေ မတူကြပါဘူး။ ဥပမာပေးရရင် တောင်ပေါ်ဒေသတွေမှာ အိုင်အိုဒင်းချို့တဲ့တဲ့ ပြဿနာတွေများပြီး တောတောင် ပေါများတဲ့နေရာမှာ ငှက်ဖျားတွေ အဖြစ်များသလိုပေါ့…

တစ်ခါတလေမှာ ရောဂါတစ်ခုတည်း ဖြစ်ပေမယ့် သူ့ကြောင့်ဖြစ်ရတဲ့ အထိအခိုက်တွေ၊ သူ့ရဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ နေရာဒေသပေါ် မူတည်ပြီး ကွာခြားပြန်ရော။ အခုပြောမယ့် ဇာတ်လမ်းလေးက မုန့်ဟင်းခါးရဲ့အရသာ ကွာခြားသလို အဖြစ်အပျက်တွေ ကွာခြားခဲ့တဲ့ လွတ်မြောက်နယ်မြေတစ်နေရာမှာ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးပါပဲ…

ဇာတ်လမ်းလေးရဲ့အစက တော်လှန်ရေးအစ မိုးဦးကာလမှာ ဖြစ်ခဲ့တာပေါ့။ မုတ်သုန်လေနဲ့ မိုးစက်တွေက လွမ်းတတ်သူတွေကို လွမ်းစေသလိုပဲ ဖျားတတ်သူတွေကို ဖျားစေပါတယ်။ မြန်မာလိုပြောရရင် “ အအေးမိတယ်” ဆိုတာပေါ့။ ဘိုလိုဆို “ catch a cold” ပေါ့လေ။ စကားလုံးတွေက အအေးမိတယ်ဆိုပေမယ့် တကယ်ဖြစ်စေတာက ဗိုင်းရပ်စ်ပိုးလို့ခေါ်တဲ့ ပိုးတွေက ရာသီအကူးအပြောင်းမှာ အဆမတန်ပွားများ၊ လူတွေဆီ ကူးစက်ပြီး ဖျားနာစေတာ…

အခုကလည်း ဖျားတာပါပဲ။ ပြည်သူတွေ၊ စစ်ရှောင်တွေအပြင် ကိုယ့်လုပ်ဖော်ကိုင်ဖက် ဆရာ၊ ‌ဆရာမတွေပါ ဖျားကြတာ။ အဲ့ထဲက သူနာပြုဆရာမလေး တစ်ယောက်က အဖျားမပြတ်နိုင်သေးဘဲ နုံးချိနေတာ။ စဖျားတဲ့ ရက်ကနေရေရင် အခုက သုံးရက်မြောက်နေ့ပေါ့…

ဖျားတာ၊ နုံးတာက ပြဿနာမဟုတ်ပေမယ့် ဆရာမက မိုးလင်းကတည်းက ပျို့တယ်၊ အန်တယ်၊ မူးနောက်နေတယ်ဆိုပြီး ခွေနေတာ။ သွေးခုန်နှုန်း ကြည့်တော့ လူက သိပ်မဖျားပေမယ့် မြန်နေတယ်၊ သွေးပေါင်က အကျဖက်မှာ။ ဒါက သတိပေးလက္ခဏာတွေပဲ။ ကျွန်တော်တို့ ကုနေတဲ့သူတွေရဲ့ ခေါင်းထဲမှာ သတိပေးသံတွေ မြည်သွားတယ် (သွေးလန့်တာလား၊ သွေးလွန်တုပ်ကွေးလား ဆိုပြီးတော့ပေါ့)

မေးကြည့်တော့ အိပ်ရာထကတည်းက ဆီးမသွားဘူးဖြစ်တယ်တဲ့။ ဒါနဲ့ပဲ သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာကို သွေးပေါင်ချိန်တိုင်း ကိရိယာနဲ့ စစ်တယ်။ အဖြေက “ သံသယမရှိ” ထွက်ပြီး အသည်းလည်း စမ်းလို့မမိတော့ ဓာတ်ဆားတိုက်တယ်။ တစ်ခုခုဆို လုပ်ပေးလို့ရအောင် သွေးကြောထဲ အပ်ထိုးထားပြီး ဆားရည် (Normal saline) လေး ထည့်ပေးထားတယ်…

ဆရာမလေးက တစ်နေကုန် အစာမဝင်ဘူး။ အန်ချင်နေတယ်။ ပြီးတော့ ညနေရောက်တဲ့အထိ ဆီးလည်း မထွက်သေးဘူး။ မျက်နှာကလည်း နီလို့။ မျက်ခွံက မို့လာပြီး (ဒါကရေတွေ ထပ်ပေးလို့ မရတော့မှန်း ပြနေတာ) သွေးပေါင်ကလည်း မနက်ကလိုပဲ ကျနေသေးတော့ ကျွန်တော်တို့ တိုင်ပင်ရပြန်ရော။ ဘာဆက်လုပ်ကြမလဲပေါ့…

တော်လှန်ရေးအစဆိုတော့ ဆေးခန်း (အခုတော့ ဆေးရုံဖြစ်နေပါပြီ) က အပြည့်အဝ မလုပ်ပေးနိုင်သေးဘူး။ သွေးစစ်ဖို့ နေနေသာသာ ဆေးတောင် မှာထားတုန်း။ ကျန်ခဲ့တဲ့ ဆေးတွေနဲ့ အဆင်ပြေသလို လုပ်နေရတာ။ ဆေးက သစ်သားစင်တစ်ခုစာပဲ ရှိသေးတာ။ ပြီးတော့ မရှိမဲ့ ရှိမဲ့ ကျန်းမာရေးဝန်ထမ်း အင်အားလေး ဆိုတော့ အကောင်းဆုံးပေးရမှာ ကိုယ်တွေရဲ့ တာဝန်ပဲ မဟုတ်လား…

အအေးမိ ဒါမှမဟုတ် ရာသီတုပ်ကွေးရဲ့ ရှားရှားပါးပါး နောက်ဆက်တွဲဖြစ်တဲ့ သွေးလန့်တာပဲလို့ ခေါင်းစဉ်တပ်ပြီး ဆေးပညာစာအုပ်ကြီးထဲက သွေးပေါင်ပြန်တက်စေမယ့် ဆေးကိုပေးကြမယ်လို့ ဆုံးဖြတ်ကြတယ်။ အဲ့ဆေးက ရှားတယ်။ ဒါပေမယ့် ဒီလို အနေအထားမှာ အဲ့ဆေးက role အပြည့်အဝရှိတယ်လို့ ဖတ်ဖူးတဲ့ စာတမ်းတွေက ပြောနေကြတယ်…

အဲ့ဒီမှာ ကြုံရတဲ့ပြဿနာက ရှိနေတဲ့ ဆေးတွေထဲမှာ အဲ့ဆေး မရှိဘူး။ ကျွန်တော်တို့ မှာထားတုန်း။ မရောက်သေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆေးကုနေတဲ့ နေရာရဲ့ နှစ်မိုင်လောက်အကွာမှာ တိုင်းရင်းသား ကျန်းမာရေး ဆေးခန်းတစ်ခု ရှိတယ်။ အဲ့ဒီမှာ ကျွန်တော်လိုချင်တဲ့ ဆေးရှိတယ်လို့ မှတ်တမ်းထဲ တွေ့ဖူးတယ်…

မှတ်တမ်းထဲ တွေ့တယ်ဆိုတာက ဒီလို…

ဒီကိုရောက်တော့ ဆေးကုချင်တယ်ဆိုလို့ သက်ဆိုင်တဲ့ လူကြီးတွေနဲ့ စကားပြောထားတုန်းက ဒီမှာလုပ်နေတဲ့ စနစ်တွေ၊ အဖြစ်များတဲ့ ရောဂါတွေ၊ ‌ပေးထားနိုင်တဲ့ ဆေးဝါးစာရင်းတွေ စတာတွေကို လေ့လာထားရတာ။ ဒါမှပဲ အံဝင်ခွင်ကျ ရှိမှာကိုး။ အပြန်အလှန် လေးစားမှုနဲ့ ရှေ့ဆက်ဖို့ ယုံကြည်မှု တည်ဆောက်တဲ့ ကာလပေါ့လေ…

ဆိုတော့ကာ အဲ့ဆေးကို သွားယူမယ်လို့ ဆုံးဖြတ်ကြတယ်။ မိုးလည်းချုပ်နေပြီ ဖြစ်သလို အပြင်မှာ မိုးလည်း ခပ်ဖွဲဖွဲ ရွာနေတယ်။ ပြီးတော့ လမ်းက ဆိုင်ကယ်စီး ကျွမ်းမှ ရတာ။ ဘုရားစူးလမ်း။ အချိန်မတော် ထွက်ရမှာမို့လို့ စစ်ဆေးတာရှိရင် ဖြေနိုင်အောင်ရယ်၊ communicate လုပ်နိုင်အောင်ရယ် တိုင်းရင်းသား ဘာသာစကားလည်း ကျွမ်းကျင်ပြီး ဆိုင်ကယ်မောင်း ကျွမ်းကျင်တဲ့ သူနာပြု အစ်ကိုတစ်ယောက်ရယ်၊ ကျွန်တော်ရယ် သွားကြတာ…

လမ်းမှာ ဆိုင်ကယ်က ခဏခဏ စလစ်ဖြစ်တယ်။ မှောက်လုမှောက်ခင်ပေါ့။ ကျွန်တော်သာဆို ခြုံထဲရောက်နေလောက်ပြီ။ သူနာပြုအစ်ကိုက တော်လို့သာ မမှောက်တာ။ ရိုလာကိုစတာ စီးရသလို ရင်တထိတ်ထိတ်နဲ့…

ခြေထောက်မှာက ဗွက်တွေ၊ လူကလည်း မိုးတွေစိုပြီး ဆေးခန်းကို ရောက်သွားတယ်။ အဲ့ဆေးက ဒီမှာ သိပ်သုံးလေ့မရှိတာမို့ ကိုယ်တိုင် ဗီရိုထဲ ရှာရတယ်။ ဘယ်ဘုရား မသလဲတော့ မသိဘူး၊ သုံးလုံးကျန်တယ်။ ကျွန်တော်က ပြန်ဆပ်ပါ့မယ်ဆိုပြီး နှစ်လုံး ချေးခဲ့တယ်။ သူနာပြုအစ်ကိုက ဘာသာပြန်ပေးရတာပေါ့…

ဒီလိုနဲ့ပဲ ကြွက်စုတ်ဖြစ်၊ ဗွက်အလူးလူးနဲ့ ကျွန်တော်တို့ရဲ့ ဆေးခန်းကို ပြန်ရောက်ပါတယ်။ ဆေးကိုတော့ အတူကုပေး‌နေတဲ့ ဆရာဝန်တွေက သတ်မှတ်ထားတဲ့ အတိုင်း ဖျော်ပြီး ပေးကြပါတယ်။ အရင်ကလိုမျိုး လျှပ်စစ်သုံး ဆေးသွင်းပြွန်တွေ၊ sensor တပ် ဆေးပိုက်တွေ မပါဘဲ လက်ပတ်နာရီနဲ့ပဲ ချိန်ကြရတာပေါ့…

ညဆယ့်တစ်နာရီလောက်မှာ လူနာက ဆီးသွားပါတယ်။ သွေးပေါင်လေးက မဆိုစလောက် တက်လာပြီး တက်နေတဲ့ သွေးခုန်နှုန်းက ကျလာပါတယ်။ ဒါဟာ သွေးလန့်ရာကနေ ပြန်ကောင်းလာကြောင်း ပြသတဲ့ အရာတွေပေါ့။ စစ်ဆေးစရာ စာရွက်တွေနဲ့ သက်သေပြစရာ မရှိပေမယ့် အတွေ့အကြုံအရ ပြောနိုင်တဲ့ အရာပါပဲလေ…

ဆာဂျင်တွေ လူနာလေလည်ရင် ဝမ်းသာသလိုပဲ ကျွန်တော်တို့ကတော့ လူနာ ရှူးပေါက်ရင် ဝမ်းသာပါရတယ်။ ကျောက်ကပ်ဆိုတာ မလိုလားအပ်တဲ့ အညစ်အကြေးတွေကို မညည်းမညူ စွန့်ထုတ်တဲ့ နေရာ၊ လိုအပ်ရင် အရင်ဆုံး စတေးခံ၊ အပျက်စီးခံပေးတဲ့ အရာပဲ မဟုတ်လား…(ကျွန်တော်တို့ တော်လှန်ရေးမှာရော စတေးခံခဲ့တဲ့ ကျောက်ကပ်လို အညတရတွေ ဘယ်လောက်တောင် များနေပြီလဲမသိ)

အဲ့တော့မှပဲ ကျွန်တော် အိပ်နိုင်ပါတော့တယ်။ နောက်နေ့မနက်မှာ ဆရာမက ဆေးခန်းအပြင်ဘက်မှာ ထိုင်နိုင်နေပြီ။ သူ့လူနာစောင့် (ဆရာဝန်မလေး) က ဆန်ပြုတ်ခွံ့ကျွေးနေတယ်။ ကျွန်တော်ကတော့ ပီတိနဲ့ နှစ်နှစ်ကာကာ ပြုံးပြဖြစ်ပါတယ်။ နွေးထွေးတဲ့ မြင်ကွင်းလေးကို မှတ်မိနေမှာပါ။ ကျွန်တော်တို့တွေက တ‌စ်ယောက်ကိုတစ်ယောက် ဖေးမကြတဲ့ မိသားစုဝင်တွေပဲ မဟုတ်လား…

မုန့်ဟင်းခါးတွေ အရသာကွာခြားသလိုပဲ သာမန်လို့ ပြောလို့ရတဲ့ အအေးမိ ရာသီတုပ်ကွေးလေးက ခက်ခက်ခဲခဲ ကုသရတဲ့အထိ အရသာ ရှိခဲ့ပါတယ်။ ဒီအရသာမျိုးတော့ ထပ် မခံစားချင်ပါဘူးလေ…

ဟာသအနေနဲ့ ပြောရရင် ကျွန်တော်တို့ကို အကြီးတွေက ဆူတော့မယ်ဆိုရင် “ မုန့်ဟင်းခါးစား ကြွပါဦး။ ချဉ်ချဉ်စပ်စပ်လေး” ဆိုပြီး ပြောကြတာတောင် မှတ်မိပါရဲ့…

အခုလည်း တကယ့်ကို ချဉ်ချဉ်စပ်စပ်လေးပါပဲ။ ရင်တုန်ပန်းတုန် ကုရတာပေါ့။ ဘာပဲပြောပြော ဒါဟာ ရှိတဲ့ ဆရာဝန်၊ ဆရာမတွေ၊ တိုင်းရင်းသား ကျန်းမာရေးဌာနက ဝန်ထမ်းတွေ၊ အခြား ပံ့ပိုးသူတွေ အားလုံး ညီညွတ်ကြလို့ အောင်မြင်ရတာပါ။ ကျွန်တော်တို့ ဆေးကုတယ်ဆိုတာ team work ပါပဲ။ တစ်ဦးတစ်ယောက်တည်း တတ်နေ၊ တော်နေရုံနဲ့ မအောင်မြင်တဲ့ အရာပဲ မဟုတ်လား…

အသိ ရောဂါဗေဒအထူးကု ဆရာဝန်တစ်ယောက်က ဗိုင်းရပ်စ်ပိုးတွေ စစ်လို့ရတဲ့ test kit တွေ မှာပြီး စစ်ဆေး၊ ပြီးတော့ စာတမ်းပြုစုပါလားလို့ အကြံပေးတယ်။ ပုံမှန်လို မတုံ့ပြန်တဲ့ ရောဂါတစ်ခုကို ဘာကြောင့်ဖြစ်တယ်လို့ နာမည်တပ်ဖို့ ကြိုးစားတာပေါ့လေ…

ခုလိုအချိန်မှာ စိတ်ထဲရှိတဲ့ academic တွေ၊ သုတေသနတွေက လုပ်မှ မလုပ်နိုင်တာ။ ဒါပေမယ့် လွတ်မြောက်နယ်မြေ တစ်နေရာမှာ စားခဲ့ရတဲ့ “ မုန့်ဟင်းခါး အိုးဘဲဥ” လေးကိုတော့ မှတ်မိနေဦးမှာပါ…..။

ဒေါက်တာနို

လွတ်မြောက်နယ်မြေ တစ်နေရာ

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here